သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သင်္ဃန်းညီနောင် ရဲစခန်းနဲ့ ခမရ ၃၅၅ ကို KNU ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်


သင်္ဃန်းညီနောင် ရဲစခန်းနဲ့ ခမရ ၃၅၅ တို့ကို KNU နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေက ဝင်ရောက် သိမ်းပိုက်စဥ်မြင်ကွင်း။ (Photo: C J)
သင်္ဃန်းညီနောင် ရဲစခန်းနဲ့ ခမရ ၃၅၅ တို့ကို KNU နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေက ဝင်ရောက် သိမ်းပိုက်စဥ်မြင်ကွင်း။ (Photo: C J)

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်မှာရှိတဲ့ သင်္ဃန်းညီနောင်ရဲစခန်းနဲ့ စစ်ကောင်စီရဲ့ခြေမြန်တပ်ရင်း ခမရ ၃၅၅ ကိုသိမ်းပိုက်လိုက်တယ်လို့ KNU နဲ့ PDF ပူးပေါင်းတပ်တွေက ပြောပါတယ်။ မတ်လ ၇ ရက် မနက်ပိုင်းမှာ နှစ်ဖက်တိုက်ပွဲတွေ စတင်ပြင်းထန်ခဲ့ပြီးနောက် မတ်လ ၈ ရက်နဲ့ ၉ ရက်နေ့တွေမှာ ခမရ ၃၅၅ နဲ့ သင်္ကန်းညီနောင် ရဲစခန်းကို တိုက်ခိုက်နိုင်ခဲ့တယ်လို့ ပူးပေါင်းတပ်ဖွဲတွေက ပြောပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ် ။

မြဝတီမြို့နယ်ထဲက သင်္ဃန်းညီနောင် အခြေစိုက် ခမရ ၃၅၅ တပ်ရင်းကို KNU နဲ့ PDF ပူးပေါင်းတပ်ဖွဲတွေဘက်ကသိမ်းပိုက်ပြီးနောက် သင်္ဃန်းညီနောင် ရဲစခန်းကိုပါ သိမ်းပိုက်ထားကြောင်း လက်နက် ၁၀၀ ကျော်ကိုသိမ်းဆည်းထားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင်တဦးကပြောပါတယ်။

" ကျနော်တို့ ကေအန်အယ်လ်အေနဲ့ ပီဒီအက်ဖ် ပူးပေါင်းတပ်ဖွဲ့တွေက သင်္ကန်းညီနောင်ကို ပူးပေါင်းထိုးစစ်ဆင်တိုက်ခိုက်တာကတော့ ခမရ ၃၅၅ တပ်ရင်းကိုလည်း သိမ်းပိုက်နိုင်ခဲ့တယ်၊ ဒီနေ့မှာလည်း သင်္ကန်းညီနောင် ရဲစခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်။ စကစကတော့ လေကြောင်းပစ်ကူတွေနဲ့ တနေကုန် ပြန်တိုက်ခိုက်တယ်၊ လက်နက်ကြီးလက်နက်ငယ်ကတော့ အလက် ၁၀၀ ကျော် သိမ်းပိုက်နိုင်ခဲ့တယ်၊ ပြီးတော့ သူတို့ စကစဘက်က သေတာလည်းအတုံးအရုံးပဲ သူတို့စခန်းကို စွန့်ခွာထွက်ပြေးတာတွေလည်းရှိတယ်၊ ကျနော်တို့ဘက်ကလည်း ရဲဘော် ၄ ယောက်ကျဆုံးတယ် သင်္ကန်းညီနောင်တိုက်ပွဲမှာပေါ့။"

စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပြန်ပစ်ခတ်တာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေပြင်းပြင်းထန်ထန် လုပ်နေပြီး တိုက်ပွဲတွေ ပြင်းထန်နေတဲ့အတွက် အရပ်သားတွေ ထိခိုက်ဒဏ်ရာ ရတာတွေဖြစ်နေတာပါ။ ပူးပေါင်းတပ်ဖွဲတွေဘက်ကတော့ စစ်ကောင်စီရဲ့လက်နက်ကြီးကြောင့်လို့ ပြောဆိုနေပေမယ့် စစ်ကောင်စီဘက်ကတော့ မဟုတ်မမှန် သတင်းအဖြစ် ပြန်လည် ရှင်းလင်းခဲ့ပါတယ်။

အခုလို ခမရ ၃၅၅ တပ်ရင်းနဲ့ သင်္ကန်းညီနောင် ရဲစခန်းကို ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်နိုင်ခဲ့ပြီလို့ ပြောပေမယ့်စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ ကေအန်ယူ တပ်မဟာ(၆)ထိမ်းချုပ်နယ်မြေထဲမှာ စစ်ကောင်စီရဲ့ ဗျူဟာကျတဲ့ စခန်းအတော်များများကို ပူးပေါင်းတပ်ဖွဲ့တွေဘက်က သိမ်းပိုက်နိုင်ခဲ့တယ်လို့လည်း ပြောပါတယ်။

" တပ်မဟာ(၆)နယ်မြေမှာ ကျနော်တို့ ၂၀၂၃ ဒီဇင်ဘာလကနေစပြီး စခန်းတော်တော်များများပေါ့ ကျနော်တို့ လက်ခတ်တောင်ကုန်းဆို အကြီးမားဆုံး ဗျူဟာကုန်းကို သိမ်းပိုက်နိုင်ခဲ့တယ်။ ပြီးတော့ သေဘောဘိုး စခန်းကြီးတွေ .. နောက်တော့ တပ်မဟာ ၆ ထဲမှာဆို ကျိုက်မရောက ချောင်းနှစ်ခွတံတားတို့ ရဲစခန်းတို့ကိုလည်း ကျနော်တို့ထိမ်းချုပ်နိုင်တယ်။ ကရင်ပြည်နယ်မှာတော့ စစ်ရေးအရ ငြိမ်းအေးနေတာ မဟုတ်ပါဘူး။ တိုက်ပွဲတွေကတော့ ဆက်ရှိနေပါတယ်။"

အခုဆိုရင် နှစ်ဖက်တိုက်ပွဲတွေကြောင့် ဒေသခံတချို့လည်း ဘေးလွတ်ရာကို ထွက်ပြေးနေရပြီး မတ်လ ၈ ရက်နေ့ကတော့ ဒေသခံတချို့ဟာ ထိုင်းနိုင်ငံ မဲဆောက်ဘက်က နီးစပ်ရာ ဆွေမျိုးတွေ ဘုန်းကြီးကျောင်းတွေမှာ လာပြီး ခိုလှုံနေရကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

" ထိုင်းဘက်ကိုလည်း ကူးလာကြတယ် ဝမ်းစကင်းဘုန်းကြီးကျောင်းတို့ မုန့်တီကုန်း ဘုန်းကြီးကျောင်းတို့ဘက် ခင်မင်ရင်းနှီးတဲ့သူတွေ ရှိတဲ့နေရာကိုလည်း လာနေကြရတယ်။ "

ကရင်ပြည်နယ် မြဝတီမြို့ပေါ်က ဘိုးဘွားတွေခိုလှုံရာရိပ်သာကိုလည်း လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲတဲ့အတွက် အသက်ရွယ်ကြီးသူတွေ ထိခိုက်ဒဏ်ရာ ရကြတယ်လို့ဆိုပါတယ်။ အခုအခါမှာတော့ နှစ်ဖက်တိုက်ပွဲတွေကြောင့် ဒေသခံတွေ ခရီးသွားလာလို့ မရဲပဲ ဖြစ်နေကြပါတယ်။ မြဝတီ−ကော့ကရိတ် အာရှလမ်း ပိတ်ထားတာ ၃ လကြာပြီဖြစ်သလို ကုန်စည်စီးဆင်းမှုလည်း ကြန့်ကြာမူတွေဖြစ်ပြီးရပ်နားရသလောက်ဖြစ်နေပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG