သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နှစ်နိုင်ငံနယ်ခြား ဖြတ်သန်းသွားလာခွင့်အစီအစဉ် အိန္ဒိယဖျက်သိမ်းမည်


မီဇိုရမ်ပြည်နယ် ချာအမ်ဖိုင် ရွာက အိန္ဒိယ-မြန်မာ နယ်စပ်ဂိတ် (မတ် ၂၀၊ ၂၀၂၁/အေပီ)
မီဇိုရမ်ပြည်နယ် ချာအမ်ဖိုင် ရွာက အိန္ဒိယ-မြန်မာ နယ်စပ်ဂိတ် (မတ် ၂၀၊ ၂၀၂၁/အေပီ)

အိန္ဒိယ-မြန်မာ နယ်စပ်တလျှောက် FMR လို့ခေါ်တဲ့ နှစ်နိုင်ငံနယ်ခြား လွတ်လပ်စွာ ဖြတ်သန်းသွားလာခွင့် အစီအစဉ်ကို ဖျက်သိမ်းသွားဖို့ရှိကြောင်း အိန္ဒိယအစိုးရအဖွဲ့ရဲ့ တာဝန်ရှိသူတဦးက အင်္ဂါနေ့က ပြောကြားထားပါတယ်။ ဒီလို ကန့်သတ်မှုဟာ နှစ်နိုင်ငံကုန်သွယ်ရေးနဲ့ မြန်မာစစ်ရှောင်တွေအတွက် စိုးရိမ်စရာဖြစ်လာနိုင်တယ်လို့ အရပ်ဘက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့ထားတာကို ကိုရဲမွန်က တင်ပြပေးထားပါတယ်။

မြန်မာနဲ့ အိန္ဒိယ နှစ်နိုင်ငံနယ်စပ်ရဲ့ တဘက်တချက် ၁၀ မိုင် (၁၆ ကီလိုမီတာ) အတွင်းမှာ ဗီဇာမလိုဘဲ သွားလာခွင့်ပေးထားတဲ့ Free Movement Regime (FMR) အစီအစဉ်ကို မကြာခင်မှာ ရုပ်သိမ်းသွားမယ်လို့ အိန္ဒိယအစိုးရ အဆင့်မြင့်အရာရှိတဦးက သတင်းမီဒီယာတွေကို ဇန်နဝါရီလ ၂ ရက်က ပြောလိုက်ပါတယ်။ မိုင်ပေါင်း ၁,၀၀၀ ကျော် (၁,၆၄၃ ကီလိုမီတာ) ရှည်တဲ့ နှစ်နိုင်ငံနယ်စပ်တလျှောက်မှာ FMR အစီအစဉ်ကို ၂၀၁၈ ကတည်းက ခွင့်ပြုထားခဲ့ပြီး ဒါက အိန္ဒိယအစိုးရရဲ့ အရှေ့မျှော် စီးပွားရေးပေါ်လစီထဲက တစိတ်တပိုင်းလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ အခုတော့ မဏိပူပြည်နယ်မှာ ဖြစ်နေတဲ့ လူမျိုးစုပဋိပက္ခတွေနဲ့ အိန္ဒိယနယ်စပ်ဒေသ တည်ငြိမ်ရေးအတွက် FMR အစီအစဉ်ကို ရုပ်သိမ်းဖို့ ဖြစ်လာပါတယ်။ ဒါပေမဲ့ ဒီလိုရုပ်သိမ်းတာက စစ်ရှောင်မြန်မာတွေအတွက်ရော နှစ်နိုင်ငံ အကျိုးစီးပွားအတွက်ရော ထိခိုက်စရာတွေ ရှိနေကြောင်း တချို့က ပြောပါတယ်။

တရုတ်နဲ့ထိုင်းဘက်က ကုန်သွယ်ရေးမတည်မငြိမ် ဖြစ်နေချိန်မှာ အိန္ဒိယကလည်း နယ်စပ်မှာ ကန့်သတ်ချက်တွေလုပ်လာတာမို့ မြန်မာဘက်က အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းတွေ ခက်ခဲနိုင်ကြောင်း India for Myanmar အရပ်ဘက်အဖွဲ့က ဆလိုင်းဒိုခါရ်က ဗွီအိုအေကို ပြောပါတယ်။

"လက်ရှိ နယ်စပ်ဒေသတလျှောက်မှာ စကစဘက်က စခန်းတွေ ဆုံးရှုံးမှုများလာတဲ့အပေါ်မှာ နယ်စပ်ကုန်သွယ်ရေးကိုပိတ်ပင်ဖို့အထိ စကစဘက်က ဖိအားပေးလာတယ်လို့ ကျနော် ယူဆမိပါတယ်။ ဒါကြောင့် အိန္ဒိယက ဒီဟာအပေါ်မှာ နယ်စပ်ကုန်သွယ်ရေးကို ပိတ်ပင်ရမဲ့နည်းလမ်းနဲ့မဖြေရှင်းဘဲ အထူးသဖြင့် NUG တို့ နယ်စပ်ဒေသမှာ လှုပ်ရှားနေတဲ့ တော်လှန်ရေးအင်အားစု အစုအဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး စတင်ပြီး နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းကို တခြားနည်းလမ်းနဲ့ ပြန်လည် အဖြေရှာဖို့လိုတယ်လို့ ကျနော် ယူဆမိပါတယ်။"

အခု မီဇိုရမ်ပြည်နယ်ထဲမှာ မြန်မာနိုင်ငံသား စစ်ဘေးရှောင် ၃၂,၀၀၀ ကျော်လောက်ရှိပါတယ်။ မဏိပူရ်ပြည်နယ်ထဲမှာတော့ ၆,၀၀၀ လောက်ကို လက်ခံထားတယ်လို့ ပြည်နယ် အကြီးအကဲက ပြောထားပါတယ်။ သူက မဏိပူရ်ပြည်နယ်ရဲ့ လုံခြုံရေးအတွက်လည်း တစိတ်တပိုင်း ခြံစည်းရိုးကာရံတာ၊ ရဲကင်းတွေ တိုးချဲ့တာတွေကို ပြီးခဲ့တဲ့ ၂၀၂၃ ထဲမှာ လုပ်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ မီဇိုရမ်ပြည်နယ် အစိုးရကတော့ မြန်မာစစ်ဘေးရှောင်တွေကို သူ့နယ်အတွင်းမှာ ဆက်ပြီးလက်ခံထားဖို့ ရှိတယ်ဆိုတာ မနေ့က ဗုဒ္ဓဟူးနေ့က တုံ့ပြန်ခဲ့ကြောင်း မီဇိုရမ်ပြည်နယ်မှာ နေထိုင်တဲ့ ချင်းအမျိုးသမီးတဦးက ပြောပါတယ်။

"တကယ်လို့ သူတို့အဲလိုပိတ်မယ်ဆိုရင် စစ်ဘေးရှောင်တွေကို အရင်ပြန်နှင်ရမှာပေါ့နော်၊ မနေ့ညကပဲသူတို့ CM က (မီဇိုရမ်ပြည်နယ် အကြီးအကဲက) စာပြန်ထုတ်ထားတာ ရှိတယ်လေ၊ သူတို့လုံးဝ အဲလိုမျိုး ပိတ်ထားလို့ မရပါဘူးဆိုပြီးတော့နော ပြန်ငြင်းထားတာတွေ ရှိတယ်။ နှစ်ခု သူတို့ရဲ့ official ဖေ့စ်ဘွတ်မှာ အဲလိုတင်ထားတယ်ဆိုတော့ အဲလိုမဖြစ်လာလောက်ဘူးလို့ပဲ ယူဆတယ်ပေါ့ လောလောဆယ်တော့။"

Mizoram, Manipur, Nagaland နဲ့ Arunachal Pradesh စတဲ့ အိန္ဒိယရဲ့ အရှေ့မြောက်ပိုင်း ပြည်နယ်လေးခုနဲ့ မြန်မာက နယ်စပ်ချင်း ထိစပ်နေတာ ဖြစ်ပါတယ်။ ဆုံးဖြတ်ချက်ချတဲ့ အစီအစဉ်တွေ ပြီးသွားရင်တော့ မြန်မာဘက်က တာဝန်ရှိသူတွေနဲ့ စကားပြောသွားမယ်လို့ အိန္ဒိယအစိုးရအဖွဲ့ထဲက တာဝန်ရှိသူက သတင်းမီဒီယာတွေကို အင်္ဂါနေ့က ပြောခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG