သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သင်္ဃန်းညီနောင်မှာ စစ်ကောင်စီ စစ်ရဟတ်ယာဉ် ပျက်ကျ 


ကရင်ပြည်နယ်၊ မြဝတီမြို့အနီး သင်္ဃန်းညီနောင်က ခြေမြန်တပ်ရင်း ခမရ (၃၅၅ ) မှာ ဇန်နဝါရီလ ၂၉ ရက်နေ့က မွန်းလွဲ ၂ နာရီခွဲဝန်းကျင်မှာ ပျက်ကျခဲ့တဲ့ စစ်ကောင်စီ စစ်ရဟတ်ယာဉ်။ (ဓာတ်ပုံ-CJ)
ကရင်ပြည်နယ်၊ မြဝတီမြို့အနီး သင်္ဃန်းညီနောင်က ခြေမြန်တပ်ရင်း ခမရ (၃၅၅ ) မှာ ဇန်နဝါရီလ ၂၉ ရက်နေ့က မွန်းလွဲ ၂ နာရီခွဲဝန်းကျင်မှာ ပျက်ကျခဲ့တဲ့ စစ်ကောင်စီ စစ်ရဟတ်ယာဉ်။ (ဓာတ်ပုံ-CJ)

ကရင်ပြည်နယ်၊ မြဝတီမြို့အနီး သင်္ဃန်းညီနောင်က ခြေမြန်တပ်ရင်း ခမရ (၃၅၅ ) မှာ ဇန်နဝါရီလ ၂၉ ရက်နေ့က မွန်းလွဲ ၂ နာရီခွဲဝန်းကျင်မှာ စစ်ကောင်စီ စစ်ရဟတ်ယာဉ်တစီး ပျက်ကျခဲ့ပါတယ်။ KNU ပူးပေါင်းတပ်ဖွဲ့တွေက သူတို့ ပစ်ချခဲ့တာဖြစ်ပြီး ယာဉ်ပေါ်ပါတဲ့ တပ်မ ၄၄ တပ်မမှူး ဗိုလ်မှူးချုပ် အေးမင်းနောင်အပါအဝင် ၅ ဦးခန့် သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ ဒီသတင်းကိုတော့ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။

ကရင်ပြည်နယ်၊ မြဝတီမြို့အနီး သင်္ဃန်းညီနောင်မှာ တပ်ပြောင်းဖို့လာတဲ့ တပ်မ ၄၄ တပ်မမှူးစီးလာတဲ့ရဟတ်ယာဉ်တစီး ဇန်နဝါရီလ ၂၉ ရက်နေ့က ပျက်ကျခဲ့တာပါ။ ဒီပျက်ကျမှုဟာ စစ်ကောင်စီနဲ့ တိုက်ပွဲတွေဖြစ်နေတဲ့ကရင်အမျိုးသားလွတ်မြောက်ရေးတပ်နဲ့ PDF ပူးပေါင်းထားတဲ့ ကော်ဘရာစစ်ကြောင်းက Missile ၊ ပွိုင့်ဖိုက်၊ စနိုက်ပါတို့နဲ့ရဟတ်ယာဉ်ကိုပစ်ချခဲ့တာဖြစ်တယ်လို့ ပူးပေါင်းတပ်ဖွဲ့တွေဘက်က ခေါင်းဆောင်တဦးကပြောပြပါတယ်။

"ဒီနေ့ ဇန်နဝါရီလ၂၉ ရက်နေ့ ၂ နာရီ၊ ၄၅ မိနစ်လောက်မှာ သင်္ဃန်းညီနောင်ဗျူဟာကုန်းကို တပ်ချိန်းဖို့ရောက်လာတဲ့ တပ်မ ၄၄ ဗျူဟာမှူးအပါအဝင် ရဟတ်ယာဉ်နဲ့လာတဲ့အချိန်မှာ ဗိုလ်ဒါဘောအဖွဲ့က စနိုက်ပါနဲ့ပစ်လိုက်တာ။ ရဟတ်ယာဉ်မောင်းကိုထိတဲ့အချိန်မှာ လေယာဉ်က ထိုးကျသွားတယ်။ ပျက်ကျသွားတယ်။ အဲဒါ ရဟတ်ယာဉ်မောင်းတဲ့သူအပါအဝင် ရဲဘော် ၅ ယောက် ကျဆုံးသွားတယ်လို့ သတင်းရပါတယ်။ ဒီနေ့ဖြစ်တဲ့ဖြစ်စဉ်ပါနော်။ သင်္ကန်းညီနောင်မှာဖြစ်တာပါ။ ကျနော်တို့ စုံစမ်းရသလောက်တော့ တပ်မမှူးက ပြင်းထန်တဲ့ဒဏ်ရာနဲ့လို့ကြားတယ်။ ညနေပိုင်းစုံစမ်းတာကတော့ သေသွားပြီလို့တော့ ကြားတယ်။"

ပျံသန်းတဲ့ရဟတ်ယာဉ်က အနိမ့်ပျံသန်းလာတာကြောင့်ကော သတင်းရရှိထားတာကြောင့်ပါ လုပ်နိုင်ခဲ့တာလို့လည်း ပြောပါတယ်။

"သတင်းအရလည်းပါတယ်။ သူတို့တပ်ချိန်းမယ်ဆိုတာသိတယ်။ ပိုင်းလော့ထိတဲ့အချိန်မှာ ရဟတ်ယဉ်က အတော် အထိန်းအကွပ်မဲ့သွားတယ်။ ရဟတ်ယာဉ်ကလည်း အတော်နိမ့်တယ်ပြောရမယ်။"

စစ်ရဟတ်ယာဉ်ကတော့ ခမရ ၃၅၅/၃၅၆ တပ်ရင်း နှစ်ခုနေရာကြား တောအုပ်ထဲကို ပျက်ကျသွားကြောင်းသိရပြီး ကယ်ဆယ်ရေး လုပ်ဆောင်နေကြောင်း သင်္ဃန်းညီနောင်ဒေသခံတွေကပြောသလို အမည်မဖော်လိုတဲ့စစ်ကောင်စီတပ်သားတွေဘက်ကလည်း ရဟတ်ယဉ်ပျက်ကျမှုကို အတည်ပြုပြောကြားခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကို ဆက်သွယ်မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူးရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG