သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယရေနံချက်လုပ်ငန်း မြန်မာနိုင်ငံတွင်း စက်သုံးဆီဆိုင်များဖွင့်ဖို့စီစဉ်


အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ်အခြေစိုက် NRL ရေနံချက်စက်ရုံ (ဓာတ်ပုံ-NRL page)
အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ်အခြေစိုက် NRL ရေနံချက်စက်ရုံ (ဓာတ်ပုံ-NRL page)


အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ်အခြေစိုက် NRL ရေနံချက်လုပ်ငန်းဟာ မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းထဲမှာ လက်လီစက်သုံးဆီဆိုင်တွေဖွင့်သွားဖို့ စီစဉ်ထားကြောင်း ဒီလုပ်ငန်းစုရဲ့အကြီးအကဲက အိန္ဒိယသတင်းဌာနတွေကို တနင်္လာနေ့မှာ ပြောလိုက်ပါတယ်။ မနက်ဖြန် အိန္ဒိယမှာလုပ်မဲ့ တရုတ်ပါဝင်တဲ့ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ရဲ့ တွေ့ဆုံပွဲမတိုင်ခင် အိန္ဒိယသတင်းတွေက အခုလို ဖော်ပြလာတာပါ။ နိုင်ငံတကာဆက်ဆံရေးပညာရှင်တချို့ကတော့ လက်ရှိအနေအထားမှာ အိန္ဒိယနဲ့တရုတ်ဟာ မြန်မာနိုင်ငံထဲမှာအဆိုပြုထားတဲ့စီမံကိန်းတွေကို အကောင်အထည်ဖော်ဖို့ အပြိုင်အဆိုင်ကြိုးပမ်းလာတဲ့အရိပ်အယောင်တွေ မြင်နေရကြောင်းပြောပါတယ်။ ရန်ကုန်ကပေးပို့တဲ့ဒီသတင်းကို မသိင်္ဂီထိုက်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ အခြေအနေတွေတည်ငြိမ်သွားပြီဆိုတာနဲ့ လုပ်ငန်းတွေဝင်ရောက်ဖို့ကြိုးစားနေကြောင်း အိန္ဒိယရဲ့ရေနံချက်လုပ်ငန်းကြီးတခုဖြစ်တဲ့ NRL (Numaligarh Refinery Limited) ရဲ့ ကုမ္ပဏီအကြီးအကဲက မနေ့ မေလ ၂ ရက် မှာ ပြောလိုက်တာပါ။ မဏိပူရပြည်နယ်၊ မိုးရေးမြို့ကိုဖြတ်ပြီး လူဦးရေသိန်းလေးဆယ်နီးပါးရှိတဲ့စစ်ကိုင်းတိုင်းမှာ လက်လီဓာတ်ဆီဆိုင်တွေဖွင့်ဖို့ ပြင်ဆင်နေကြောင်း ပြောပါတယ်။ ဒီအတွက် အသေးစိတ်အစီအစဉ်တွေ ရေးဆွဲထားတယ်လို့ NRL ကုမ္ပဏီက အိန္ဒိယသတင်းဌာနတွေကို ပြောခဲ့တာပါ။

အိန္ဒိယအစိုးရဟာ အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကုန်ကျခံထားတဲ့ ကုလားတန် စီမံကိန်း စစ်တွေဆိပ်ကမ်းကိုလည်း အခု မေလ ၉ ရက်မှာ ဖွင့်လှစ်ဖို့ ရှိနေပါတယ်။ မြန်မာပြည်တွင်း မငြိမ်သက်မှုတွေရှိနေပေမဲ့လည်း အိန္ဒိယနဲ့တရုတ်ဟာ အကျိုးစီးပွားအတွက် ယှဉ်ပြိုင်နေကြတယ်လို့ လေ့လာသူတွေကမြင်ပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီး Qin Gang ဟာ မနက်ဖြန် အိန္ဒိယမှာကျင်းပမဲ့ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) အစည်းအဝေးမတိုင်ခင် တနင်္လာနေ့က မြန်မာနိုင်ငံကို အရင်လာရောက်ခဲ့တာပါ။

မြန်မာနိုင်ငံကိုကနဦးလာရတဲ့အကြောင်းရင်းထဲမှာ တရုတ်သမ္မတရှီကျင့်ပင်နဲ့ မြန်မာကြားက လက်တွေ့ကျတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုပြီးနက်ရှိုင်းလာဖို့ အထူးသဖြင့် စီးပွားရေး၊ စိုက်ပျိုးမွေးမြူရေးနဲ့ အခြေအနေတည်ငြိမ်ရေးအတွက် ရည်ရွယ်ကြောင်း တရုတ်အစိုးရပိုင် People's Daily သတင်းစာက ရေးသားပါတယ်။

အိန္ဒိယနဲ့တရုတ်ဟာ မြန်မာနိုင်ငံအပြင် အာဖရိကနဲ့ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ထဲက အာရှအတွင်းပိုင်းနိုင်ငံတွေဆီက စီးပွားရေးစျေးကွက်ရဖို့ အလုအယက် ယှဉ်ပြိုင်လာကြောင်း နိုင်ငံတကာဆက်ဆံရေးပညာရှင် မင်းရတုထက်က ဗွီအိုအေကို ပြောပါတယ်။

"မြန်မာနိုင်ငံမှာလည်း လက်ရှိအနေအထားမှာ တရုတ်ရဲ့စီးပွားရေးစျေးကွက်တွေက အများကြီးရှိနေတယ်။ အိန္ဒိယကထိုးဖောက်ဝင်ရောက်ဖို့ သူ ကြိုးစားနေရတယ်။ အရင် NLD လက်ထက် အာဏာမသိမ်းခင်ကဆို တရုတ်နဲ့အဆင်ပြေနိုင်မဲ့နည်းလမ်းနဲ့ တရုတ်ကြွေးမြီထောင်ချောက်တွေကို ဘယ်လိုထွက်ရင်ကောင်းမလဲဆိုတဲ့ပုံစံမျိုးတွေ ရှိခဲ့တယ်။ အဲလိုမျိုးပဲ အိန္ဒိယရဲ့ပေါ်လစီမှာလည်း မြန်မာနိုင်ငံကို အများကြီး စီးပွားရေးလုပ်ဖို့တွေရှိတယ်။ ဒါက အရင်တုန်းကရှိခဲ့ပေမဲ့ အခုလက်ရှိအနေအထားမှာတော့ အာဏာသိမ်းစစ်ကောင်စီဘက်က ပူးပေါင်းဆောင်ရွက်နေတယ်ဆိုတာထက် တရုတ်ရဲ့ ကြိုးပမ်းမှုတွေကို သူက တိုးဝင်နေတဲ့ပုံစံမျိုးတွေ ဖြစ်နေတယ်ပေါ့နော်။ ပြီးတော့ စစ်ကောင်စီနဲ့ကလည်း ရေနံဆီတင်သွင်းမှုကိစ္စတွေကလည်း ရှိနေတယ်။ ဒါတွေကလည်း နိုင်ငံတကာကနေပိတ်ဆို့ပြီးလုပ်ရမဲ့ အနေအထားတွေဖြစ်တယ်။ နိုင်ငံကြီးနှစ်နိုင်ငံဖြစ်နေတဲ့အတွက် မြန်မာနိုင်ငံကတော့ အိမ်နီးချင်းဆိုးနဲ့ကြုံရတဲ့နိုင်ငံထဲမှာ ရှိနေတယ်လို့ ပြောလို့ရတယ်။"

မြန်မာ၊ တရုတ်၊ အိန္ဒိယ သုံးနိုင်ငံလုံးဟာ BCIM လို့ခေါ်တဲ့ တရုတ်အဆိုပြုတဲ့ BRI စီမံကိန်းထဲမှာ ပါဝင်နေတာပါ။ ဒီအတွက်လည်း သုံးနိုင်ငံလုံးက အကျိုးစီးပွားအတွက် တွေ့ဆုံ ဆွေးနွေးနေတာရှိတွေကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးက ဗွီအိုအေကို ပြောပါတယ်။ မြန်မာပြည်တွင်းရေးပြေလည်အောင် လုပ်ပေးမယ်ဆိုတဲ့သဘောထားကိုလည်း တရုတ်က နောက်ပိုင်းမှာပြသလာပေမဲ့ ထင်ထင်ရှားရှားတော့မတွေ့ရသေးကြောင်း သူက ပြောပါတယ်။

"တရုတ်က မြန်မာနိုင်ငံကိုတွေ့ဆုံပြီး ဒီနေ့ အကျဉ်းသားတွေလွှတ်ပေးတဲ့ကိစ္စလည်း ထွက်ပေါ်၊ ကြေညာတာတွေ့လိုက်တယ်။ အဲဒီတော့ တရုတ်အနေနဲ့က မြန်မာနိုင်ငံဘက်ကနေရပ်တည်ပြီးတော့ ရှိနေတဲ့ပြဿနာတွေပြေလည်အောင် ကူညီဆောင်ရွက်မယ်ဆိုတဲ့ရပ်တည်ချက် ပြလာတာတွေ့ရတယ်။ သတိထားရမှာက တရုတ်အနေနဲ့ မြန်မာဘက်ကရပ်တယ်ဆိုတာ စစ်ကောင်စီဘက်ကရှိတယ်၊ အထူးသဖြင့် ၂၀၀၈ ဖွဲ့စည်းပုံ အောက်ကနေပြီးတော့ ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ ကြံစည်နေတဲ့လမ်းစဉ်ရှိတယ်။ တဘက်မှာကျတော့ စစ်တပ်ကို မြန်မာ့နိုင်ငံရေးထဲကနေ အပြီးထုတ်ပယ်ဖို့၊ ဖွဲ့စည်းပုံအသစ် ပေါ်ပေါက်ဖို့ဆိုတဲ့ ရပ်တည်ချက်တွေရှိနေတယ်။ အဲဒီတော့ တရုတ်အနေနဲ့ မြန်မာဘက်က ရပ်တည်တယ်ဆိုတာ စစ်ကောင်စီဘက်က ရပ်တည်တာလား၊ ပြည်သူဘက်ကရပ်တည်ပြီးတော့ ပြုပြင်ပြောင်းလဲရေး ကူညီမှာလားဆိုတာ အဲဒါတော့ ဒီနေ့အထိ မရှင်းသေးဘူး။ အဲဒါကို သတိထားစောင့်ကြည့်ဖို့လိုတယ်။"

NRL ဟာ မဏိပူရပြည်နယ်၊ မိုရေးမြို့ကိုဖြတ်ပြီး မြန်မာနိုင်ငံထဲကို ကုန်းလမ်းကနေ အဆင့်မြင့်ဒီဇယ်ဆီတွေတင်သွင်းဖို့ ၂၀၁၇ လောက်ကတည်းက ခြေလှမ်းစတင်ခဲ့တာပါ။ အဲဒီတုန်းက ကုန်ကျစရိတ်မကာမိဘဲ အများကြီးရင်းနှီးထားတဲ့တရုတ်ကုမ္ပဏီတွေနဲ့ စျေးမယှဉ်နိုင်ခဲ့ပါဘူး။ ကံမကောင်းချင်တော့ မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုဖြစ်ခဲ့တယ်လို့ ကုမ္ပဏီရဲ့အကြီးအကဲက အိန္ဒိယသတင်းမီဒီယာတွေကို မနေ့ကပြောခဲ့တာပါ။

မြန်မာရဲ့မတည်ငြိမ်မှုက အိန္ဒိယအတွက် စစ်မျက်နှာနဲ့ စိန်ခေါ်မှုနှစ်ခုလုံးကို တပြိုင်နက်တည်း ကြုံနေရသလိုပဲလို့ The Diplomat ရေးသားခဲ့ပါတယ်။ တခုကတော့ မြန်မာက တရုတ်နဲ့ ပိုပြီး နီးကပ်လာတာဖြစ်ပြီး ဒုတိယတခုကတော့ မြန်မာဘက်ကအခြေအနေတွေက အိန္ဒိယ အရှေ့မြောက်ဒေသတခုလုံးအတွက် သက်ရောက်လာတာပဲ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG