သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ လေယာဥ်ဆီတင်သွင်းမှု အာမခံကုမ္ပဏီတွေကို Burma Campaign UK ဖိအားပေး


FILE - Myanmar Air Force fighter jets drop bombs during exercises Feb. 2, 2018, in Myanmar's Ayeyarwaddy delta region. In a report released Nov. 3, 2022, Amnesty International is urging suppliers of aviation fuel to Myanmar's military government to suspen
FILE - Myanmar Air Force fighter jets drop bombs during exercises Feb. 2, 2018, in Myanmar's Ayeyarwaddy delta region. In a report released Nov. 3, 2022, Amnesty International is urging suppliers of aviation fuel to Myanmar's military government to suspen

မြန်မာနိုင်ငံကို လေကြောင်းလောင်စာဆီတွေ ပို့ဆောင်ခြင်းအတွက် အာမခံဝန်ဆောင်မှုပေးနေတာကို ရပ်တန့်ဖို့ ဗြိတိန်အာမခံကုမ္ပဏီ ၅ ခုကို ဗြိတိန်အခြေဆိုက် Burma Campaign UK က တောင်းဆိုလိုက်ပါတယ်။ အဲ့ထဲမှာ UK P&I , Steamship Mutual, Britannia P&I, North Standard၊ Shipowners Club ကုမ္ပဏီတွေ ပါဝင်ပါတယ်။

မြန်မာ လေယာဥ်ဆီတင်သွင်းမှု အာမခံကုမ္ပဏီတွေကို Burma Campaign UK ဖိအားပေး


မြန်မာနိုင်ငံကို လေကြောင်းလောင်စာဆီတွေ ပို့ဆောင်ခြင်းအတွက် အာမခံဝန်ဆောင်မှုပေး နေတာကို ရပ်တန့်ဖို့ ဗြိတိန်အာမခံကုမ္ပဏီ ၅ ခုကို ဗြိတိန် အခြေဆိုက် မြန်မာ့အရေး လှုပ်ရှားတဲ့ အဖွဲ့ တခုဖြစ်တဲ့ Burma Campaign UK က ဧပြီ ၂၀ ရက်နေ့က တောင်းဆိုလိုက်ပါတယ်။

ကုမ္ပဏီ (၅) ခုရဲ့ အမည်တွေကိုလည်း ကြေညာထားပြီး အဲ့ထဲမှာ UK P&I၊ Steamship Mutual၊ Britannia P&I၊ North Standard၊ Shipowners Club ကုမ္ပဏီတွေ ပါဝင်ပါတယ်။

ဒီ ကုမ္ပဏီတွေဟာ မြန်မာနိုင်ငံကို လေကြောင်းလောင်စာဆီ ပို့ဆောင်ပေးနေတဲ့ သင်္ဘောတွေအတွက် အကာအကွယ်နဲ့ လျော်ကြေးငွေ အာမခံ ပေးထားတဲ့ သင်္ဘောပိုင်ရှင်များ အပြန်အလှန် အာမခံအသင်းဝင် ကုမ္ပဏီတွေ ဖြစ်ပါတယ်။

မြန်မာနိုင်ငံကို လေကြောင်းလောင်စာဆီ ပို့ဆောင်ပေးရာမှာ ထောက်ပံ့ရေးကွင်းဆက် အဖြစ် ပါဝင်နေတဲ့ ဒီ ကုမ္ပဏီတွေရဲ့ အခန်းကဏ္ဍကို နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ Amnesty International က ထုတ်ပြန်တဲ့ “သေမင်းတမန် ကုန်ပစ္စည်း” အမည်နဲ့ အစီရင်ခံစာမှာလည်း ဖော်ပြထားပါတယ်။

“မြန်မာနိုင်ငံကို လေကြောင်းလောင်စာဆီ ပို့ဆောင်ပေးနေတဲ့ ထောက်ပံ့ရေးကွင်းဆက်မှာ ပါ၀င်နေတဲ့ ကုမ္ပဏီတိုင်းဟာ အရပ်သားတွေကို လေကြောင်းတိုက်ခိုက်မှုတွေမှာ ပူးတွဲ တရားခံ၊ ကြံရာပါ တွေ ဖြစ်လာမှာ ဖြစ်လို့ ချက်ချင်းရပ်သင့်ပါတယ်” လို့ Burma Campaign UK ရဲ့ ဒါရိုက်တာ မာ့ခ်ဖာမနာ က ပြောပါတယ်။

“အာမခံပေးသူတွေက နောက်ကွယ်မှာ အများစု လုပ်ကိုင်နေကြပေမယ့် မြန်မာနိုင်ငံကို လေကြောင်းလောင်စာဆီ ပို့ဆောင်ရာမှာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေလို့ ဒီကုမ္ပဏီတွေက မြန်မာပြည်ကို လေကြောင်းလောင်စာဆီ ပို့ဆောင်ပေးမယ့် သင်္ဘောတွေအတွက် အာမခံ မပေးတော့ဘူးလို့ လူသိရှင်ကြား ကတိပြုရမှာ ဖြစ်ပါတယ်” လို့ Burma Campaign UK က တောင်းဆိုထားပါတယ်။

မြန်မာစစ်တပ်ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းဖို့ ကြိုးပမ်းခဲ့ချိန်က စပြီး နိုင်ငံကို ထိန်းချုပ်နိုင်ဖို့ လေကြောင်းတိုက်ခိုက်မှုတွေကို အရှိန်မြင့် လုပ်ဆောင်နေတယ်လို့လည်း Burma Campaign UK က ပြောပါတယ်။ စစ်တပ်ဟာ အရင်က ထိုးစစ်ဆင် တိုက်ခိုက်မှုတွေကြောင့် ထွက်ပြေး တိမ်းရှောင်နေရသူတွေရဲ့ ကျန်းမာရေးဆေးပေးခန်းတွေ၊ စာသင်ကျောင်းတွေ၊ နေအိမ်တွေ၊ ဘာသာရေးအဆောက်အအုံတွေနဲ့ ဒုက္ခသည် စခန်းတွေ အပါအဝင် အရပ်သားပစ်မှတ်တွေကို ရည်ရွယ်ချက်ရှိရှိနဲ့ သိမ်းကျုံးပြီး လေကြောင်းကနေ တိုက်ခိုက်နေတယ်လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံမြောက်ပိုင်း စစ်ကိုင်းတိုင်း ဒေသကြီးထဲမှာ ဧပြီလ ၁၁ ရက်နေ့က လေကြောင်း တိုက်ခိုက်မှုကြောင့် ကလေးငယ် ၄၀ အပါအဝင် လူ ၁၇၀ ဝန်းကျင် သေဆုံးခဲ့ပါတယ်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ တုန်းကလည်း ဗြိတိသျှအစိုးရကလည်း မြန်မာနိုင်ငံကို တင်သွင်းတဲ့ လေကြောင်းလောင်စာဆီနဲ့ ပတ်သက်ပြီး ဗြိတိသျှကုမ္ပဏီတွေကို လမ်းညွှန်ချက်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီမှာ “မြန်မာစစ်တပ်က အရပ်သားပစ်မှတ်တွေကို လေကြောင်းကနေ တိုက်ခိုက်မှုတွေ ပုံမှန်လုပ်နေလို့ မြန်မာ့လေကြောင်းကဏ္ဍနဲ့ ဆက်စပ်နေတဲ့ ဘယ်အဖွဲ့အစည်းနဲ့ စီးပွားဆက်ဆံရာမှာ စီးပွားရေးလုပ်ငန်းတွေ အနေနဲ့ ဂျက် လေယာဥ် ဆီ လို ကုန်ပစ္စည်းတွေကို စစ်တပ် လက်ထဲ မရောက်စေဖို့ ထောက်ပံ့ရေးကွင်းဆက်ကို စေ့စေ့စပ်စပ်နဲ့ စစ်ဆေး ရမယ်” လို့ လမ်းညွှန်ထားတာပါ။

ဒါပေမယ့် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ Amnesty International ရဲ့ အစီရင်ခံစာမှာတော့ အရပ်ဘက် သုံး လေကြောင်းလောင်စာဆီတွေကို မြန်မာစစ်တပ်က ဘယ်လိုနည်းလမ်းတွေနဲ့ သိမ်းယူခဲ့တယ်ဆိုတာကိုလည်း ထုတ်ထားပါတယ်။ ဒီအချက်ကို ကိုးကားပြီး Burma Campaign UK က မြန်မာနိုင်ငံကို မြန်မာစစ်တပ် လက်ထဲ မရောက်စေဘဲ မြန်မာနိုင်ငံကို လေကြောင်းလောင်စာတွေ ပံ့ပိုးပေးရေးက လုံးဝ မဖြစ်နိုင်ဘူးလို့လည်း အခု ထုတ်ပြန်ချက်မှာ ထောက်ပြထားပါတယ်။ အခု မြန်မာနိုင်ငံကို လေကြောင်းလောင်စာဆီတွေ ပို့ဆောင်ပေးနေတဲ့ သင်္ဘောတွေကို အာမခံပေးနေတဲ့ ကုမ္ပဏီတွေဟာ ဗြိတိသျှအစိုးရရဲ့ လမ်းညွှန်ချက်ကို လိုက်နာခြင်းမရှိဘူးလို့လည်း ဆိုပါတယ်။

ဒီလို လမ်းညွှန်ချက်ကို မျက်ကွယ်ပြုပြီး မြန်မာနိုင်ငံကို လေကြောင်းလောင်စာဆီ ဖြန့်ဖြူးရာမှာ ဗြိတိန်ကုမ္ပဏီတွေ ပါဝင်နေတာကို ဟန့်တားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ဖို့ ဗြိတိန်အစိုးရက ပျက်ကွက်နေတယ်လို့လည်း ပြောထားပါတယ်။ ဒီလို ပိတ်ဆို့ အရေးယူမှုကို ကနေဒါနိုင်ငံကတော့ ချမှတ်ထားပါတယ်။

အခု လောလောဆယ်မှာတော့ ဗြိတိသျှအစိုးရဟာ မြန်မာစစ်တပ်ကို လေကြောင်းလောင်စာဆီရောင်းချနေတဲ့ မြန်မာကုမ္ပဏီတွေနဲ့ လူပုဂ္ဂိုလ်တွေကိုပဲ ဒဏ်ခတ်အရေးယူထားတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG