သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာလူသားချင်းစာနာကူညီရေးလုပ်ငန်း တလအတွင်းစနိုင်ဖို့ ထိုင်းမျှော်လင့်


Thailand Myanmar Humanitarian Assistance
Thailand Myanmar Humanitarian Assistance

စစ်ဒဏ်ကြောင့်ဒုက္ခရောက်နေတဲ့ မြန်မာပြည်သူတွေအတွက် အကူအညီတွေကို တလအတွင်းပေးပို့ဖို့ လူသားစာနာမှုအကူညီပေးရေး လမ်းကြောင်းတခုဖွင့်မှာဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပရန်ပရီ ဘဟိဒ္ဒ နုကာရ ကပြောပါတယ်။

ထိုင်းနိုင်ငံမြောက်ပိုင်း Tak ခရိုင်ထဲက စခန်းချလုပ်ဆောင်ဖို့ စီစဉ်ထားတဲ့ နေရာမှာ စစ်ဆေးမှုတွေလုပ်ပြီးချိန်မှာ ခုလို ပြောခဲ့တာပါ။ မြန်မာနိုင်ငံတလွှား လူသားစာနာမှုအကူညီလိုအပ်သူ ၂.၆ သန်းလောက် ရှိမယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားတာပါ။ ဒါကြောင့် အခု ထိုင်းဘက်ကအဆိုပြုပြီး မြန်မာနဲ့ တခြားအာဆီယံအဖွဲ့ဝင်နိုင်ငံတွေက သဘောတူထားတဲ့ အစီစဉ်ဟာ ပမာဏအားဖြင့် သေးငယ်လှသလို ဒုက္ခသည် အနည်းအကျဉ်း အတွက်ပဲ ကာမိနိုင်မှာပါ။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းထားတာ ၃ နှစ်ထဲ ဝင်လာနေပြီဖြစ်ပြီး နေရာ အတော်များများမှာ တိုက်ပွဲတွေ ဖြစ်ပွါးနေရာက အခုဆို အာဏာသိမ်းမှု ဆန့်ကျင်သူတွေ၊ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ တွဲပြီး ဒီမိုကရေစီရေး တိုက်ပွဲဝင်နေသူတွေက နေရာအတော်များများကို ထိန်းချုပ်လာနိုင်ပြီဖြစ်ပါတယ်။

အခု ပေးအပ်မယ့်အစီစဉ်ဟာ ကနဦးအဖြစ် အိုးအိမ်ရွှေ့ပြောင်းနေထိုင်ရသူ ၂ သောင်းလောက်အတွက် ပေးဝေနိုင်မယ်လို့ ထိုင်း တာဝန်ခံအရာရှိတွေက ပြောပါတယ်။ ဒီအကူအညီကို ထိုင်းနဲ့မြန်မာ ကြက်ခြေနီအဖွဲ့က ဦးဆောင်ဖြန့်ဝေမှာဖြစ်ပြီး လူသားစာနာမှုအကူညီနဲ့ သဘာဝဘေးဒဏ်ဆိုင်ရာ စီမံခန့်ခွဲကူညီရေးအတွက် အာဆီယံ ပူးပေါင်းဆောင်ရွက်ရေးဗဟိုဌာနက စောင့်ကြည့် စစ်ဆေးမှာလည်း ဖြစ်ပါတယ်။ နယ်စပ်ကျော်ဖြတ် ပေးအပ်မယ့် အစီစဉ်နဲ့ပတ်သက်ပြီး အကူညီတွေ ဘယ်လိုပေးအပ်မယ်ဆိုတာကို အသေအချာ ထုတ်ပြောတာ မရှိသေးပါဘူး။ ဒါပေမယ့် ဝန်ကြီး ပရန်ပရီကတော့ မြန်မာဘက်ခြမ်းမှာပေးဝေမှာနဲ့ပတ်သက်ပြီး အစိုးရအချင်းချင်းကြား သဘောတူညီမှုအရ စစ်ကောင်စီကို လွှဲပေးရမှာဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG