သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကော့ကရိတ် ကော့ဘိန်းရဲစခန်း တော်လှန်ရေးပူးပေါင်းတပ်တွေ သိမ်းယူ


မွန်နဲ့ကရင်ပြည်နယ်စပ် ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းကျေးရွာ ရဲစခန်းကို တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းယူစဥ်။ (မတ်လ ၂၅၊ ၂၀၂၄/Lion Battlian)
မွန်နဲ့ကရင်ပြည်နယ်စပ် ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းကျေးရွာ ရဲစခန်းကို တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းယူစဥ်။ (မတ်လ ၂၅၊ ၂၀၂၄/Lion Battlian)

မွန်-ကရင်နယ်စပ် ကော့ကရိတ်မြို့နယ် ကော့ဘိန်းကျေးရွာ ရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက မတ်လ ၂၅ ရက်၊ တနင်္လာနေ့က သိမ်းယူခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်ဖွဲ့နဲ့ မိသားစုဝင်တွေ အလံဖြူထောင်ပြီး အယောက် ၂၀ လက်နက်ချခဲ့တယ်လို့လည်း ဒေသခံတွေကပြောပါတယ်။ ကော့ဘိန်းရွာရဲစခန်း သိမ်းပိုက်အပြီးမှာပဲ ကော့ဘိန်းရွာနဲ့ ၆ မိုင်လောက်ဝေးတဲ့ တရနာရွာ ရဲစခန်းမှာလည်း တိုက်ပွဲတွေဖြစ်နေပါတယ်။ ဒီအကြောင်းသတင်းပေးပို့ချက်ကို မသိင်္ဂီထိုက်က တင်ပြပေးထားပါတယ်။

ကော့ဘိန်းကျေးရွာ ရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ နှစ်ရက်ကြား တိုက်ခိုက်ခဲ့ပြီးနောက် မတ်လ ၂၅ ရက် ညနေ ၅ နာရီခွဲလောက်မှာ စခန်းကိုသိမ်းယူပြီး မီးရှို့ဖျက်ဆီးလိုက်တာပါ။ စစ်ကောင်စီတပ်ဖွဲ့နဲ့မိသားစုဝင်တွေ အလံဖြူထောင်ပြီး အယောက် ၂၀ လက်နက်ချခဲ့တယ်လို့ မြေပြင်မှာရှိတဲ့ လူမှုကယ်ဆယ်ရေးသမားက ဗွီအိုအေ ခုလို ပြောပါတယ်။

“သူတို့ ၅ နာရီခွဲမှာတော့ သိမ်းပိုက်သွားတယ်ပေါ့။ အလံဖြူတွေထောင်ပြီးတော့၊ ရဲစခန်းကတော့ အယောက် ၂၀။ ကလေးအပါပေါ့၊ ဖမ်းမိသွားတယ်ပေါ့။ အလံဖြူထောင်ပြီးတော့ လက်နက်ချတယ်လေ။ ပြီးတော့ စခန်းကို မီးရှို့လိုက်ကုန်ပြီ။ လက်နက်တွေ သိမ်းရတာရှိတယ်။ လိုင်းပေါ်မှာ တင်ထားတာပဲလေ၊ သိမ်းထားတာရှိတယ်လေ။ သိမ်းပိုက်ထားတဲ့နောက်ပိုင်းမှာဆိုရင်တော့ M-16 က တခေါက်ပြေးတယ်၊ ဟယ်ရီကော့ပတာ တခေါက်ပြေးတယ်၊ ပစ်ချတယ်ပေါ့။”

မွန်ပြည်သစ်ပါတီ (စစ်အာရှင်တိုက်ဖျက်ရေး) NMSP-AD ၊ မွန်ပြည်လွတ်မြောက်ရေးတပ်မတော် (MLA)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ၊ ကျားဖြူစစ်ကြောင်း၊ ဂဠုန်စစ်ကြောင်းပူးပေါင်းအဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။ တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က အထိအခိုက်အကျအဆုံးမသိရပေမယ့် တော်လှန်ရေးပူးပေါင်းအဖွဲ့တွေဘက်က တဦးသေဆုံးပြီး တဦးထိခိုက်ဒဏ်ရာရရှိတယ်လို့ လူမှုဆယ်ကယ်ရေးသမားက ပြောပါတယ်။ စခန်းသိမ်းယူပြီးတဲ့နောက်မှာ စစ်ကောင်စီဘက်က အဲဒီ့နေရာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့လည်း ဆိုပါတယ်။

ရဲစခန်းသိမ်းတိုက်ပွဲနဲ့ လက်နက်ချသူတွေနဲ့ပတ်သက်လို့ သိရဖို့ တော်လှန်ရေးအဖွဲ့ဘက်ကိုရော စစ်ကောင်စီဘက်ကိုပါ မေးမြန်းဖို့ကြိုးစားပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။ စစ်ကောင်စီဘက်က တစုံတရာ ထုတ်ပြန်တာလည်းမရှိသေးပါဘူး။ ကော့ဘိန်းရွာရဲစခန်း သိမ်းပိုက်ပြီးနောက် ကော့ဘိန်းရွာနဲ့ ၆ မိုင်လောက်ဝေးတဲ့ တရနာရွာ ရဲစခန်းမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ မြေပြင် လူမှုကယ်ဆယ်ရေးသမားက ပြောပါတယ်။

“အခုကျတော့ တရနာမှာ ဖြစ်နေပြီ။ အခုဖြစ်နေပြီလေ။ ဟိုညနေက ဒီမှာ စခန်းသိမ်းပြီးတော့ တဆက်တည်းဖြစ်သွားတာပေါ့။ အခု ကြားရလား၊ အခုပစ်နေတုန်းပဲ။ အလုံးကြီးတွေကျနေတယ်။ တရနာရွာမှာ ရဲစခန်းရှိတယ်။ အခုဖြစ်နေတုန်းပဲ။ အခြေအနေ မသိရသေးဘူး။”

ကော့ဘိန်းစခန်းသိမ်းတိုက်ပွဲ ပြီးဆုံးပေမယ့် စစ်ဘေးရှောင်ဒေသခံတွေကတော့ နေရပ်ပြန်နိုင်ဖို့ စောင့်ဆိုင်းဆဲပဲလို့လည်း ပြောပါတယ်။

“အခုကတော့ ဒီညတော့ စောင့်ကြည့်ရတာပေါ့၊ ပြန်တဲ့လူက မပြန်ရဲသေးဘူး။ ဒီညတညတော့ ခိုပြီးတော့ စောင့်နေရတာပေါ့၊ မနက်ဖြန်ကျမှ အခြေအနေကြည့်ပြီးတော့ ပြန်မယ်လေ။ အခုတော့ ကျနော်တို့ ကယ်ဆယ်ရေးအဖွဲ့တွေကတော့ ဒီဘေးရှောင်သမားတွေကို ကျနော်တို့ ဆေးလိုက်ကုပေးနေတယ်လေ။ ဒေါက်တာခေါ်ပြီးတော့ ဆေးလိုက်ကုနေတယ် အခု။”

တိုက်ပွဲကြောင့် ကော့ဘိန်း၊ ကော့ပေါက်၊ ဘုရားကြီး၊ ကော့ကရိတ်၊ လိမ္မော်ကုန်း၊ နောင်ခေတ်နဲ့ ကော့ပလိုင် စတဲ့ ကျေးရွာ ၇ ရွာထက်မနည်း ခန့်မှန်းခြေ လူဦးရေ လေးသောင်းကျော် အိုးအိမ်စွန့်ခွာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG