အကျပ်အတည်းပေါင်းစုံနဲ့ အရူးမီးဝိုင်းဖြစ်နေတဲ့ စစ်ကောင်စီ ဒေါ်အောင်ဆန်းစုကြည်ကို မျက်နှာချိုသွေးပြီလား
------------------------------------------------------------------------------------------------------------------------------------------
သင်္ကြန်ဆိုတာ ကူးပြောင်းခြင်း၊ အဟောင်းကနေ အသစ်ကို ကူးပြောင်းတဲ့ သဘောလို့ဆိုကြပါတယ်။ နှစ်ဟောင်းက အညစ်အကြေးတွေကို အတာရေနဲ့ ဆေးကြော သန့်စင်ကာ မင်္ဂလာရှိတဲ့ နှစ်သစ်ကို ကူးပြောင်းတယ်၊ နှစ်သစ်မင်္ဂလာလို့ သုံးနှုန်းလေ့ရှိကြပါတယ်။
အခုချိန်မှာတော့ အတာသင်္ကြန်ကာလာကို ကျော်လွန်လို့ နှစ်သစ်ကို ကူးပြောင်းရောက်ရှိခဲ့ပါပြီ။ နှစ်သစ်မှာ ဘာတွေများ အသစ်ဖြစ်ပေါ် ပြောင်းလဲလေမလဲဆိုတာ မြန်မာပြည်သူတွေ မျှော်လင့်တမ်းတကြပါတယ်။ ပြည်တွင်းစစ်အရှိန်က မြင့်နေချိန်ဆိုတော့ မြန်မာပြည်သူတွေမှာ နေ့စဉ်နဲ့အမျှ အနိဋ္ဌာရုံသတင်းတွေကိုသာ မြင်တွေ့၊ကြားသိနေကြရတာများပါတယ်။ တချိန်တည်းမှာစီးပွါးရေးက ပိုကျပ်တည်းလာ၊အလုပ်အကိုင် အခွင့်အလမ်းကနည်းပါး၊စစ်မှုထမ်းဥပဒေက နှိပ်စက်၊ကုန်စျေးနှုန်းတွေက အဆမတန်တက်၊ လျှပ်စစ်မီးကလည်းပျက်၊နွေနေကပူနဲ့ မြန်မာပြည်သူတွေဟာ တကယ့်ကို ဒုက္ခဆင်းရဲနဲ့ ကြုံနေကြရတာပါ။
ဒါကြောင့်လည်း နှစ်သစ်ကူးအခါသမယမှာ အပြောင်းအလဲကို အထူးသဖြင့်နိုင်ငံရေး အပြောင်းအလဲ သတင်းကိုမျှော်လင့်ကြတာဟာ သဘာဝကျပါတယ်။သတင်းကောင်းလို့ ဆိုနိုင်မလားတော့ မသိပါဘူး။ သင်္ကြန်အတက်နေ့ ညနေပိုင်းမှာတော့ နိုင်ငံတော်သမ္မတကြီးဦးဝင်းမြင့်နဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို ထောင်ထဲကနေ နေအိမ်တစ်ခုဆီ ပြောင်းရွှေ့လိုက်တယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။
သင်္ကြန်မတိုင်ခင် ဧပြီလဆန်းပိုင်းမှာ နယ်စပ်ကုန်သွယ်ရေး အဓိကမြို့ဖြစ်တဲ့ မြဝတီမြို့ကို စစ်ကောင်စီ လက်လွတ် ဆုံရှုံးလိုက်ရပါတယ်။မြဝတီမြို့ကို စစ်ကောင်စီလက်လွှတ်ဆုံရှုံးလိုက်ရချိန်မှာတော့ နိုင်ငံရေးစောင့်ကြည့်လေ့လာသူတွေ၊မီဒီယာတွေ၊ဒေသတွင်းနိုင်ငံတွေဟာ မြန်မာ့အရေးကို ပိုအာရုံစိုက်လာကြတာ တွေ့ရပါတယ်။အထူးသဖြင့် မြဝတီနဲ့ ကပ်လျက် အနီးဆုံးမှာတည်ရှိနေတဲ့ ထိုင်းနိုင်ငံဟာ စိုးရိမ်တကြီးနဲ့ မျက်ခြေမပြတ် သတိထားစောင့်ကြည့်နေတာ တွေ့ရပါတယ်။ ထိုင်းနိုင်ငံ ဝန်ကြီးချုပ်နဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့ဟာ မြဝတီ၊မဲဆောက် အမှတ်(၁)ချစ်ကြည်ရေးတံတားထိ လာရောက်ကာ မြေပြင်အခြေအနေတွေကို ကိုယ်တိုင်၊ကိုယ်ကျ လေ့လာ အကဲခတ်ခဲ့ကြတာကို တွေ့ရပါတယ်။
စစ်ကောင်စီ မြဝတီကို လက်လွတ်လိုက်ရတာနဲ့ ပတ်သက်ပြီး The Guardian သတင်းစာက ၂၀၂၄၊ ဧပြီ ၉ ရက်နေ့မှာ Rebecca Ratcliffe ရေးသားတဲ့ ဆောင်းပါးတစ်ပုဒ်ဖော်ပြခဲ့ပါတယ်။ဆောင်းပါးမှာ တရုတ် နယ်စပ်၊အိန္ဒိယနယ်စပ်နဲ့ ရခိုင်ပြည်နယ်ထဲမှာ နယ်မြေတွေဆက်တိုက်ဆုံးရှုံခဲ့တဲ့စစ်ကောင်စီဟာ ထိုင်းနယ်စပ်က အဓိကကုန်သွယ်ရေးမြို့ဖြစ်တဲ့ မြဝတီမြို့ကို ထပ်မံဆုံးရှုံးရတာဖြစ်တယ်။အခုလို မြဝတီကိုဆုံးရှုံးတာဟာ စစ်ကောင်စီအတွက် စီးပွါးရေးနဲ့ မဟာဗျူဟာအရသာ ထိခိုက်စေတာ မဟုတ်ဘဲ စစ်ဗိုလ်ချုပ်တွေကို အရှက်တကွဲ အကျိုးနည်းဖြစ်စေတယ်။ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဘယ်လောက်ကြာကြာ ဆက်လက်ရပ်တည်နိုင်မလဲဆိုတာ မေးခွန်းထုတ်စရာဖြစ်လာတယ်လို့ ရေးသားထားပါတယ်တယ်။
ဒါ့အပြင် ဆောင်းပါးမှာ စစ်မြေပြင်မှာ စစ်ရှုံးတာထက် ပိုအရေးကြီးတာက စစ်တပ်ထဲမှာ စိတ်ဓာတ်ရေးရာ ပျက်ပြားစေကာ နေပြည်တော်နိုင်ငံရေးကို ရိုက်ခတ်လာနိုင်တယ်။စစ်တပ်ထဲမှာ ပေါက်ကွဲမှုတွေဖြစ်လာနိုင်သလို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ခေါင်းဆောင်မှုလည်း ပြိုလဲသွားနိုင်တယ်။အခုပုံစံအတိုင်းဆက်သွားလို့ မရနိုင်တော့ဘူးလို့ ICG ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အကြံပေး Richard Horsey ရဲ့ပြောကြားချက်ကိုလည်း ဖော်ပြထားပါတယ်။
ဂျပန်အခြေစိုက်သတင်းစာ Nikkei Asia ကလည်း ၂၀၂၄၊ဧပြီ ၁၂ ရက်နေ့မှာ မြဝတီမြို့ကိုခုခံတော်လှန်ရေးအင်အားစုတွေက သိမ်းပိုက်လိုက်တဲ့အကြောင်း ရေးသားထားပါတယ်။မြဝတီကိုသိမ်းပိုက်လိုက်တာဟာ ခုခံတော်လှန်ရေး အင်အားစုတွေအတွက် ကြီးမားတဲ့ နောက်တစ်ဆင့်တက်လှမ်းနိုင်မှုဖြစ်တယ်။ဒါ့အပြင် စစ်ကောင်စီဟာ ဘယ်လောက်အင်အားချိနဲ့နေလဲဆိုတာကို ထပ်မံသက်သေပြလိုက်တာဖြစ်သလို မဟာဗျူဟာပိုင်းမှာ လည်း အားနည်းနေပြီး နယ်မြေတွေကို မထိန်းချုပ်ထားနိုင်တော့ဘူးဆိုတာ မြဝတီကို လက်လွတ်ရမှုက ပြသနေတယ်လို့ မြန်မာ့နိုင်ငံရေးနဲ့ ပဋိပက္ခ လေ့လာသုံးသပ်သူ Kim Jolliffe ရဲ့ပြောကြားချက်ကို ထည့်သွင်း ဖော်ပြထားပါတယ်။အခြေအနေတွေဟာ ဆက်လက်ဖြစ်ပေါ်နေဆဲ ဖြစ်တာကြောင့် ဘယ်လို အဆုံးသတ်မယ်ဆိုတာတော့ မပြောနိုင်သေးဘူး။မြဝတီလက်လွတ်ဆုံးရှုံးရမှုဟာ စစ်ကောင်စီကို အရှက်ရစေတဲ့အတွက် ကြံမိကြံရာ စွတ်လုပ်တာမျိုးတွေဖြစ်လာပေါ်စေနိုင်တယ်။အဲဒီလို တုန့်ပြန်မှုမျိုး
တွေဟာ ပြည်သူတွေအတွက် ကောင်းတဲ့ လက္ခဏာမဟုတ်ပါဘူးလို့လည်း Kim Jolliffe ကပဲ မှတ်ချက်ပေးထားပါတယ်။ထိုင်းနိုင်ငံခြားရေးဝန်ကြီးပြောကြားချက်ကိုလည်း Nikkei Asia ဆောင်းပါးမှာဖော်ပြထားပါတယ်။ထိုင်းနိုင်ငံခြားရေးဝန်ကြီး Parnpree က "ကျနော်တို့အနေနဲ့ မြန်မာနိုင်ငံမှာ ဘယ်လို အကြမ်းဖက်မှု မျိုးကိုမှ မလိုလားပါဘူး။အကယ်၍များ သူတို့အချင်းချင်းကြား စကားပြောကြမယ်ဆိုရင် ကျနော်တို့အနေနဲ့ ကူညီဆောင်ရွက်ပေးဖို့ အဆင်သင့်ပါပဲ” ပြောကြားထားပါတယ်။သံတမန်တစ်ဦးကတော့ ထိုင်းအစိုးရဟာ စစ်ကောင်စီကို ဒဏ်ပေးတာထက် ဆုပေးတာက ပိုများနေတယ်ဆိုတဲ့ မှတ်ချက်ကိုလည်း Nikkei Asia ဆောင်းပါးမှာ ဖော်ပြထားပါတယ်။ဒါ့အပြင် ထိုင်း-မြန်မာနယ်စပ် မြဝတီကုန်သွယ်ရေးလမ်းကြောင်း ကုန်သွယ်မှုပမာဏဟာ ပြီးခဲ့တဲ့နှစ်မှာ အမေရိကန်ဒေါ်လာ ဘီလီယံ ၄၀ ရှိခဲ့တယ်လို့လည်း Nikkei Asia က ဖော်ပြထားတာတွေ့ရပါတယ်။ဒီကုန်သွယ်မှု ပမာဏကိုကြည့်ရင် မြန်မာ့စီးပွါးရေးအပေါ် ဘယ်လောက်အကျိုးသက်ရောက်မှုရှိနိုင်ပြီး စစ်ကောင်စီ ဝင်ငွေလမ်းကြောင်းကို ဘယ်လောက်ထိခိုက်နိုင်တယ်ဆိုတာ မှန်းဆကြည့်လို့ ရနိုင်ပါတယ်။
လတ်တလောမှာ အချက်အခြာကျတဲ့ နယ်စပ်ကုန်သွယ်ရေးမြို့ မြဝတီဟာ ခုခံတော်လှန်ရေးအင်အားစုတွေလက်ထဲကို ကျသွားတယ်။စစ်ကောင်စီ ရုံးစိုက်ရာ နေပြည်တော်ကို တော်လှန်ရေးအင်အားစုတွေက ဧပြီ ၄ ရက်နေ့မှာ ဒရုန်းတွေနဲ့ တိုက်ခိုက်နိုင်ခဲ့တယ်။ဧပြီ ၉ ရက်နေ့ကလည်း မော်လမြိုင်ရှိ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ကို တော်လှန်ရေး အင်အားစုတွေက ဒရုန်းတွေနဲ့တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီ ဒုတိယခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း အပြင်းအထန်ဒဏ်ရာရရှိသွားတယ်ဆိုတဲ့ အတည်မပြုနိုင်သေးတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့တယ်။ အလားတူပါပဲ ဧပြီ ၁၄ ရက်နေ့မှာ စစ်ကောင်စီခေါင်းဆောင် ခရီးစဉ်ရှိတယ်ဆိုတဲ့ သတင်းအရ စစ်တပ်မြို့တော် မေမြို့(ပြင်ဦးလွင်)ကို တော်လှန်ရေး အင်အားစုတွေက ရှော့တိုက်ဒုံးတွေနဲ့ တိုက်ခိုက်ခဲ့တာတွေ့ရပါတယ်။ပြောရရင် နေပြည်တော်အပါအဝင် စစ်ကောင်စီ ခေါင်းဆောင်တွေရဲ့ လုံခြုံရေးဟာ အာမခံချက် မရှိတော့တဲ့ အနေအထားမျိုးလို့ဆိုရမှာပါ။အာဆီယံအပါအဝင် နိုင်ငံတကာ အသိုက်အဝန်းကလည်း စစ်ကောင်စီဟာ နိုင်ငံကို ထိန်းချုပ်နိုင်စွမ်းမရှိတော့ဘူး။ခုခံတော်လှန်ရေးအင်အားစုတွေကို မနိုင်နိုင်တော့ဘူးဆိုတာကို ကောင်းကောင်း နားလည် သဘောပေါက်နေကြပါပြီ။
ဒီလိုအခြေအနေမှာ စစ်ကောင်စီဟာ အပူဒဏ် အကြောင်းပြချက်နဲ့ သမ္မတကြီး ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို ထောင်တွင်းကနေ နေအိမ်တစ်ခုဆီကို ရွှေ့ပြောင်းပေးခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ဒီသတင်းနဲ့ ပတ်သက်ပြီး နိုင်ငံရေး အကဲခတ်တစ်ဦးကတော့ “ဒီသတင်းဟာ ထူးခြားတဲ့ ပြောင်းလဲမှုတစ်ခုလို့တော့ မှတ်ယူနိုင်ပါတယ်။ဒါပေမဲ့ ဒီလိုအပြောင်း အလဲမျိုးဟာ အလကားနေရင်းရလာတာတော့ မဟုတ်ပါဘူး။မြေပြင် အနေအထားတွေကြောင့်ပါ။မြေပြင်မှာ တော်လှန်ရေး အင်အားစုတွေ၊တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေ၊PDF တွေနဲ့ ဂျန်ဇီတွေရဲ့ ဘဝတွေ၊အသက်၊သွေးတွေ ရင်းနှီးပေးဆပ်ခဲ့တာရဲ့ ရလဒ်ဆိုတာကို နားလည် သဘောပေါက်ကြဖို့လိုပါမယ်။ပြီးတော့ ဒါဟာ နိုင်ငံရေး အဖြေမဟုတ်သေးပါဘူး။အကျပ်အတည်းပေါင်းစုံတွေ့နေတဲ့ စစ်ကောင်စီအနေနဲ့ အသက်ရှုချောင်ရေး နည်းလမ်းတစ်ခု၊ထွက်ပေါက်တစ်ခု အဖြစ်အသုံးချမလားဆိုတာကို သတိနဲ့စောင့်ကြည့်ဖို့လိုပါမယ်။ဘယ်လိုပဲဖြစ်ဖြစ်ပေါ့လေ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ကနေ နေအိမ်အကျယ်ချုပ်အဖြစ် ပြောင်းရွှေ့တယ်ဆိုတာကတော့ စိတ်သက်သာစရာပါ” လို့ ဆိုပါတယ်။
ပြည်သွေးနိုင်