သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဏာသိမ်း သုံးနှစ်အတွင်း နယ်စပ်ကုန်သွယ်ရေးအခြေအနေ


တရုတ်ပြည်နဲ့နယ်စပ် ရှမ်းပြည်နယ်အတွင်းက မူဆယ်မြို့အနီး ကားလမ်းတခုကိုတွေ့ရစဉ် (ဇန်နဝါရီ ၁၂၊ ၂၀၁၉)
တရုတ်ပြည်နဲ့နယ်စပ် ရှမ်းပြည်နယ်အတွင်းက မူဆယ်မြို့အနီး ကားလမ်းတခုကိုတွေ့ရစဉ် (ဇန်နဝါရီ ၁၂၊ ၂၀၁၉)

အာဏာသိမ်း သုံးနှစ်အတွင်း နယ်စပ်ကုန်သွယ်ရေးအခြေအနေ

မြန်မာစစ်ကောင်စီ အာဏာသိမ်းယူထားတဲ့ သုံးနှစ်အတွင်းမှာ နိုင်ငံရဲ့စီးပွားရေး ကျဆင်းနေပြီး အဲဒီအထဲမှာ နယ်စပ်ကုန်သွယ်ရေးက အဆိုးဆုံးအခြေအနေမှာ ရှိတယ်လို့ စီးပွားရေးဆိုင်ရာ အချက်အလက်တွေက ဖော်ပြခဲ့ပါတယ်။ အာဏာမသိမ်းခင်က တနှစ်ကို အမေရိကန်ဒေါ်လာ ၁၀ဘီလီယံလောက် ဝင်ငွေရခဲ့တဲ့ နယ်စပ်ကုန်သွယ်ရေးဟာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှာ ထက်ဝက်နီးပါး ကျဆင်းသွားတာပါ။ မြန်မာနယ်စပ်ကုန်သွယ်ရေးနဲ့ ပတ်သက်တဲ့ သတင်းပေးပို့ချက် ဖြစ်ပါတယ်။

မရေရာတဲ့ နိုင်ငံရေး အခြေအနေကြောင့်လည်း နယ်စပ်ကုန်သွယ်ရေးက ပုံမှန်အခြေအနေ ပြန်ရောက်ဖို့ မလွယ်ကြောင်း နယ်စပ်ကုန်သွယ်ရေးကို မှီခိုနေရတဲ့ ကုန်သည်နဲ့ လုပ်ငန်းရှင်တချို့က ဗွီအိုအေကို ပြောပါတယ်။ စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း ယုတ်လျော့လာတဲ့ နယ်စပ်ကုန်သွယ်ရေးက ၂၀၂၃ ခုနှစ် ကုန်ခါနီးမှာ ပိုပြီးဆိုရွားတဲ့ အခြေအနေကို ရောက်ရှိခဲ့တယ်လို့ သူတို့ကပြောပါတယ်။ အထူးသဖြင့် နယ်စပ်မြို့တွေကို လက်နက်ကိုင် တောလှန်ရေး အင်အားစုတွေက ထိန်းချုပ်ထားပြီးနောက်ပိုင်းမှာ တိုက်ပွဲတွေ ပိုပြင်းထန်လာပါတယ်၊ လမ်းပန်း ဆက်သွယ်ရေးလည်း ပြတ်တောက်ခဲ့ပါတယ်။

အာဏာသိမ်းထားတဲ့ သုံးနှစ်တာကို ပြန်ကြည့်မယ်ဆိုရင် အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးက လုံးဝနီးပါး ရပ်သွားခဲ့တာပါ။ အကြောင်းကတော့ မြန်မာဘက်မှာ အာဏာသိမ်း နောက်ဆက်တွဲ ပဋိပက္ခတွေရှိနေသလို အိန္ဒိယဘက်မှာလည်း လူမျိုးရေး ပြဿနာတွေ ရှိနေကြောင်း စစ်ကိုင်းတိုင်း၊ တမူးမြို့က နယ်စပ်ကုန်သည်တဦးက ဗွီအိုအေကို ပြောပါတယ်။

" သုံးနှစ်လောက်ရှိပြီလို့ ပြောလို့ရတယ်ပေါ့၊ နိုင်ငံရေး စဖြစ်ကတည်းက။ နှစ်နိုင်ငံနယ်စပ်မှာ ကျနော်တို့ ဗမာပိုင်တဲ့စျေး ရှိတာကိုး ဟိုတုန်းက ဟိုဘက်ကမ်းက မဏိပူရ်ပြည်နယ်က ကသည်းတွေပေါ့ဗျာ စျေးလာဝယ်ကြနဲ့ စည်စည်ကားကားနဲ့ပေါ့။ ရန်ကုန်တို့ ရခိုင်တို့ကနေ အအေးခန်း ကွန်တိန်နာကြီးတွေနဲ့ ငါးတွေလာတယ်လေ ဟိုဘက် အိန္ဒိယဘက်ကို ပို့တယ်၊ အခုဟာက လာလည်း လာမရတော့ဘူး။ ကျနော်တို့က တခြားနယ်စပ်တွေထက် ဆိုးသွားတာက တခြားနယ်စပ်တွေက တဖက်နိုင်ငံက နိုင်ငံရေးတည်ငြိမ်တယ်၊ အေးချမ်းတယ်လေ။ ထားပါတော့ မြဝတီဟိုဘက် ယိုးဒယားဘက်က နိုင်ငံရေး တည်ငြိမ်တယ်လေ။ မူဆယ်ဆို တရုတ်ဘက်က နိုင်ငံရေးတည်ငြိမ်တယ်။ ကျနော်တို့ ဒီဘက်က ဟိုဘက်နိုင်ငံက နိုင်ငံရေးက သူတို့လူမျိုးရေးပြဿနာ စတက်နေတော့ အဲလို ဖြစ်နေကြတာကိုး အခုထိ မာရှယ်လော ထုတ်ထားတယ်၊ (144) က မရုတ်သေးဘူး။"

ဒေသတွင်း ကုန်စျေးနှုန်းကျဖို့ဆိုရင်တော့ ကလေး-တမူး ကားလမ်းကို ဒေသခံတွေက ပြန်ဖွင့်ပေးစေချင်ကြောင်း သူကပြောပါတယ်။ အိန္ဒိယ-မြန်မာ နောက်ထပ် ကုန်သွယ်ရေးဂိတ်ဖြစ်တဲ့ ရိဒ်ခေါဒါရ် နယ်စပ်ဂိတ်ကိုတော့ ချင်းလက်နက်ကိုင် အဖွဲ့တွေက ၂၀၂၃၊ နိုဝင်ဘာလ ၁၃ရက်မှာ သိမ်းပိုက်ခဲ့ပါတယ်။ ၂၀၂၀-၂၀၂၁ ခုနှစ်က ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁၆၅သန်းရှိခဲ့တဲ့ ဒီနယ်စပ်ဂိတ်ဟာ ၂၀၂၃-၂၀၂၄ ကာလမှာ သုံညအထိ ကျဆင်းခဲ့တယ်လို့ မြန်မာစီးပွားကူးသန်းဌာနရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။

တရုတ်-မြန်မာ မူဆယ်နယ်စပ် ကုန်သွယ်ရေးကတော့ အာဏာသိမ်းပြီးနောက်ပိုင်းလည်း အထိုက်လျောက်ရှိခဲ့ပါတယ်။ ဒါပေမဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ လက်နက်ကိုင်အဖွဲ့တွေရဲ့ မြို့သိမ်းတိုက်ပွဲတွေ အားကောင်းလာတဲ့ ၂၀၂၃၊ အောက်တိုဘာလကုန်ကစပြီး မြန်မာဘက်က ပို့ကုန်တင်ပို့နိုင်တာ မရှိတော့ပါဘူး။ ၂၀၂၀-၂၀၂၁ ကာလမှာ ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၄ဘီလီယံကျော် ရှိခဲ့တဲ့ မူဆယ်ကုန်သွယ်ရေးက ၂၀၂၃-၂၀၂၄ (ရှစ်လတာကာလမှာ) ၁.၆ ဘီလီယံအထိ ထိုးကျသွားပါတယ်။

စစ်ပွဲကြောင့် မူဆယ်-မန္တလေးလမ်းပေါ်က လမ်း၊ တံတားတွေ အများအပြား ပျက်စီးသွားတာပါ။ ကုန်သွယ်ရေး ပြန်စမယ်ဆိုရင်တောင် ဒါတွေပြုပြင်ဖို့က အချိန်ကြာဦးမယ်လို့ မူဆယ်မြို့က သစ်သီးပွဲရုံပိုင်ရှင်တဦးက ဗွီအိုအေကို ပြောပါတယ်။

" နယ်စပ်ကုန်သွယ်ရေးကတော့ဗျာ ဘယ်လိုမှ ပြောစရာကို မရှိတော့တာ၊ ဒီပြည်ထောင်စု လမ်းမကြီးမှာ သွားလို့မှမရတာ။ ကုန်သွယ်ရေးဇုန်ကိုလည်း မဟာမိတ်တွေက သိမ်းထားတဲ့အခါကြတော့ ဘယ်လိုမှလုပ်လို့ မရဘူးလေ။ တရုတ်ဘက်ကတော့ အစောကြီးကတည်းက သူ့systemနဲ့ ဖွင့်ပေးတာ၊ ဗမာဘက်က အသွင်းလည်း မရှိဘူးလေ အဝင်လည်း မရှိတော့ ရပ်ထားတဲ့သဘောပါ။ ဗမာတင်ထိတာ မဟုတ်ဘူး၊ သူလည်း ထိခိုက်တာပဲလေ။"

မြန်မာ-ထိုင်း အဓိက နယ်စပ်ကုန်သွယ်ရေးစခန်းဖြစ်တဲ့ မြဝတီ-မဲဆောက် ကုန်သွယ်ရေးဂိတ်ကတော့ နယ်မြေမတည်ငြိမ်တဲ့ကြားကပဲ အထိုက်အလျောက် ကုန်သွယ်နိုင်ခဲ့တယ်လို့ လုပ်ငန်းရှင်တချို့က ဗွီအိုအေကို ပြောပါတယ်။ တာချီလိတ်၊ ထီးခီး၊ ကျိုင်းတုံ၊ ကော့သောင်၊ မောတောင် စတဲ့နယ်စပ်ဂိတ်တွေကလည်း ထိုင်းနဲ့ ကုန်သွယ်ရေးက အသင့်အတင့် ရှိနေပါတယ်။ ထိုင်းအစိုးရကတော့ နယ်စပ်ကုန်သွယ်ရေးကို ၂၀ရာခိုင်နှုန်းအထိ ဆွဲတင်ပြီး ၂၀၂၄ ထဲမှာ အမေရိကန်ဒေါ်လာ ၃၂.၃ ဘီလီယံရဖို့ မျှော်မှန်းထားပါတယ်။ ဒီထဲမှာ မြန်မာနဲ့ ထိစပ်နေတဲ့ ချင်းရိုင်မြို့နဲ့ မဲဆောက်မြို့က ကုန်သွယ်ရေး စခန်းတွေလည်း ပါပါတယ်။

ဒါပေမဲ့ မြန်မာဘက်က အာရှလမ်းပေါ်မှာတော့ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ပွဲတွေက ပြင်းထန်နေတုန်း ဖြစ်ပါတယ်။ အခုဆိုရင် အာရှလမ်းမကြီးရော၊ ကော့ကရိတ်-မြဝတီလမ်းဟောင်းရော နှစ်ခုလုံးမှာ ယာဉ်အသွားအလာ မရှိတော့ကြောင်း မြဝတီမြို့က ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်တဦးက ဗွီအိုအေကို ပြောပါတယ်။ ထိုင်းကဝင်လာတဲ့ ကုန်တွေကို ကားလေးတွေနဲ့ကဲ့ပြီး တောလမ်းကနေ သွားနေရကြောင်း သူကပြောပါတယ်။

" ဒီအာရှလမ်းကနေ သွားလာတာမရှိဘူး၊ အာရှလမ်းက တံတားကျိုးထားတယ်။ လမ်းဟောင်းကလည်း ပိတ်ထားတယ်ဗျ။ အခုလက်ရှိ သွားနေကြတာက ကော့ကရိတ်ထော့- ကော်ကိုး- မြဝတီလမ်းလို့ ပြောလို့ရတယ်ဗျ၊ ခြောက်ဘီးတွေနဲ့ သွားတယ် ခြောက်ဘီးလောက်ထိပဲ။ တနေ့တနေ့ကို အစီးရေက ၁၀၀၀ ဝန်းကျင်လောက်ရှိမယ်၊ အတက်တရက် အဆင်းတရက်လို့ ပြောလို့ရတယ်ဗျ။ အဲထက်လည်း ပိုမယ်ဗျ။"

ရခိုင်ပြည်နယ်က မြောက်ဦး၊ မင်းပြား၊ ရမ်းဗြဲ၊ ကျောက်တော်၊ ရသေ့တောင် စတဲ့မြို့နယ်တွေမှာလည်း AA နဲ့ စစ်ကောင်စီတို့ တိုက်ပွဲဖြစ်နေပြီး ဘင်္ဂလားဒေ့ရှ် ပိုင်နက်ထဲကို မော်တာကျည်တွေ ကျခဲ့ပါတယ်။ ဒါကို ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးက ဇန်နဝါရီလ ၂၉ရက်မှာ သတင်းစာ ရှင်းလင်းပွဲလုပ်ပြီး အသိပေးခဲ့တာပါ။ အငူမော်-မောင်တော နယ်စပ်ကုန်သွယ်ရေး လမ်းပေါ်က မြန်မာစစ်ကောင်စီရဲ့ တပ်စခန်းတချို့ကိုလည်း AA က ၂၀၂၃ နိုဝင်ဘာလ ၁၃ရက်မှာ သိမ်းပိုက်ထားပြီး ကုန်သွယ်ရေး လမ်းကြောင်းကို ထိန်းချုပ်ထားတယ်လို့ ရခိုင်က သတင်းဌာနတွေက ရေးသားကြပါတယ်။

နစက စစ်ကောင်စီကတော့ သူတို့အာဏာသိမ်းလိုက်တဲ့အချိန်မှာ နိုင်ငံရဲ့စီးပွားရေးဟာ အနှုတ် ၅.၉အထိ ကျဆင်းနေကြောင်း ဇန်နီဝါရီ ၃၁မှာ စစ်ကောင်စီရဲ့ ပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။ နှစ်တိုင်း ကုန်သွယ်ရေးလိုငွေပြနေတယ် ဆိုတာကိုတော့ စစ်ကောင်စီက ဝန်ခံထားပေမဲ့ စီးပွားရေးကတော့ တိုးတက်လာတယ်ဆိုပြီး ဒီထုတ်ပြန်ချက်မှာ ရေးသားထားတာ ဖြစ်ပါတယ်။ ပြည်တွင်း သတင်းတွေကတော့ မြန်မာ့စီးပွားရေး အနေအထာားဟာ 'ကမ်းမမြင် လမ်းမမြင်' အခြေအနေဖြစ်ကြောင်း သုံးနှစ်တာကာလကို သုံးသပ်ထားကြပါတယ်။

XS
SM
MD
LG