သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနိုင်ငံ အုန်းဖန်မြို့နယ်ထဲ စစ်ကောင်စီတပ်တွေဝင်လာမှု ထိုင်းအမတ်မေးခွန်းထုတ် 


ထိုင်းမြန်မာနယ်စပ် စစ်ဆေးရေးဂိတ်တခုမြင်ကွင်း။ Photo: AFP
ထိုင်းမြန်မာနယ်စပ် စစ်ဆေးရေးဂိတ်တခုမြင်ကွင်း။ Photo: AFP

မြန်မာနဲ့နယ်မြေချင်းထိစပ်နေတဲ့ တာ့ခ်ခရိုင်၊ အုန်းဖန်မြို့နယ်ထဲက ကျေးရွာတွေမှာ လက်နက်အပြည့်အစုံတပ်ဆင်ထားတဲ့ မြန်မာစစ်ကောင်စီတပ်သားတွေ နယ်စပ်ဖြတ်ကျော်ဝင်ရောက်တာတွေရှိတယ်ဆိုတဲ့ သတင်းတွေကို စုံစမ်းစစ်ဆေးဖို့ တရားမျှတရေးပါတီ (Fair Party) လွှတ်တော်အမတ် ကန်နာဝီ ဆွပ်ဆင် (Kannavee Suebsang) က အစိုးရကို ဖိအားပေးလိုက်ပါတယ်။ “ဒီသတင်းတွေသာအတည်ပြုနိုင်ရင် အစိုးရအနေနဲ့ ပြည်သူတွေကို ပြောပြရမယ်” လို့ သူက တောင်းဆိုပါတယ်။

ဖြစ်စဉ်နှစ်ခုမှာ ထိုင်းနိုင်ငံက မြန်မာစစ်တပ်အပေါ် အကာအကွယ်ပေးပြီး လက်တွဲနေတယ်လို့ ယူဆနိုင်စရာဖြစ်ခဲ့ကြောင်း ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) ရဲ့ မြန်မာနဲ့ ကရင်ဘာသာမီဒီယာတွေရဲ့ ပြောဆိုချက်တွေကို ကိုးကားပြီး အတိုက်အခံလွှတ်တော်ကိုယ်စားလှယ်က အခုလို တောင်းဆိုတာပါ။ “မြန်မာစစ်သား ၁၀၀ နီးပါး ဝင်လာတာက ထိုင်းနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ချိုးဖောက်တာဖြစ်ပြီး အမျိုးသားရေးကိစ္စဖြစ်ပါတယ်၊ နယ်စပ်ကိစ္စမဟုတ်ဘူး။” လို့သူက ဆိုပါတယ်။ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနတွေအနေနဲ့ ဒီကိစ္စကို စုံစမ်းစစ်ဆေးပြီး နိုင်ငံတကာ ဆက်ဆံရေးကိစ္စအဖြစ် သဘောထားသင့်ကြောင်း သူက ပြောပါတယ်။

မြန်မာစစ်တပ်က လက်နက်ကိုင်စစ်သား ၈၀ ကနေ ၁၀၀ ကြားဟာ နယ်စပ် ရွာနှစ်ရွာဖြစ်တဲ့ Ban Le Tong Khu (ဘန်လေတုံခူး) နဲ့ Ban Mo Ta Lua (ဘန်မိုတလူအာ) ရွာတွေကို စက်တင်ဘာ ၃ ရက်က ဖြတ်သန်းခဲ့ကြောင်း ထိုင်း-မြန်မာနယ်စပ်မှာအခြေစိုက်တဲ့ တက်ကြွလှုပ်ရှားသူတွေရဲ့ အချက်အလက်ကို ကိုးကားပြီး အမတ် Suebsang က ပြောပါတယ်။ မြန်မာစစ်သားတွေဟာ ထိုင်းဘက်ခြမ်းမှာ ထိုင်းလူနေ ကျေးရွာတွေနဲ့ မိုင်ဝက်သာသာလောက်အကွာအထိရောက်ခဲ့ပြီး လယ်ကွင်းထဲမှာ စခန်းချခဲ့တယ်လို့ ဆိုပါတယ်။ နောက်ပိုင်းကျမှ အဲဒီလို ထိုင်းမြေပေါ်မှာ မြန်မာ စစ်ကောင်စီစစ်သားတွေရောက်နေကြောင်းကို ထိုင်းရွာသားတွေက သူတို့ရဲ့ ရွာသူကြီးကို သတင်းပို့ခဲ့တယ်လို့ ဆိုပါတယ်။

ဒီ အကြောင်းကို ဒေသခံတွေက အင်တာနက်လူမှုကွန်ရက်မှာ စက်တင်ဘာ ၅ ရက်က ပို့စ်တင် ပြောဆိုကြတဲ့အချိန်အထိ အနီးနားမှာတပ်စွဲထားတဲ့ ထိုင်းစစ်တပ်ကလည်း မြန်မာစစ်ကောင်စီတပ် ကျူးကျော်ဝင်ရောက်လာတာနဲ့ပတ်သက်ပြီး တစုံတရာ အရေးယူ ဆောင်ရွက်တာမရှိဘူးလို့ လွှတ်တော်အမတ် Kannavee Suebsang က ပြောပါတယ်။ အွန်လိုင်းမှာ သတင်းတွေထွက်လာတော့မှ ထိုင်းစစ်တပ်က စစ်ကောင်စီတပ်နဲ့ KNLA ကရင့် လွတ်မြောက်ရေးတပ် နှစ်ဘက်စလုံးကို ကိုယ်စားလှယ်အဖွဲ့စေလွှတ်ပြီး စစ်ကောင်စီတပ်ရဲ့လမ်းကြောင်းကို KNLA က ပိတ်ဆို့ထားတာ ဖယ်ရှားပေးဖို့ ညှိနှိုင်းခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီအချိန်မှာလည်း မြန်မာစစ်သားတွေက ပြန်ထွက်မသွားသေးလို့ ထိုင်းစစ်တပ်က နောက်ထပ် ဒုတိယအကြိမ် ညှိနှိုင်းတောင်းဆိုခဲ့ရတယ်လို့ ပြောပါတယ်။ ကပ်လျက် သီတင်းပတ်ထဲမှာလည်း လက်နက်ကိုင် မြန်မာစစ်သား ၁၀ ကနေ ၂၀ ကြားလောက်ဟာ ရိက္ခာဝယ်ဖို့ ဘန်လေတုံခူးကို နောက်ထပ် ဝင်ခဲ့သေးကြောင်း ဒေသခံတွေက ပြောလို့ ရွာသူကြီးက ထိုင်းစစ်တပ်ကို ထပ်မံ အကြောင်းကြားခဲ့ရပါတယ်။

ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ထိုင်းနယ်စပ်က လက်ခတ်တောင် တာဝါကုန်း စခန်းကို KNLA ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ ဇူလိုင်လထဲမှာသိမ်းယူခဲ့ပြီး နောက်ပိုင်း စစ်ကောင်စီဘက်ကလည်း အဲဒီ စခန်းတဝိုက် နယ်စပ်မှာ လေကြောင်း တိုက်ခိုက်မှုတွေအပါအဝင် အကြိမ်ကြိမ် ထိုးစစ်ဆင်နေတယ်လို့ တော်လှန်ရေးတပ်တွေဘက်ကလည်း သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG