သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကော့ကရိတ် ကျိုက်ဒုံ ဗျူဟာကုန်းကို KNLF/PDF ပူးပေါင်းသိမ်းပိုက်


စစ်‌ကောင်စီရဲ့ ကျိုက်ဒုံ ဗျူဟာကုန်းစခန်းကို KNLA/PDF ပူးပေါင်းတပ်တွေ သိမ်းပိုက်စဥ် လက်နက်ချ အညံ့ခံခဲ့ကြတဲ့ ဗျူဟာမှူးအပါအဝင် တပ်မတော်သားများ။
စစ်‌ကောင်စီရဲ့ ကျိုက်ဒုံ ဗျူဟာကုန်းစခန်းကို KNLA/PDF ပူးပေါင်းတပ်တွေ သိမ်းပိုက်စဥ် လက်နက်ချ အညံ့ခံခဲ့ကြတဲ့ ဗျူဟာမှူးအပါအဝင် တပ်မတော်သားများ။

ကော့ကရိတ်မြို့နယ်‌ တောင်ပိုင်းရှိ ကျိုက်ဒုံ စစ်‌ကောင်စီဗျူဟာကုန်း စခန်းကို KNLA /PDF ပူးပေါင်းတပ်တွေကမတ်လ ၁၄ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်တပ်ဘက်က ဗျူဟာမှူးအပါအဝင် စုစုပေါင်း (၆၆)ဦး လက်နက်ချ အညံ့ခံခဲ့တယ်လို့ ဆိုပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။

KNU ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၆) လှုပ်ရှားရာ ကော့ကရိတ်မြို့နယ်‌ထဲမှာ စစ်ကောင်စီ တပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNLA/PDF ပူးပေါင်းတပ်တွေကြား တိုက်ပဲွဖြစ်နေပြီး၊ တလကျော်ကြာ နှစ်ဖက် ရင်ဆိုင်တိုက်ပဲွတွေ ဖြစ်နေတာပါ။ ဖေဖေါ်ဝါရီလ ၁၄ ရက်နေ့မှာတော့ ကျိုက်ဒုံစခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ပူးပေါင်းတပ်ဖဲွ့ဘက်က ခေါင်းဆောင်တဦးက ပြောပါတယ်။

" ဒါကို (ကျိုက်ဒုံစခန်းကုန်း)ကို ဖေဖေါ်ဝါရီလထဲက ကျနော်တို့က ထိုးစစ်ဆင် တိုက်ခိုက်နေတာပါ။ ကျိုက်ဒုံဗျူဟာကုန်းကိုပေါ့နော် အခုမတ်လ ၁၄ ရက်နေ့ ညနေ ၄ နာရီခွဲ လောက်မှာတော့ အလုံးစုံ သိမ်းပိုက်ရတာပေါ့နော်၊ သိမ်းပိုက်တဲ့ အထဲမှာမှ ဗျူဟာမှူးအပါအဝင် အရာရှိ ၁၂ ယောက် လက်နက်ချတယ်။ အားလုံးစုစုပေါင်း ရဲဘော်တွေအပါအဝင် ၆၆ ယောက် လက်နက်ချပါတယ်။ လက်နက်ခဲယမ်း အများကြီး သိမ်းဆည်းရမိပါတယ်။"


တလကျော်ကြာတဲ့အထိ ရိက္ခာတွေဖြတ်တောက်ပြီး ပိတ်ဆို့ထားတဲ့အတွက် အဲဒီစခန်းမှာ စားနပ်ရိက္ခာတွေ ပြတ်လပ်နေပြီး သောက်ရေကအစ အခက်အခဲတွေ ရှိနေတာလို့ဆိုပါတယ်။ စစ်ကောင်စီဘက်ကတော့ လေကြောင်းကနေ ပစ်ကူခဲ့ပေမယ့် မြေပြင်ကိုတော့ မထိုးဖောက်နိုင်ခဲ့တာကြောင့် ဗျူဟာမှူးအပါအဝင် တပ်သားတွေ အကုန်လုံး လက်နက်ချခဲ့တာလို့လည်း ပြောပါတယ်။ အခုဆိုရင် ဖမ်းမိသူ စစ်ကောင်စီတပ်ဖဲွ့ဝင်တွေကို စစ်သုံ့ပန်းဥပဒေအရ ထိန်းသိမ်းထားတယ်လို့လည်း ပြောပါတယ်။

" တလကျော်လောက် ကျိုက်ဒုံစခန်းကို ဝိုင်းဝန်းပိတ်ဆို့ထားတယ် ရိက္ခာဖြတ်တောက်ထားတယ်၊ ကျနော်တို့ ထိုးစစ်ဆင်တဲ့အချိန်မှာ အလံဖြူထောင်ပြီး လက်နက်ချတာပေါ့နော်။ ကျနော်တို့ကတော့ စစ်သုံ့ပန်းဥပဒေအရ ထိန်းသိမ်းထားတယ်၊ လိုအပ်တဲ့ မေးမြန်းစစ်ဆေးတာတွေလည်း ရှိတာာပေါ့နော်။ "

ဒီသတင်းနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

ကျိုက်ဒုံ ဗျူဟာကုန်းစခန်းသိမ်းတိုက်ပဲွကနေ ရရှိခဲ့တာကတော့ 120 MM အမြှောက်အပါအဝင် လက်နက်ပေါင်း ၁၀၀ ကျော်၊ ကျည်ဆံတွေ သိမ်းဆည်းရမိထားတယ်လို့ ပူးပေါင်းတပ်ဖဲွ့တွေဘက်က ပြောပါတယ်။ အခုဆိုရင်ကရင်ပြည်နယ် မြ၀တီခရိုင်အတွင်းက သင်္ကန်းညီနောင်ရဲစခန်း ခမရ ၃၅၅ နဲ့ ဖလူးစခန်းတွေကို စစ်ကောင်စီက ဆုတ်ခွါခဲ့ရပါတယ်။ အခုလည်း ဆယ်စုနှစ်နဲ့ချီပြီး တပ်စဲွထားတဲ့ ကျိုက်ဒုံစခန်းကိုပါ လက်လွှတ်ခဲ့ရပြီး အလံဖြူထောင် လက်နက်ချ အညံ့ခံ ခဲ့ကြတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG