သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဏိပူရ-မြန်မာနယ်စပ် လူမျိုးရေးအဓိကရုဏ်းကြောင့် နေအိမ်အများအပြား မီးလောင်


မဏိပူရ-မြန်မာနယ်စပ် လူမျိုးရေးအဓိကရုဏ်းကြောင့် နေအိမ်အများအပြား မီးလောင် (မေ ၃၊ ၂၀၂၃)
မဏိပူရ-မြန်မာနယ်စပ် လူမျိုးရေးအဓိကရုဏ်းကြောင့် နေအိမ်အများအပြား မီးလောင် (မေ ၃၊ ၂၀၂၃)

မြန်မာနိုင်ငံနဲ့ နယ်နမိတ်ချင်းထိစပ်နေတဲ့ အိန္ဒိယနိုင်ငံ၊ မဏိပူရ ပြည်နယ်အတွင်းမှာ မဏိပူရီခေါ်၊ ကသည်းလူမျိုးတွေနဲ့ တောင်ပေါ်သား တိုင်းရင်းသားတွေအကြား အဓိကရုဏ်းဖြစ်ပွားခဲ့တာကြောင့် နယ်စပ်ဒေသဖြစ်တဲ့ မိုးရေးမြို့မှာ မီးလောင်မှု၊ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ဒီအဓိကရုဏ်းတွေကြောင့် ခရိုင် ၈ခုမှာ ညမထွက်ရအမိန့် ထုတ်ပြန်ထားသလို အင်တာနက်လိုင်းတွေကိုလည်း ၅ရက် ဖြတ်တောက်ထားပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို အခြေခံပြီး ကိုဇော်ဝင်းလှိုင်က တင်ပြပေးမယ်။

မြန်မာနိုင်ငံ၊ တမူးမြို့နဲ့ထိစပ်နေတဲ့ အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်၊ မိုးရေးမြို့မှာ မဏိပူရီခေါ်၊ ကသည်းနဲ့ ဒေသခံတောင်ပေါ်သား ကူကီး လူမျိုးစုတွေအကြားမှာ ဗုဒ္ဓဟူးနေ့က အဓိကရုဏ်းတွေ စတင်ဖြစ်ပွားခဲ့တာပါ။

အဓိကရုဏ်းဖြစ်ပွားပြီး မိုးရေးမြို့အတွင်း မီးလောင်တဲ့အခြေအနေကို ဒေသခံ ကူကီးလူမျိုးတစ်ဦးက VOA ကို အခုလို ပြောပါတယ်။

“မနေ့ညက အိမ် ၂၀လောက်တော့ ပါမယ်ထင်တယ်၊ မီးရှို့ခံရတာတွေနော်။ နောက်ပြီးတော့ ဈေး၊ ဈေးကကျတော့ ကသည်းဈေး၊ ကသည်းတွေရဲ့ဈေးပေါ့နော်။ အိမ်တွေကတော့ အကုန်ရောတယ်။ သူတို့ ကသည်းပဲ မဟုတ်ဘူး။ ကူကီး အိမ်တွေရော၊ ကသည်းအိမ်တွေရော အဲဒီမှာ။ ဂေါ်ရခါးတွေရော၊ ဒီဘက်မှာရှိတဲ့ မဒရာစီတွေရဲ့အိမ်ရော ပါမယ်။ သူတို့က တဆက်တည်းပဲလေ။ နေတာက ကပ်ကပ်နေကြတာ ဆိုတော့ အကုန်ပါသွားတာ။ အဲလိုမျိုး။”

ဒီလ ၃ရက်နေ့က မဏိပူရ ပြည်နယ်က တောင်ပေါ်နေတိုင်းရင်းသားတွေနေထိုင်ရာ နေရာအနှံမှာ ဆန္ဒပြပွဲတွေ ဖြစ်ခဲ့ပါတယ်။

တိုင်းရင်းသားတွေက သူတို့နေထိုင်ရာ တောင်တန်းဒေသကို ပြည်နယ်အစိုးရက သစ်တောဧရိယာအဖြစ် သတ်မှတ်ပြဌာန်းပြီး ဘိုးဘွားပိုင် မြေတွေကို သိမ်းယူတာနဲ့ မဏိပူရီလူမျိုးတွေကို တိုင်းရင်းသားအဖြစ် သတ်မှတ်ရေး ဆောင်ရွက်မှုတွေအပေါ် ကန့်ကွက်ခဲ့ကြတာ ဖြစ်ပါတယ်။

မဏိပူရ-မြန်မာနယ်စပ် လူမျိုးရေးအဓိကရုဏ်းကြောင့် နေအိမ်အများအပြား မီးလောင် (မေ ၃၊ ၂၀၂၃)
မဏိပူရ-မြန်မာနယ်စပ် လူမျိုးရေးအဓိကရုဏ်းကြောင့် နေအိမ်အများအပြား မီးလောင် (မေ ၃၊ ၂၀၂၃)

ဒီလို ဆန္ဒပြပွဲတွေဖြစ်ခဲ့ပြီးနောက်မှာ ကသည်းလူမျိုး အများစုနေထိုင်ရာ အင်ဖားမြို့မှာ တိုင်းရင်းသားလူမျိုးအချို့ရဲ့ ဘုရားကျောင်းတွေနဲ့ နေအိမ်အချို့ မီးရှို့တာတွေ၊ ခဲနဲ့ပေါက်တာတွေ ဖြစ်ခဲ့ပြီးနောက်မှာ မိုးရေးနဲ့ ကြူရာကျန်ပူ (Churachandpur) စတဲ့ မြို့တွေမှာ အဓိကရုဏ်းတွေ ဖြစ်ပွားလာပြီး ကသည်းလူမျိုးတွေရဲ့ နေအိမ်တွေ မီးရှိုခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကြူရာကျန်ပူ (Churachandpur)မြို့မှာ နေထိုင်နေတဲ့ မြန်မာ အမျိုးသားတစ်ဦးကလည်း ဗုဒ္ဓဟူးနေ့ညက ဖြစ်ပျက်ခဲ့တဲ့အခြေအနေကို အခုလို ပြောပါတယ်။

“ကြူရာကျန်ပူဘက်မှာ အကြီးအကျယ်ဖြစ်တာပေါ့။ လေး−ငါးနေရာလောက်ကို မီးရှို့တာတွေ ဘာတွေလုပ်၊ နောက် သစ်တောရုံး၊ Forest နဲ့ ပတ်သက်တဲ့ ဒီ ရုံးတွေအကုန် မီးရှို့။ အင်ဖားမှာ တရားဟောဆရာရဲ့အိမ်တွေကို မီးတော့ မရှို့ဘူး၊ သူတို့ ခဲတွေနဲ့ပေါက်တယ်။ ဘုရားကျောင်း နှစ်ခု မီးရှို့တယ်။ အင်ဖားမှာ အဲလို လုပ်လိုက်တော့ ဒီမှာက ဘာမှမဖြစ်တဲ့ဟာ လာပြီးတော့ ကသည်းရပ်ကွက်မှန်သမျှကို ဒီက ဒေသခံတွေက မီးပြန်ရှို့ကြတာ။”

မဏိပူရ-မြန်မာနယ်စပ် လူမျိုးရေးအဓိကရုဏ်းကြောင့် နေအိမ်အများအပြား မီးလောင် (မေ ၃၊ ၂၀၂၃)
မဏိပူရ-မြန်မာနယ်စပ် လူမျိုးရေးအဓိကရုဏ်းကြောင့် နေအိမ်အများအပြား မီးလောင် (မေ ၃၊ ၂၀၂၃)

မိုးရေးမြို့မှာတော့ ညက အဓိကရုဏ်းဖြစ်ပွားပြီး ကသည်းတွေနေထိုင်ရာ ရပ်ကွက်ကို မီးရှို့စဉ်မှာ သေနတ်နဲ့ ပစ်ခတ်တာကြောင့် ကူကီးဘက်က လူငယ် ၄ဦးသေဆုံးကြောင်း ဒေသခံတချို့က ပြောဆိုပေမဲ့ သီးခြား အတည်ပြုချက်တော့ မရသေးပါဘူး။ ကသည်းလူမျိုးအချို့ကတော့ မြန်မာနိုင်ငံဘက်အခြမ်းကို တိမ်းရှောင် ခိုလှုံတာရှိကြောင်းလည်း ပြောပါတယ်။

ကြူရာကျန်ပူမြို့က ကသည်းလူမျိုးတွေကတော့ ရင်းနှီးရာ အိမ်တွေမှာ ပုန်းရှောင်နေကြပြီး ဒီကနေ့ မနက်မှာတော့ အိန္ဒိယစစ်တပ်ရဲ့ အကာအကွယ်နဲ့ အင်ဖားမြို့ကို ပို့ဆောင်တာတွေ ရှိနေပါတယ်။

အင်ဖားမြို့အတွင်းမှာတော့ တောင်ပေါ်တိုင်းရင်းသား ဝန်ထမ်းတွေနဲ့ ကျောင်းတက်နေတဲ့ လူငယ်တွေ ပိတ်မိနေကြပါတယ်။

ဒီလို အဓိကရုဏ်းတွေဖြစ်ပွားပြီးနောက်မှာ ကသည်းလူမျိုးတွေအများစုနေထိုင်တဲ့ ခရိုင် ၅ခုနဲ့ တောင်ပေါ်တိုင်းရင်းသားတွေနေထိုင်တဲ့ ခရိုင် ၃ခုကို ညမထွက်ရအမိန့် Curfew ထုတ်ပြန်ခဲ့သလို အင်တာနက်ဆက်သွယ်ရေးလိုင်းတွေကိုလည်း ၅ရက်ကြာ ဖြတ်တောက်ခဲ့ပါတယ်။

ဒါအပြင် အဓိကရုဏ်းဖြစ်ပွားရာဒေသတွေကိုလည်း ပြည်နယ်ရဲတပ်ဖွဲ့အပြင် အိန္ဒိယစစ်တပ်ဖွဲ့တွေကိုလည်း လုံခြုံရေးထိန်းသိမ်းဖို့ အင်အားတိုးမြှင့်ချထားပါတယ်။

ဒီအဓိကရုဏ်းကိုတော့ နားလည်မှုလွဲမှားတာကြောင့် ဖြစ်ပွားတာဖြစ်ကြောင်း မဏိပူရပြည်နယ် ဝန်ကြီးချုပ် N Biren Singh ပြောဆိုပြီး သဟဇာတရှိရှိနဲ့ ငြိမ်းချမ်းစွာနေထိုင်ကြဖို့ကိုလည်း ပန်ကြားထားပါတယ်။

Meitei ခေါ်၊ ကသည်းမျိုးနွယ်စုတွေဟာ လူမှု စီးပွားရေးအရ ဖွံ့ဖြိုးမှုနောက်ကျတဲ့ မျိုးနွယ်စုတခု (Scheduled Tribe) အဖြစ် သတ်မှတ်သင့်ကြောင်း ပြည်နယ်တရားရုံးချုပ်က ပြည်နယ်အစိုးရကို သဘောထားပေးလိုက်တဲ့အပေါ် မကျေနပ်ကြတဲ့ တောင်ပေါ်တိုင်းရင်းသား မျိုးနွယ်စုတွေက Churachandpur မြို့မှာ ကန့်ကွက် ဆန္ဒပြအပြီး ပြန်လာတဲ့အချိန်မှာ နှစ်ဘက် ထိပ်တိုက် ရင်ဆိုင်မှုတွေဖြစ်ပြီး အပြန်အလှန် အကြမ်းဖက် တိုက်ခိုက်မှုတွေ၊ နေအိမ်နဲ့ ဘုရားကျောင်းတွေကို မီးရှို့တာတွေ ဖြစ်ပေါ်လာခဲ့တာပါ။ တောင်ပေါ် တိုင်းရင်းသား တွေ ရထားပြီးဖြစ်တဲ့ အဲဒီ အခွင့်အရေးမျိုး Meitei ခေါ်၊ ကသည်းမျိုးနွယ်စုတွေ မရသင့်တာကြောင့် တောင်ပေါ်တိုင်းရင်းသား လူမျိုးစုမျိုးစုများ ကျောင်းသားသမဂ္ဂက ကန့်ကွက် ဆန္ဒပြတာဖြစ်ပါတယ်။

မဏိပူရပြည်နယ်ဟာ လူဦးရေ ၃သန်းနီးပါးရှိပြီး မဏိပူရီခေါ် ကသည်းလူမျိုးက ၅၃ရာခိုင်နှုန်း၊ နာဂမျိုးနွယ်စုက ၂၆ရာခိုင်နှုန်းတို့အပြင် မီဇိုး၊ ချင်း၊ ကူကီး စတဲ့မျိုးနွယ်စုတွေက ၁၆ရာခိုင်နှုန်းခန့် ရှိတာဖြစ်ပါတယ်။

စတုရန်းမိုင် ၈၅၀၀ကျော် ကျယ်ဝန်းပြီး ပြည်နယ်ရဲ့ ၁၀ပုံ ၁ပုံခန့်သာရှိတဲ့ မြေပြန့်ဒေသမှာ ကသည်းလူမျိုးက အများစုနေထိုင်ပါတယ်။ ကျန်တောင်တန်းဒေသမှာတော့ တောင်ပေါ်သား တိုင်းရင်းသားမျိုးနွယ်စုတွေ နေထိုင်ကြတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG