သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီက ရွာပြန်ခိုင်းပေမဲ့ မပြန်ရဲတဲ့ မွန်ပြည်နယ် ရွာသားများ 


မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ဓမ္မသကျေးရွာ မီးလောင်ကျွမ်းနေစဉ် (မတ် ၂၇၊ ၂၀၂၄)
မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ဓမ္မသကျေးရွာ မီးလောင်ကျွမ်းနေစဉ် (မတ် ၂၇၊ ၂၀၂၄)

စစ်ရေးတင်းမာနေတဲ့ မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ဓမ္မသကျေးရွာနဲ့ ပတ်ဝန်းကျင်ကျေးရွာတွေဟာ တည်ငြိမ်အေးချမ်းမှု ရှိနေပြီးဖြစ်တာကြောင့် နေရပ်ပြန်နိုင်ပြီးလို့ စစ်ကောင်စီဘက်က တိုက်တွန်းပြောဆိုနေပေမယ့် ဒေသခံတွေ နေရပ် ပြန်မနေရဲကြသေးလို့ ဒေသခံတွေက ပြောပါတယ်။ ရပ်ရွာတည်ငြိမ်အေးချမ်းပြီးလို့ စစ်ကောင်စီက သတင်းစကားပေးနေတဲ့ တချိန်ထဲမှာပဲ မေလ ၂ရက်အထိ စစ်လေယာဉ်ပျံဝဲနေပြီး လက်နက်ကြီးပစ်ခတ်သံတွေ ကြားနေရဆဲဖြစ်တာကြောင့် လုံခြုံမှုမရှိဘူးလို့ ဒေသခံတွေက ဗွီအိုအေကိုပြောပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို အခြေခံပြီး ကိုရဲမွန်က ပြောပြမှာပါ။

ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းလောက်က တိုက်ပွဲ အပြင်းအထန်းဖြစ်ပွားခဲ့တဲ့ မွန်-ကရင်နယ်စပ် ကျိုက်မရောမြို့နယ် ဓမ္မသကျေးရွာနဲ့ တခြား ပတ်ဝန်းကျင်းတွေဟာ အခုချိန်မှာ တည်ငြိမ်အေးချမ်းနေပြီးဖြစ်တာကြောင့် ရွာသူ ရွာသားတွေအနေနဲ့ နေရပ်ပြန်နိုင်ပြီးလို့ ပြီးခဲ့လ ဧပြီလကုန်ပိုင်းလောက် စစ်ကောင်စီဘက်က တိုက်တွန်းခဲ့တယ်လို့ ဒေသခံတွေက ဗွီအိုအေကို ပြောပါတယ်။ ဒါပေမယ့် ရွာသူရွာသားတွေက နေရပ် မပြန်ရဲကြသေးဘူးလို့ စစ်ဘေးရှောင်လည်ဖြစ် စစ်ဘေးရှောင်ကူညီနေသူလည်းဖြစ်တဲ့ ကော့ဘိန်းရွာခံတဦးက ပြောပါတယ်။

“အကုန်လုံးတော့ မပြန်နိုင်သေးဘူး။ တချို့လူ ဒီဘက် ဘုရားဘက်မှာလည်း ကျနော်တို့တွေ့တယ် ဓမ္မသကလူတွေ ဘာဖြစ်လဲ တချို့လူက အိမ်လည်း မရှိဘူး၊ ဘာလဲ မရှိဘူးဆိုရင် ရှိတဲ့ပစ္စည်းတွေ ကောက်၊ ကောက်ပြီးပြန်ထွက်လာတယ် အဲ့လိုမျိုးပဲရှိတယ်။ အိုးအိမ်တွေ မဲ့ကုန်ပြီးလေ အိုးအိမ်မဲ့ကုန်ပြီးဆိုရင် ဘယ်လိုသွားနေမလဲ။”

ဒေသခံတွေဟာ သူတို့ နေအိမ်မှာ ပြန်မနေရဲကြဘဲ လိုအပ်တဲ့ ပစ္စည်းတွေ လာယူပြီး စစ်ဘေးရှောင်နေရာဆီ ပြန်သွားကြတာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၇ နဲ့ ၂၈ ရက်နေ့က ဂျိုင်းမြစ်နံဘေးမှာ ဆိုက်ကပ်ထားတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်သင်္ဘောကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ခဲ့တာကြောင့် ဓမ္မသရွာ နေအိမ် ၃၀၀ ကျော် မီးလောင်ပြာကျခဲ့ပြီး ရွာလုံးကျွတ် ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတယ်လို့ ရွာခံတွေနဲ့ ကူညီသူတွေက ဗွီအိုအေကို ပြောပါတယ်။ စစ်ကောင်စီကတော့ တော်လှန်ရေးအင်အားစုဘက်က ဝင်ရောက်တိုက်ခိုက်မှုကြောင့် နေအိမ်တွေ ပျက်စီးရတာလု့ိ မကြာသေးခင်က ထုတ်ပြန်ထားပါတယ်။

ရပ်ရွာတည်ငြိမ်အေးချမ်းပြီးလို့ စစ်ကောင်စီက သတင်းစကားပေးနေတဲ့ တချိန်ထဲမှာပဲ မေလ ၂ ရက်မနေ့ကအထိ လက်နက်ကြီးပစ်ခတ်သံတွေ ကျယ်ကျယ်လောင်လောင် ကြားရတယ်လို့ ခုလို ပြောပါတယ်။

“ကျနော်တို့ ပြည်သူလူထု ရွာပြန်ဖို့ဆိုရင် လက်ကုန် ပြန်ချင်တယ်။ ဘာဖြစ်လဲဆိုရင်တော့ စစ်ဘေးရှောင်ဆိုရင် တခြား ရွာမှာလည်း ကိုယ့်ရွာ ကိုယ့်အိမ်နဲ့မတူဘူး မနေချင်ပါဘူး။ ဒါပေမယ့် ကိုယ့်ရွာက လုံခြုံမှုမရှိတဲ့အတွက်ကြောင့် ကျနော်တို့ မပြန်ရဲသေးဘူး။ အကယ်၍ လုံခြုံမှုရှိရင် ကျနော်တို့ ပြန်မှာပဲ။ မနေ့က ၃နာရီလောက် ဒီလက်နက်ကြီးတွေ ပစ်တာသံကြားတယ်၊ ပစ်သံကြားပြီး အဲသူတို့ပစ်တဲ့ ကျည်းဆံကတော့ ဘယ်နေရာကျလဲ အသေအချာတော့ ကျနော်တု့ိမသိကြဘူး၊ ဒါပေမယ့် အသံကတော့ ကြားတယ် အလုံးပေါင်းလည်း များတယ် သူတို့ပစ်တာ၊ နောက်ပြီးတော့ လေယာဉ် နှစ်ခေါက် ပျံဝဲတယ်အဲ့လိုမျိုး။”

မွန်-ကရင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ ကော့ဘိန်းနယ်မြေရဲစခန်းကို ပြီးခဲ့တဲ့ ဧပြီလ ၂၅ ရက်နေ့ မနက်အစောပိုင်းက အင်အား ၅၀ လောက်ပါတဲ့ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုး ပစ်ခတ်ဝင်လာပြီ ပြန်လည် သိမ်းယူခဲ့တာလို့ ရွာခံက ဗွီအိုအေကို ပြောပါတယ်။ စစ်ကောင်စီ နင်းစီးဝင်လာချိန်မှာ စစ်ဘေးရှောင်တဲ့ ကော့ဘိန်းရွာခံ အမျိုးသမီးတစ်ဦး ပစ်သတ်ခံရလို့ သေဆုံးခဲ့တယ်လို့ သေဆုံးသူ မိသားစုနဲ့ နီးစပ်သူတဦးက ဗွီအိုအေကို ပြောထားပါတယ်။

ကော့ဘိန်းနယ်မြေရဲစခန်းကို စစ်ကောင်စီဘက်က ပြန်လည် သိမ်းယူပြီးနောက်ပိုင်း ရွာရပ်တည်ငြိမ်အေးချမ်းမှု ရှိနေပြီးဆိုပြီး ဒေသခံတွေ အသိပေးကြေငြာလာတာပါ။ စစ်ကောင်စီဘက်က ပြောဆိုချက်ဟာ မြေပြင်အခြေအနေနဲ့ တခြားစီ ဖြစ်နေတာလို့ တရနာ ရွာခံတဦးက ခုလို ပြောပါတယ်။

“ဟိုမှာကျတော့ ခဏခဏဖြစ်နေတာပဲဆိုတော့ တချို့ကျတော့လည်း ပြန်မနေရဲပါဘူး။ (စစ်ကောင်စီက)သူပြောတာပဲ အပေါ်ဖိအားနဲ့ဒီမြေပြင်နဲ့ တခြားစီပဲ သူတို့ကလျှောက်ပြောနေတာ၊ သူ သိရဲ့သားနဲ့ သူတို့က လျှောက်ပြောနေတာ၊ သိတဲ့အတိုင်းပဲ သူတို့အမြဲလှည့်နေတာပဲ ကျနော်တို့ ဘာမှပြောချင်ဘူးနော်။ လက်နက်ကြီးတွေ ပစ်နေတာပဲ ရွာအနီးအနားပဲ လျှောက်ကျနေတာပဲလေး အဲ့လို၊ ကိုယ့်ကရွာသူအနေနဲ့ ဘယ်လိုလုပ်ပြောလို့ရမလဲ မဟုတ်ဘူးလား။”

နေရပ်ပြန်လာတဲ့ သူတွေဟာ ကျေးရွာအဝင် စစ်ကောင်စီ အထိုင်ချထားတဲ့ ဂိတ်မှာ စစ်ဆေးရေတင်းကြပ်ပြီး အချက်အလက် ကောက်ခံမှုရှိနေသလို ကျေးရွာတွေဘက်မှာ စစ်ကောင်စီတပ်ဖွဲ့တွေ တပ်စွဲနေရာယူထားဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မေလ ၂ရက် မနေ့ မွန်းလွဲပိုင်းလောက်က နေအိမ်မီးလောင်ပျက်စီးခဲ့တဲ့ ဓမ္မသကျေးရွာ အခြေအနေ လိုက်လံကြည့်ရှုခဲ့တဲ့ မော်လမြိုင်ခရိုင် အုပ်ချုပ်ရေးမှူးတို့အဖွဲ့ဟာ ဒရုန်း ဗုံးသီးနဲ့ တိုက်ခိုက်ခံရကြောင်းနဲ့ ဒီလိုတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးတွေနဲ့ တောက်လျှောက် ပစ်ခတ်နေတယ်လို့ တိုင်းရင်းသားတွေမှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီဘက်ကတော့ နေရပ်ပြန်လာတဲ့သူတွေကို ဆန်၊ ဆီ၊ ဆာ စတဲ့ စားရိက္ခာအကူအညီတွေ ထောက်ပံ့ပေးဖို့ အစဉ်အစီရှိပေမယ့် ဘေးလွတ်ရာမှာ တိမ်းရှောင်နေသူတွေအတွက်က ထောက်ပံ့ဖို့ အစဉ်အစီ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။ ယာယီ စစ်ဘေးရှောင်စခန်းမှာ ပရဟိတသမားနဲ့ စစ်ရှောင်အချင်းချင်း ငွေကြေးထည့်ဝင်ပြီးတော့ စားရေးသောက်ရေး ဖြေရှင်းနေရတာပါ။ အချိန်ကြာတာနဲ့အမျှ အခက်အခဲနဲ့ ရင်ဆိုင်နေကြရတယ်လို့ စစ်ဘေးရှောင်ကူညီနေသူက ပြောပါတယ်။

“အခက်အခဲ အများကြီးရှိတယ်။ တနေ့တနေ့လူ ထောင်ဂဏန်းနဲ့ပေါ့ သူတို့ကျွေးနေရတာ အလှူရှင်းလည်း သိပ်မရှိဘူး၊ နောက်ပြီးတော့ သူတို့အချင်းချင်း သူနည်းနည်း ကိုယ်နည်းနည်း၊ နောက်ပြီးတော့ စားတဲ့လူလည်း ဝိုင်းထည့်ပေးတယ်။ အရင်တုန်းကဆိုရင်တခြား ပရဟိတအဖွ့ဲတွေ လာလှူပေးတာရှိတယ်။ အခုတလောဆိုရင် တခြားပရဟိတအဖွဲ့ဆိုရင် လှူဖို့မရှိဘူး ဘာဖြစ်ဆို သူတို့ကြောက်သွားလား ကြောက်စိတ်ရှိသွားလား အဆင်မပြေလို့လား မသိဘူး။ ဒီချက်ပြုတ်တဲ့နေရာတော့ အများကြီး အခက်အခဲရှိတယ် လိုအပ်နေတယ် အဲ့လိုမျိုးရှိတယ်။”

မွန်-ကရင်နယ်စပ်က စစ်ရေးပဋိပက္ခကြောင့် စစ်ပြေးဒုက္ခသည် လူဦးရေ ငါးသောင်းထက်မနည်း အိုးအိမ်စွန့်ခွာ ဘေးလွတ်ရာမှာ တိမ်းရှောင်နေကြရပြီး နေထိုင်ရေးနဲ့ စားနပ်ရိက္ခာ အကူအညီလိုအပ်နေကြတယ်လို့ မွန်ပြည်ဖယ်ဒရယ်ကောင်စီ(MSFC)က ဗွီအိုအေကို ပြောထားပါတယ်။

Forum

XS
SM
MD
LG