သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တကျော့ပြန် ဆင့်ပွားစျေးကွက်ရှာစီးပွားရေး MLM


ပိရမစ်ပုံစံ စီးပွားရေးလို့ခေါ်တဲ့ Multi-level Marketing (MLM) ဆင့်ပွားဈေးကွက်စီးပွားရေး
ပိရမစ်ပုံစံ စီးပွားရေးလို့ခေါ်တဲ့ Multi-level Marketing (MLM) ဆင့်ပွားဈေးကွက်စီးပွားရေး

မရေရာတဲ့ လူမှုစီးပွားရေး အခြေအနေတွေကြောင့် ပိရမစ်ပုံစံ စီးပွားရေးလို့ခေါ်တဲ့ Multi-level Marketing (MLM) ဆင့်ပွားဈေးကွက်စီးပွားရေးဟာ မြန်မာပြည်တွင်းမှာ တကြော့ပြန် ကြီးထွားလာတယ်လို့ ဒီလုပ်ငန်းနဲ့ နီးစပ်သူတွေက ပြောပါတယ်။ အခုဆိုရင် ပြည်ပရောက် မြန်မာအလုပ်သမားတွေအထိ ဒီလုပ်ငန်းတွေက ကျယ်ပြန့်လာကြောင်း ပြောပါတယ်။ ရန်ကုန်ကပေးပို့လာတဲ့ ဒီသတင်းကို အခြေခံပြီး ကိုရဲမွန်က ပြောပြမှာပါ။


တချိန်က အတော်လေး လျော့ပါးသွားတဲ့ MLM လို့ခေါ်တဲ့ ဆင့်ပွား စီးပွားရေးလုပ်ငန်းတွေဟာ စစ်ကောင်စီလက်ထက်မှာ စီးပွားကျဆင်းလာတာနဲ့အတူ ပြည်တွင်းမှာ ပြန်ပြီး ကြီးထွားလာတယ်လို့ ဒီလုပ်ငန်းတွေမှာ ပါဝင်ပတ်သက်ခဲ့ဖူးသူတွေက ပြောပါတယ်။ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ရခိုင်နဲ့ အညာဒေသက အလုပ်လက်မဲ့လူငယ်တွေ၊ လုပ်ငန်းရှင်တွေကို သူတို့နဲ့ အကျိုးတူပူးပေါင်းဖို့ ဆွဲဆောင်ကြတာပါ။

သူတို့ရဲ့ စီးပွားရေးကွန်ရက်ကို ချဲ့ထွင်ဖို့ အလုပ်လက်မဲ့လူငယ်တွေက ကြားခံ အသုံးချခံတွေဖြစ်လာကြောင်း ဒီလုပ်ငန်းမှာ ဝင်ရောက် လုပ်ကိုင်ခဲ့ဖူးတဲ့ ကိုဆော်လမွန်က ပြောပါတယ်။

" ကျနော့်အမြင်အရ လူတွေက အရမ်းခက်ခဲတော့လေ လွယ်မယ်လို့ ပိုထင်ရတဲ့လမ်းကြောင်းကို သွားတယ်လို့ပဲ ထင်ပါတယ်။ အဓိကသူတို့က နယ်တွေကိုဆင်းတာ များတယ်၊ ကချင်မှာလည်း အများကြီးပဲ၊ မြစ်ကြီးနားဘက်တို့ မိုးကောင်းတို့။ ဒီအလုပ်က ပညာမတတ်လည်း ချမ်းသာလို့ရတယ် ဆိုတဲ့ဟာမျိုး။ ကျနော် မြင်ဖူးတယ် လေးငါးတန်းပဲရှိတယ် ဒါပေမဲ့ သူတို့ခေါ်လာတဲ့လူတွေကြောင့် သူတို့ရဲ့အိတ်ထဲကို အနည်းဆုံး သိန်းရာဂဏန်း တလကို ဝင်သွားတဲ့သူ မြင်ဖူးတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် multi-level marketing ကုမ္ပဏီက Success More တို့ဘာတို့ တခုတည်းမဟုတ်ဘူး၊ ဆွယ်တဲ့သူတွေ အများကြီးပဲ။ ကျနော့်ကိုတောင် ဆေးမဟုတ်ဘဲ စက်ပစ္စည်းတွေကနေ multi-level marketing ဆွယ်တာမျိုးတွေရှိတယ်။"

ဒီစီးပွားရေးလုပ်ငန်းမှာ လုပ်နည်းနှစ်မျိုးရှိတယ်လို့ သူက ပြောပါတယ်။ တခုကတော့ ကော်လာဂျင်ကော်ဖီ၊ ဆေးဝါး၊ အလှကုန်ပစ္စည်းနဲ့ ကျန်းမာရေးသုံး စက်တွေကို ဈေးကြီးကြီးနဲ့ အဆင့်ဆင့်ရောင်းချပြီး အမြတ်ငွေကို ပွားယူတဲ့နည်းဖြစ်ပါတယ်။ ဒုတိယနည်းကတော့ ကုန်ပစ္စည်းတခုကို ဟန်ပြထုတ်လုပ်ပြီး အရင်းအနှီးထည့်ဝင်မယ့်သူကို ဆွဲဆောင်ကြတာပါ။ အထူးသဖြင့် ကျေးလက်နဲ့ နယ်ဘက်မှာရှိတဲ့ လူကုံတန် အသိုင်းအဝန်းတွေကို ကွန်ရက်တွေကတဆင့် ချဉ်းကပ်တာမျိုးတွေ လုပ်ကြကြောင်း သူကပြောပါတယ်။

" ကျနော့်အမမွေးတဲ့ အထဲမှာဆိုရင် တော်တော်များများရှိတယ် အရည်အချင်းရှိချင်မှ ရှိမယ် ဒါပေမဲ့ ကိုယ့်ကိုဆွယ်ရတဲ့ အကြောင်းအရင်းရှိတယ်၊ ကိုယ့်ကို အဓိက စိတ်ဝင်စားတာ မဟုတ်ဘူး၊ ကိုယ့်အနောက်က (ကွန်ရက်) network ကို စိတ်ဝင်စားတာ။ လူဘယ်နှယောက် ရှာလို့ရှိရင် အကုန်လုံး အရင်းကြေမယ့်အပြင် ဘန်ကောက်ကိုပါ အလကားခေါ်သွားမယ်တို့ ဘာတို့၊ ဆွတ်ဇာလန်ကို ခေါ်သွားမယ်၊ အဲလိုမျိုး။ သူတို့က တောမှာသာ ပိုက်ဆံ ရှိနေတာပေါ့နော် တကယ်တမ်း အပြင်လောကကြီးကို ဟိုဟာ မဖြစ်တော့ သူတို့ အဲလိုပုံစံတွေနဲ့ ဆွယ်တော့ ဟိုဘက်က ပါတာပေါ့နော်။"

ဆင့်ပွား ဈေးကွက်စီးပွားရေး လုပ်ငန်းတွေကို အရေးကြီးကုန်စည်နဲ့ ဝန်ဆောင်မှုဥပဒေအတိုင်း အရေးယူမယ်ဆိုပြီး စီးပွားကူးသန်းဌာက ၂၀၁၈ နှစ်ကုန်ပိုင်းမှာ ထုတ်ပြန်ခဲ့တာကြောင့် ဒီလုပ်ငန်းအများစုက ပြည်တွင်းမှာ ရပ်ဆိုင်းသွားပါတယ်။ အဲဒီနောက် ထိုင်းနဲ့ မလေးရှားက မြန်မာလုပ်သားတွေဆီကို ဒီလုပ်ငန်းတွေက ခြေဦး လှည့်ခဲ့တာပါ။ စစ်ကောင်စီ အာဏာသိမ်းအပြီးမှာ ဒီလုပ်ငန်းတွေအတွက် အခွင့်အလမ်း ပြန်ဖြစ်လာတယ်လို့ MLM စီးပွားရေးလုပ်ငန်းတွေကို ဦးဆောင်ဆန့်ကျင်ခဲ့သူ တဦးဖြစ်တဲ့ ကိုဇင်ဇေလွင်က ဗွီအိုအေကို ပြောပါတယ်။

" မြင်သာအောင်ပြောရရင် Success More လို ကုမ္ပဏီမျိုးက လာကတည်းက ထိုင်းကလာတာ၊ အဲဒီအတွက်သူက ထိုင်းမှာရှိတဲ့ မြန်မာတွေကို အဓိက ဈေးကွက်ဖောက်မယ်ဆိုတဲ့ ပုံစံဘက်ကို အစောကြီး ကတည်းကသွားတာ။ အခုအာဏာသိမ်းပြီးနောက်ပိုင်းနဲ့ ဒီနှစ်ပိုင်းမှာ ပိုပြီး သိသာလာပြီ၊ ဘာကြောင့်လဲဆိုတော့ ထိုင်းဘက်ကိုရောက်သွားတဲ့ မြန်မာတွေ ပိုပိုပြီးများလာတယ်၊ လူတွေက ပိုပိုကျပ်တည်းလာတော့ အလုပ်အကိုင် အခွင့်အလမ်းကလည်း လူဦးရေနဲ့မကာမိ နည်းလာတယ်။ အဲဒီအတွက် လူတွေကပိုပြီး ဒါမျိုးတွေကို စိတ်ဝင်စားလာကြတယ်ပေါ့။ အဲဒါကို အခွင့်ကောင်းယူပြီးတော့ ထိုင်းမှာရှိတဲ့ များသောအားဖြင့် အခြေခံ အလုပ်သမားတွေ ကြားထဲမှာ၊ သို့မဟုတ်လည်း သေချာ ကောင်းကောင်းမွန်မွန် အလုပ်တခု မရသေးတဲ့သူတွေ ကြားထဲမှာ ပိုပြီး၊ ဖိပြီးတော့ ဖောက်နေတယ်လို့ ကျနော်တို့ကတော့ ခံစားရတယ်ဗျ။"

ကုမ္ပဏီကပေးတဲ့ မက်လုံးတွေထက် ဒီလုပ်ငန်းထဲ ဝင်ရောက်လို့ ရေရှည်မှာဖြစ်လာနိုင်တဲ့ လူမှုရေးပြဿနာ အကျိုးဆက်တွေလည်း ကန့်ကွက်သူတွေက သတိပေးနေပါတယ် ။ ဗဟိုအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနမှာ မှတ်ပုံမတင်ထားတဲ့ အလှကုန်နဲ့ ဆေးဝါးတွေရဲ့ အန္တရာယ်ကိုလည်း သတိထားကြဖို့ ကန့်ကွက်သူတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG