သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘုရားသုံးဆူကနေ ထိုင်းနိုင်ငံထဲဝင်တဲ့ မြန်မာလူငယ်ဦးရေတိုးလာ


ဘုရားသုံးဆူ နယ်စပ်မြို့ (Photo: C J)
ဘုရားသုံးဆူ နယ်စပ်မြို့ (Photo: C J)

မြန်မာနိုင်ငံမှာ စစ်ကောင်စီရဲ့ စစ်မှုမထမ်းမနေရ ဥပဒေထွက်လာပြီးနောက်ပိုင်း အရွယ်ရောက်ပြီး လူငယ်အတော်များများက အိမ်နီးချင်း ထိုင်းနိုင်ငံ အပါအဝင် ဒေသတွင်း နိုင်ငံတွေကို ထွက်ခွာဖို့ ကြိုးစားလာကြပါတယ်။ ဒီသီတင်းပတ်ထဲ ဘုရားသုံးဆူဘက်ကနေ ထိုင်းနယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်တဲ့ အရေအတွက် ၅ ဆ လောက်များလာတယ်လို့ ဒေသခံတွေက ဗွီအိုအေကို ပြောပါတယ်။ တရားဝင်လမ်းကြောင်းကနေ ထွက်ခွာသူရှိသလို တရားမဝင် မှောင်ခိုလမ်းကြောင်းကဆင့် သွားသူတွေလည်း ရှိနေတာပါ။ ဒီအကြောင်း သတင်းပေးဖို့ချက်ကို အခြေခံပြီး မခင်ဖြူထွေးက ပြောပြမှာပါ။

ကရင်ပြည်နယ် ဘုရားသုံးဆူးမြို့ကနေ ထိုင်းနယ်စပ်ဖြတ်ကျော်ဖို့ ဝင်လာသူတွေ အခု သီတင်းပတ်ထဲမှာ သိသိသာသာများပြားလာတယ်လို့ ဘုရားသုံးဆူကို ပြေးဆွဲနေတဲ့ ကားသမားနဲ့ မြို့ခံတွေက ပြောပါတယ်။ အများစုက လူငယ်တွေဖြစ်တယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ စစ်ကောင်စီရဲ့ စစ်မှုမထမ်းမနေရ ဥပဒေကို ထုတ်ပြန်ပြီးနောက်မှာ အရွယ်ရောက်ပြီး လူငယ်အများစုက PDF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထဲ ဝင်ဖို့ စာရင်းပေးသူတွေရှိသလို ထိုင်း အပါအဝင် အိမ်နီးချင်းနိုင်ငံတွေကို ထွက်ခွာဖို့ ကြိုးစားလာကြသူတွေလည်း ရှိပါတယ်။

ဘုရားသုံးဆူမြို့ကို အခုအခါ တရက်ကို ကားအစီးရေ ဒါဇင်နဲ့ချီ ဝင်ရောက်လာတယ်လို့ ဘုရားသုံးဆူ ဒေသခံ ပြောပါတယ်။

“ အခု ဒီတစ်ပတ်အတွင်းပေါ့နော်။ တော်တော်လေးများများ ဘုရားသုံးဆူဘက်ကို တနေ့တနေ့ပေါ့ ဆယ်စီးကျော်ကျော်လောက်တော့ လူအပြည့်ပဲ တက်တယ်။ နေ့တိုင်းပဲလေ။ အဲ့ဒီမှာကျတော့ ကျနော်တို့ ဒီမြို့အဝင်မှာကျတော့ နည်းနည်း စစ်ဆေးတယ်ပေါ့နော်၊ ဘယ်သွားဖို့လည်း မေးမြန်းပြီးတော့ သူတို့ ပြန်ပြီးတော့ ခွင့်ပြုပြီးတော့ ပေးသွားတယ်။ မြို့ထဲလာတာ။ တချို့တွေကျ အထဲကို သွားတယ်။ တချို့တွေကျလည်း အထဲမသွားပဲနဲ့ အဲ့ဒီမှာပဲ ငှားရမ်းပြီးတော့ နေထိုင်ကြတာပေါ့နော်။ မေးကြည့်တဲ့အခါကျတော့ အဲ့ဒီစစ်မှုထမ်းဥပဒေ အသက်သွင်းတဲ့အခါကျတော့ သူတို့တွေ လိုက်လံ ဖမ်းဆီးခံခြင်းဖြစ်မှာ ကြောက်လို့ပေါ့နော်၊ စစ်မှုထမ်းဖို့ ခေါ်ယူမှာကြောက်လို့ ထွက်ပြေးလာကြတာ လူငယ်တွေ တော်တော်များများတော့လေ။”

မွန်ပြည်နယ် မုဒုံမြို့နယ်ကနေ ကရင်ပြည်နယ် ဘုရားသုံးဆူမြို့ကို ပြေးဆွဲနေတဲ့ ကားသမားတဦးက အခုရက်ပိုင်းအတွင်းမှာ တစ်ရက်ကို အနည်းဆုံး လူ ၁,၀၀၀ ကျော်လောက် ဘုရားသုံးဆူမြို့ကို ဝင်ရောက်နေတယ်လို့ ခုလို ပြောပါတယ်။

“တစ်ရက်ကို ၁,၀၀၀ ကျော်ကျော်လောက်တော့ တက်တယ်။ (ပြီးခဲ့တဲ့) သုံး လေးလလောက်က အဲ့လိုမများဘူး။ အခုသူ အမိန့် ထုတ်ပြီးနောက်ပိုင်းမှာမှ ပိုများလာတယ်။ များတာ၊ များတာ အခုတော့ နည်းနည်းပြန်လျော့တယ်။ မနေ့က တစ်ရက် ဒီနေ့တစ်ရက် နည်းနည်း လျော့သွားတာ။ လျော့သွားတယ်ဆိုတာ လမ်းကြောင်းတွေက မကောင်းဘူးလေ အဲ့ဒါကြောင့် လျော့သွားတယ်။ ဝင်တော့ ဝင်တယ်၊ ပါးပါး၊ ပါးပါး ဝင်နေတယ်ပေါ့။ တက်လာကြတာပဲ သူတို့တက်လာတာ နယ်စပ်ရောက်သွားလို့ရှိရင်လည်း သူတို့ ဒီလိုသူ့ကယ်ရီနဲ့သူ ချိတ်ပြီးရင် အဆင်ပြေလား၊ မပြေလားတော့ မသိဘူး၊ သွားကြတာပဲ။ နယ်ပေါင်းစုံပဲ၊ အထက်ဗမာပြည်ဘက်ကနေ လာကြတာများတယ်။ တချို့လည်း ရှိတယ် ချင်းဘက်က များတယ်။”

နယ်စပ်ဖြတ်ကျော်လမ်းကြောင်း အခြေအနေမကောင်းလို့ ဒီနှစ်ရက်အတွင်းမှာ လူနည်းနည်း ပါးသွားပေမယ့် လူငယ်တွေ ဝင်လာနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။ အများစုက ချင်း၊ ရှမ်း စတဲ့ မြန်မာပြည်အထက်ပိုင်းက လူတွေ များတယ်လို့ ဆိုပါတယ်။ ဘုရားသုံးဆူမြို့ကို ဝင်လာတဲ့ ခရီးသွားတွေက ပွဲစားနဲ့ချိတ်ပြီး ရောက်လာကြတာဖြစ်ပြီး အများစုက တရားမဝင် မှောင်ခိုလမ်းကြောင်းကနေ ထိုင်းနိုင်ငံထဲ ဝင်ရောက်ကြတာပါ။ အဲဒီလိုသွားနိုင်ဖို့အတွက် ပို့ဆောင်ပေးသူတွေကို တဦးအတွက် မြန်မာငွေ ၁၅သိန်းကနေ သိန်း ၅၀ ဝန်းကျင်ပေးရတာပါ။

ဘုရားသုံးဆူတင်သာမဟုတ်ပဲ မြဝတီ-မဲဆောက်ဘက်နေလည်း လူငယ်တွေ တော်တော်များများ ထိုင်းနိုင်ငံထဲ ဝင်ရောက်နေကြပါတယ်။ ရန်ကုန် ထိုင်းသံရုံးမှာဆိုရင်လည်း ရက်ပိုင်းအတွင်း ဗီဇာလာလျှောက်သူ ၇,၀၀၀ ကျော်သွားပြီးလို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောတဲ့အကြောင်း Bangkok Posts သတင်းမှာ ဖော်ပြပါတယ်။

ပြည်ပကို တရားဝင်လမ်းကြောင်းကနေ ထွက်ခွာသူတွေ ရှိသလို တရားမဝင် မှောင်ခိုလမ်းကြောင်းကဆင့် သွားသူတွေလည်း ရှိပါတယ်။ စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းချက်ထွက်ပေါ်အပြီး တပတ်အတွင်းမှာ လူငယ် ရာဂဏန်းနဲ့ချီ ထိုင်း-မြန်မာနယ်စပ်တွေမှာ ဖမ်းဆီးခံနေရတာပါ။

ထိုင်းနိုင်ငံထဲ မြန်မာနိုင်ငံသားတွေ ဝင်လာတာများပြားနေတာကြောင့် တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေကို တရားဥပဒေအရ အရေးယူသွားမယ်လို့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ထိုင်းဝန်ကြီးချုပ် Srettha Thavisin က ပြောထားပါတယ်။ ဒီလို့ ကြေညာပြီးနောက်ပိုင်း နယ်စပ်ဖြတ်ကျော်ဂိတ်တွေမှာ ပိုမိုစစ်ဆေးလာတယ်လို့ နောက်ထပ်မြို့ခံတဦးက ပြောပါတယ်။

“ဒီ လိုင်းကားတွေမှာဆိုလို့ရှိရင် လူငယ်တွေ များတာပေါ့။ အရင်ကနဲ့ မတူဘူးပေါ့၊ အဲ့လောက်ပဲ သတိထားမိတယ်။ အစစ်အဆေးနည်းနည်း အရင်ကထက် ပိုတင်းတယ်၊ အဲ့လောက် ကြားမိတယ်။ အရင်က အစစ်အဆေးရှိတော့ ရှိတယ်ပေါ့၊ ဒါပေမယ့် ပေါ့တယ်ပေါ့နော်။ အခုက နည်းနည်း တင်းထားတယ်ပေါ့။”

အခုအခါ မွန်ပြည်နယ် မုဒုံမြို့နယ်၊ အဘစ်-ဘုရားသုံးဆူလမ်းကြောင်းပေါ်က စစ်ကောင်စီ ဂိတ်တခုမှာတော့ တင်းတင်းကြပ်ကြပ် စိစစ်နေတယ်လို့ ဒေသခံ ကားသမားတဦးက အခုလို ပြောပါတယ်။

“အဲ့ဒါက သုံးရက်လောက်ရှိတယ်။ သူက ပြောကတည်းက အဲ့ဒီ အသက် ၃၀၊ ၃၅ အောက်ကို မပေးဖြတ်ဘူးပေါ့၊ ကျန်တဲ့ လူကြီးပိုင်းတော့ တင်လို့ရတယ်ပေါ့နော်။ ကားသမားတော့ ဘယ်လိုပြောမလဲ အခက်အခဲတော့ ရှိတာပေါ့။”

တချို့က စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကနေ လှည့်ပြန်ရတဲ့ လူငယ်တွေရှိသလို၊ တချို့က ဂိတ်ကြေးပေးပြီး ဖြတ်ကျော်ရတယ်လို့ ဆိုပါတယ်။ ဒါနဲ့ ပတ်သက်လို့ VOA က သီးခြား အတည်မပြုနိုင်သေးပါဘူး။

ပြည်သူ့စစ်မှုထမ်းဥပဒေဟာ ဖေဖော်ဝါရီလ ၁၀ ရက်နေ့က အသက်ဝင်ခဲ့တာဖြစ်ပြီး လာမယ့် ဧပြီလမှာ စတင်ကျင့်သုံးမယ့်အကြောင်း စစ်ကောင်စီက ပြောဆိုထားသလို စစ်မှုထမ်းနိုင်မယ့် အမျိုးသားဦးရေ ၆ သန်းကျော်ရှိကြောင်း ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG