သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘားအံ ရင်ကွဲတောင်တပ်စခန်း KNLA နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်


မတ် ၁၁၊ ၂၀၂၄ က ဖလူးတပ်စခန်းကို ကရင် KNLA/PDF ပူးပေါင်းတပ်တွေ သိမ်းပိုက်ခဲ့တဲ့ မှတ်တမ်း ဓာတ်ပုံ။
မတ် ၁၁၊ ၂၀၂၄ က ဖလူးတပ်စခန်းကို ကရင် KNLA/PDF ပူးပေါင်းတပ်တွေ သိမ်းပိုက်ခဲ့တဲ့ မှတ်တမ်း ဓာတ်ပုံ။

ကရင်အမျိုးသားအစည်းအရုံး ဌာနချုပ်ရှိရာ တပ်မဟာ (၇) နယ်မြေ၊ ဘားအံခရိုင်၊ နဘူးမြို့နယ်အတွင်းက စစ်ကောင်စီရဲ့ရင်ကွဲတောင်စခန်းကို မတ်လ ၂၃ရက်နေ့မနက်အစောပိုင်းမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နဲ့ပူးပေါင်းတပ်တွက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ဆိုပါတယ်။ အဲဒီနယ်မြေမှာတော့ ဒေသခံတွေလည်းထွက်ပြေးနေရပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက်မအေးအေးမာကသတင်းပေးပို့ထားပါတယ်။

ကရင်အမျိုးသားအစည်းအရုံး ဌာနချုပ်ရှိရာ တပ်မဟာ (၇) နယ်မြေမှာ စစ်တပ်ကအာဏာသိမ်းပြီးကတည်းကနှစ်ဖက်တိုက်ပဲွမရှိခဲ့ပေမယ့် မတ်လ ၁၉ ရက်နေ့ကစပြီး တိုက်ပဲွတွေ စဖြစ်လာသလို မတ်လ၂၃ ရက်နေ့ကတော့ ဘားအံခရိုင်၊ နဘူးမြို့နယ်အတွင်းက စစ်ကောင်စီရဲ့ တပ်စခန်းတခုဖြစ်တဲ့ ရင်ကဲွတောင်တပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်နဲ့ ပူးပေါင်းတပ်တွေက ဝင်ရောက်သိမ်းပိုက်ခဲ့တယ်လို့ ပူးပေါင်းတပ်ဖွဲ့ ခေါင်းဆောင်တဦးကပြောပါတယ်။

"၂၀၂၁ စကတည်းက တပ်မဟာ(၇)မှာက တိုက်ပဲွမဖြစ်ခဲ့ဘူး။ အခု မတ်လ ၂၃ရက်နေ့မှာတော့ တပ်မဟာ(၇)မှာရှိတဲ့ ရင်ကွဲတောင်စခန်းကို KNLA နဲ့ပူးပေါင်းတပ်တွေက စခန်းသိမ်းတိုက်ပွဲဖြစ်ခဲ့တယ်။ တိုက်ပွဲမှာတော့လက်နက် ၁၀လက်လောက်ရခဲ့တယ်။ တပ်မဟာ(၇)ကတော့ အဓိကပြောချင်တာက KNU ဌာနချုပ်ရှိတဲ့နယ်မြေလည်းဖြစ်တယ်။ အခုရောက်လာတဲ့ PDF ရဲဘော်တွေကိုသင်တန်းပေးတာတွေရှိတယ်။ ထောက်ပို့လမ်းကြောင်းတွေနောက်တခုကတော့ အသွားအလာအတွက်လွယ်ကူအောင် သေနတ်မပေါက်ပဲငြိမ်နေခဲ့တာပါ။ အခုကတော့ သေနတ်ပေါက်သင့်တဲ့အချိန်ရောက်ပြီဖြစ်လို့ စခန်းတခုကိုစပြီးသိမ်းပိုက်လိုက်တာဖြစ်ပါတယ်။

ဒီအခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကသတင်းထုတ်ပြန်တာတွေတော့မရှိသေးပါဘူး၊ မတ်လအတွင်းမှာ ကေအန်ယူတပ်မဟာ(၆)ထိမ်းချုပ်ရာနယ်မြေတွေမှာတိုက်ပဲွတွေကြောင့်စစ်ကောင်စီတပ်သား ၁၂၀လောက်ထိုင်းဘက်ကို ထွက်ပြေးတာတွေလည်းရှိခဲ့ပါတယ်။

အခုတပ်မဟာ(၇)ထိမ်းချုပ်နယ်မြေမှာတော့ ပြီးခဲ့တဲ့ရက်ကလည်း နှစ်ဖက်ထိတွေ့တိုက်ပဲွတွေဖြစ်ခဲ့ပြီး အခုအခါမှာတော့ စခန်းသိမ်းတိုက်ပွဲကြောင့် တိုက်ပဲွတွေအရှိန်မြှင့်လာတာကြောင့် ဒေသခံတွေဘေးလွတ်ရာကိုထွက်ပြေးနေကြတယ်လို့လည်း ပြောပါတယ်။

"ပြီးခဲ့တဲ့ မတ်လ ၁၉ရက်နေ့ကလည်းကျနော်တို့နယ်မြေထဲကိုစကစရောက်လာလို့ မော်ဖိုးကေဆိုတဲ့နေရာနားမှာတိုက်ပဲွတွေဖြစ်ခဲ့တယ်၊ စကစကတော့စခန်းကိုစွန့်ခွာရပြီး ကျသွားပြီဆိုရင် ထုံးစံအတိုင်းပဲ အနီးနားနာက ရွာတွေကိုလက်နက်ကြီးတွေနဲ့ လှမ်းပစ်ကြတယ်၊ အနီးနားက ထီဖိုးစံ တို့၊ လက်ပံကုန်းတို့ကိုလှမ်းပစ်တယ်။ အနီးနားကရွာတွေကလည်း စစ်ဘေးရှောင်နေကြရတယ်။ စစ်ရေးအရတော့တင်းမာဖို့တွေလည်းရှိတယ်။"

စစ်ကောင်စီရဲ့ရင်ကွဲတောင်စခန်းကတော့ ကော့ကရိတ်က နဘူးကိုသွားတဲ့ ကျေးရွာတွေကြားမှာရှိပြီး အဲဒီအနီးနာက မြပတိုင် ကျေးရွာ ထီးဖိုးစံကျေးရွာ ဆိတ်ဖူးကုန်း ကျေးရွာတွေက ဒေသခံတွေလည်းထွက်ပြေးနေရပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၁၉ရက်နေ့ကစပြီး ၃ နှစ်အတွင်း ပထမဦးဆုံးအကြိမ် တိုက်ပဲွဖြစ်ပြီးတဲ့နောက် အခုအခါမှာ စခန်းသိမ်းတိုက်ပဲွလုပ်လာတဲ့အတွက် ကေအန်ယူ တပ်မဟာ (၇) နေရာမှာ နောက်ထပ်တိုက်ပဲွတွေ ဆက်ဖြစ်လာမယ်လို့ ဒေသခံတွေက ယူဆတာကြောင့်ကော လက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့်ပါ ဒေသခံပြည်သူတေွရာနဲ့ချီပြီးထွက်ပြေးနေကြရပါတယ်။

Forum

XS
SM
MD
LG