သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်း-မြန်မာ နယ်စပ်မှာ လူငယ်တွေကို စစ်ဆေးမှုတွေ တိုးမြင့် လုပ်ဆောင်လာ


မဲဆောက် မြဝတီမြို့ မှာရှိတဲ့ ထိုင်း-မြန်မာ နယ်စပ်ဂိတ်
မဲဆောက် မြဝတီမြို့ မှာရှိတဲ့ ထိုင်း-မြန်မာ နယ်စပ်ဂိတ်

မြန်မာစစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေပြဋ္ဌာန်းချက်ကြောင့် စစ်မှုမထမ်းလိုတဲ့လူငယ်တွေဟာ ထိုင်းနိုင်ငံထဲကို ဝင်ရောက်လာနေကြတာကို တားဆီးတဲ့အနေနဲ့ ထိုင်း-မြန်မာနယ်စပ်၊ မြန်မာဘက်ခြမ်းက လူဝင်မှုကြီးကြပ်ရေး (လဝက) စစ်ဆေးရေးဂိတ်တွေမှာ လူငယ်တွေကို စစ်ဆေးမှုတွေများသလို ထိုင်းဘက်ကလည်း တရားမဝင် မြန်မာတွေ လာရောက်နေတာကို ကာကွယ်ဖို့ စစ်သားအင်အားတွေချပြီး လုံခြုံရေးတွေ တိုးမြှင့်ထားပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ စစ်ကောင်စီက စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းလိုက်တာကြောင့် စစ်မှုမထမ်းလိုတဲ့ လူငယ်တွေဟာ နယ်စပ် တွက်ပေါက်တွေကနေ ထွက်ခွာလာနေကြပေမဲ့ စစ်ကောင်စီဘက်ကတော့ ဒါဟာ ကောလဟာလ၊ သတင်းမှားတွေအဖြစ် ပြောဆိုနေတာပါ။

တဆက်တည်းမှာပဲ အခုလို နယ်စပ်ကို ထွက်လာသူတွေများတဲ့အတွက် နယ်စပ် တံတားတွေမှာလည်း စစ်ဆေးမှုတွေ ပိုများလာတယ်လို့ မဲဆောက်-မြ၀တီ တံတားပေါ်က စစ်ဆေးမှုအခြေအနေနဲ့ပတ်သက်လို့ မျက်မြင်တွေ့ရသူတဦးက အခုလို ပြောပါတယ်။

“မြန်မာလ၀ကကလည်း စစ်တယ်၊ ရဲလည်း စစ်တယ်၊ ရဲကော စစ်သားကော သူတို့ပူးပေါင်းပြီး စစ်ကြတယ်။ လူငယ်ပိုင်းက အသက် ၃၀ကျော်လည်း စစ်တယ်။ ၁၈နှစ်ကျော်ကနေ အသက် ၄၀လောက်ထိ အကုန်စစ်တယ်။ မြန်မာပြည်ဘက်ကျတော့ သူတို့ ရွာတွေ၊ မြို့တွေဘက်ကနေ ဖမ်း၀ရမ်းရှိတဲ့သူတွေ ပါသလားဆိုတာ စစ်ကြတယ်။”

ထိုင်းအစိုးရကတော့ အောက်ဘက် တရားမဝင်လမ်းတွေက မြန်မာတွေ ဝင်ရောက်လာတာကို တားဆီးဖို့ လုံခြုံရေးကို တိုးချဲ့ ချထားပါတယ်။ စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းချက်ထွက်ပေါ်အပြီး တပတ်အတွင်းမှာ လူငယ်ရာဂဏန်းနဲ့ ချီ ထိုင်း-မြန်မာနယ်စပ်တွေမှာ ဖမ်းမိနေတာပါ။ အခုအခါမှာတော့ နယ်စပ်လုံခြုံရေးကိုထိုင်းဘက်ကလည်း တိုးပြီးချထားတယ်လို့ သူက ဆက်ပြောပြပါတယ်။

“တံတားဂိတ်မှာက စစ်ဆေးတာ တအားများတော့ ကလေးတွေ ထွက်တဲ့အခါမှာ ခိုင်လုံတဲ့အကြောင်းပြချက်ရှိမှ ဒီဘက်၊ ထိုင်းဘက်ကို ပေးကူးတယ်။ အဲဒီတော့ ကလေးတွေက တံတားပေါ်က မကူးတော့ဘူး၊ တံတားပေါ်ကနေ မထွက်တော့ဘူး၊ အောက်လမ်း ခိုးဂိတ်တွေကနေပဲ ကူးကြတော့တယ်။ ဒီရက်ပိုင်းထဲမှာဆိုရင်တော့ အယောက် ၃၀-၄၀လောက် တသုတ်မိတယ်၊ မဲ့ကို ကင်းရွာဘက်ကနေ သူတို့ကူးလာကြတာပါ။”

ထိုင်းဘက်က အောက်လမ်းတွေမှာ တင်းကျပ်ထားသလို မြန်မာဘက်က တံတားပေါ်မှာပို မိုစီစစ်မူတွေ ရှိတယ်လို့ ကုန်သည်တွေက ပြောပါတယ်။

“အောက်ဘက်ကတော့ ထိုင်းစစ်တပ်တွေ စောင့်နေတယ်။ မြန်မာဘက်ကတော့ တံးတားပေါ်ကပဲ ကြပ်တယ်။”

စစ်မှုထမ်းဥပဒေနဲ့ပတ်သက်လို့ သတင်းဌာန အသီးသီးက ရေးသားမှုတွေ၊ ပညာရှင်တွေ၊ လူအခွင့်ရေးအဖွဲ့တွေရဲ့ သုံးသပ်မူတွေကို ဝါဒဖြန့်လှုံ့ဆော်မူတွေအဖြစ်သာ စစ်ကောင်စီက ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။

အခုဆိုရင် စစ်မှုထမ်းဥပဒေထွက်အပြီး ၆ရက်အတွင်းမှာတော့ ထိုင်းနိုင်ငံကို တရားဝင်ဗီဇာလျောက်ပြီး ထွက်ဖို့ကြိုးစားတဲ့ လူငယ်တွေလည်း အများအပြားဖြစ်နေပြီး ထိုင်းသံရုံးက တနေ့ကို လူ ၄၀၀ပဲ လက်ခံမယ်လို့ ကြေညာခဲ့ရပါတယ်။ ဒါ့အပြင် နိုင်ငံကူးလက်မှတ်တွေရဖို့ ပေါက်စျေးကလည်းသိန်း ၃၀လောက်ထိ ထိုးတက်သွားပါတယ်။ မြန်မာနိုင်ငံအတွင်းက မိဘတွေကလည်း သူတို့သားသမီးတွေ စစ်တပ်ထဲ မဝင်ရရေးအတွက် နည်းမျိုးစုံနဲ့ အပြင်ရောက်နိုင်ရေး ကြိုးစားရာမှာ ထိုင်း-မြန်မာနယ်စပ်က တရားမဝင် လမ်းတွေကလည်း စေလွတ်နေတာတွေ ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG