သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်နက်ကြီးကျည်ထိမှန်လို့ ကျိုက်မရော ဓမ္မသကျေးရွာမီးလောင်


စစ်ကောင်စီတပ်တွေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် မွန်-ကရင်နယ်စပ် ကျိုက်မရောမြို့နယ်ထဲ ခြေအိမ် ၁,၀၀၀ ဝန်းကျင်လောက်ရှိတဲ့ ဓမ္မသကျေးရွာမီးလောင်ကျွမ်းနေပုံ။ (ဓာတ်ပုံ-Mi Jandai Mon's fb/မတ်လ ၂၇၊၂၀၂၄)
စစ်ကောင်စီတပ်တွေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် မွန်-ကရင်နယ်စပ် ကျိုက်မရောမြို့နယ်ထဲ ခြေအိမ် ၁,၀၀၀ ဝန်းကျင်လောက်ရှိတဲ့ ဓမ္မသကျေးရွာမီးလောင်ကျွမ်းနေပုံ။ (ဓာတ်ပုံ-Mi Jandai Mon's fb/မတ်လ ၂၇၊၂၀၂၄)

မတ်လ ၂၇ ရက် ညနေပိုင်းလောက်က စစ်ကောင်စီတပ်တွေပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲတာကြောင့် မွန်-ကရင်နယ်စပ် ကျိုက်မရောမြို့နယ် ဓမ္မသကျေးရွာမှာ နေအိမ်တွေမီးလောင်ခဲ့တယ်လို့ သိရပါတယ်။ ဓမ္မသကျေးရွာဟာ အိမ်ခြေ ၁,၀၀၀ ဝန်းကျင်ရှိပြီး နေအိမ်အတော်များများ လောင်ကျွမ်းခဲ့တယ်လို့ ဒေသခံတွေပြောပါတယ်။ အနီးဝန်းကျင်ဒေသမှာလည်း စစ်ရေးအခြေအနေတင်းမာနေတဲ့အကြောင်း ရန်ကုန်က သတင်းပေးပို့ချက်ကို ကိုဉာဏ်ဝင်းအောင်က တင်ပြပေးထားပါတယ်။

စစ်ကောင်စီတပ်တွေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် မွန်-ကရင်နယ်စပ် ကျိုက်မရောမြို့နယ်ထဲ ခြေအိမ် ၁,၀၀၀ ဝန်းကျင်လောက်ရှိတဲ့ ဓမ္မသကျေးရွာမှာ အိမ်ခြေ ၃၀၀ လောက် မီးလောင်နေတယ်လို့ ရွာခံတွေက ဗွီအိုအေကို ပြောပါတယ်။ မတ်လ ၂၇ ရက် ညနေ ၄ နာရီလောက်ကစပြီးလောင်ကျွမ်းနေတာလို့ ဓမ္မသရွာခံက ဗွီအိုအေကို မွန်ဘာသာစကားနဲ့အခုလို ပြောပါတယ်။

“VOA လာကူညီပါအုံး အစ်မရေ။ ဒီမှာ မီးတွေ အသေလောင်ကျွမ်းနေတယ်၊ မီးလောင်တာ ရွာတဝက်လောက် ကုန်နေပြီ။ လာကူကြအုံး။ မီးတွေလောင်ကျွမ်းနေတုန်း မငြိမ်သေးဘူး။ လက်နက်ကြီးကျတာ၊ လေယာဉ်ဗုံးကြဲတာလာမသိဘူး မမြင်ရဘူး ဒုန်း…ဆိုပြီး ပေါက်ကွဲတာ။ မီးသတ်ကားလည်း သူတို့ လာခွင့်မပြုဘူး။ မော်လမြိုင်ကနေ မီးသတ်ကား မပေးလာဘူး ။ မီးသတ်ကားက ကော့ဘိန်း ကော့ပေါက်ဘက်ကပဲ လာခွင့်ပြုတယ်။ မီးလောင်တာ နေအိမ်တွေ မရေတွက်နိုင်တော့ဘူး၊ ရွာရဲ့ အိမ်ခြေ တဝက်လောက် လောင်နေပြီ။”

ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီက တစုံတရာထုတ်ပြန်တာ မရှိသေးပါဘူး။ နေအိမ်မီးငြိမ်းသတ်ဖို့ မော်လမြိုင်မြို့ကနေ လာကူမယ့် မီးသတ်ကားတွေကို စစ်ကောင်စီစစ်ဆေးရေးဂိတ်တွေက ဖြတ်သန်းသွားလာခွင့်မပြုဘူးလို့ ရွာခံက ပြောပါတယ်။

မွန်-ကရင်နယ်စပ် ကော့ကရိတ်မြို့နယ် ကော့ဘိန်းရွာမှာ ၂ ရက်ကြာ စခန်းသိမ်းတိုက်ပွဲ ဖြစ်ပြီးတဲ့နောက် မတ်လ ၂၅ ရက် ညနေပိုင်းမှာတော့ ကော့ဘိန်းရွာနဲ့ ၆ မိုင်လောက်ဝေးတဲ့ တရနာရွာထဲ စစ်ကောင်စီတပ်တွေ အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးလာပြီး စစ်ရေးအခြေအနေ တင်းမာနေတာလို့ တရနာရွာခံတွေက ပြောပါတယ်။

ကော့ဘိန်းရဲစခန်းသိမ်း တိုက်ပွဲ ပြင်းထန်ကတည်းက နေ့စဉ်ဆိုသလိုပဲ တရနာရွာအနီးတဝိုက်က ဂျိုင်းမြစ်ဘေးမှာ ဆိုက်ကပ်ထားတဲ့ စစ်သင်္ဘောကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ရွာခံတွေက ဗွီအိုအေကို ပြောပါတယ်။ နှစ်ဘက်တိုက်ပွဲမရှိပေမယ့် ဓမ္မသကျေးရွာ နေအိမ်မီးမလောင်ခင် မတ်လ ၂၇ ရက် မွန်းလွဲ ၂ နာရီလောက်ကတည်းက စစ်ကောင်စီဘက်ကပစ်ခတ်တဲ့ လက်နက်ကြီး လက်နက်ငယ်အသံတွေ ကြားနေရတယ်လို့ တရနာရွာခံက ဗွီအိုအေကို ပြောပါတယ်။

“အခုလည်း လက်နက်ကြီး၊ လက်နက်သေးနဲ့ ပစ်နေတာ။ သေနတ်သံကြားနေရတယ်။ အခုက် လက်ရှိအချိန် ကြားနေရတုန်းပဲ။ (တိုက်ပွဲ)မဖြစ်ဘူး။ ကျနော်တို့ တဘက်ပဲ အသံကြားနေတယ်။ ရွာနားမှာပဲ သူတို့ သင်္ဘောတွေ ရှိတယ်လေ။ လက်နက်ကြီးနဲ့ ထုနေတာ။”

မတ်လ ၂၆ ရက်ကလည်း နှစ်ဖက်ပစ်ခတ်မှုမရှိဘဲ စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကော့ဘိန်းကျေးရွာ နောင်ခေတ်ရပ်ကွက်မှာ အနည်းဆုံး ကလေးသူငယ် ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကော့ဘိန်းရွာခံတဦးက ဗွီအိုအေကို ပြောပါတယ်။ ကော့ဘိန်းကျေးရွာတဝိုက်မှာ တော်လှန်ရေးပူးပေါင်းတပ်တွေ လှုပ်ရှားနေပြီး တရနာကျေးရွာတဝိုက်မှာတော့ စစ်ကောင်စီတပ်တွ တပ်စွဲနေရာယူထားပြီး နှစ်ဘက် စစ်ရေးတင်းမာနေဆဲဖြစ်တယ်လို့ ရွာခံတွေက ဗွီအိုအေကို ပြောပါတယ်။

“ဒီဘက်မှာလည်း မွန်နဲ့ ကရင်ရှိနေတယ်။ အခု သူတို့ နေတဲ့ အကွာအဝေးက ၇ မိုင်လောက်ပဲ ရှိကြတယ်။ သူတို့သိနေကြတယ်၊ အချက်သံတွေ ပေးနေတယ် သူတို့…မကြားမကြား ဒုန်း…ဒုန်း…ဒုန်း ချနေတာ အမြောက်နဲ့။”

ကော့ဘိန်းဒေသမှာ မွန်ပြည်သစ်ပါတီ (စစ်အာရှင်တိုက်ဖျက်ရေး) NMSP-AD ၊ မွန်ပြည်လွတ်မြောက်ရေးတပ်မတော် (MLA)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ၊ ကျားဖြူစစ်ကြောင်း တပ်ခွဲ(၃)၊ Lion Battalion အဖွဲ့၊ ဂဠုန်စစ်ကြောင်း Drone ( G2 / G3 )တပ်ဖွဲ့ ၊ KNDO တပ်ရင်း (၆) Drone အဖွဲ့ ၊ Alphabet Fixed Wing Drone တပ်ဖွဲ့ နဲ့ Saw Dragon Drone တို့က ပူးပေါင်းတိုက်ခိုက်နေကြတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG