သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်ရှောင်တွေ လက်မခံဖို့ မဏိပူရ် ကသည်းလူမျိုးစုတွေ တောင်းဆို


တိုက်ပွဲတွေကြောင့် အိန္ဒိယနိုင်ငံဘက် ထွက်ပြေးတိမ်းရှောင်ကြရသူ မြန်မာများ (နိုဝင်ဘာ ၂၀၂၁)
တိုက်ပွဲတွေကြောင့် အိန္ဒိယနိုင်ငံဘက် ထွက်ပြေးတိမ်းရှောင်ကြရသူ မြန်မာများ (နိုဝင်ဘာ ၂၀၂၁)

အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်ထဲက မြန်မာစစ်ဘေးရှောင်တွေကို မီဇိုရမ်ပြည်နယ်ထဲကို ရွှေ့ပြောင်းဖို့နဲ့ နယ်စပ်ခြံစည်းရိုးတွေခတ်ဖို့ အပါအဝင် တောင်းဆိုချက်တချို့ကို မဏိပူရ် (ကသည်း) လက်နက်ကိုင်အဖွဲ့က ပြည်နယ်အစိုးရကို ဖိအားပေး တောင်းဆိုလိုက်ပါတယ်။ မဏိပူရ ပြည်နယ်အတွင်း ဌာနေတိုင်းရင်းသား ကွတ်ကီး မျိုးနွယ်စု၊ နာဂ လူမျိုးစုတွေနဲ့ လူမျိုးရေး ပဋိပက္ခတွေ ဖြစ်နေတဲ့အချိန်မှာ မဏိပူရထဲ ရောက်လာတဲ့ နောက်ထပ် မြန်မာစစ်ရှောင်တွေကို လက်မခံဖို့ အစိုးရကို သူတို့က တောင်းဆိုတာ ဖြစ်ပါတယ်။ ဒီအကြောင်း ရန်ကုန်က ပေးပို့တဲ့သတင်းကို အခြေခံပြီး ကိုရန်နိုင်က ပြောပြမှာပါ။

လူမျိုးရေး ပဋိပက္ခအတွက် စိုးရိမ်စရာပြန်ဖြစ်လာတဲ့ အိန္ဒိယအရှေ့မြောက်ပိုင်း မြန်မာနဲ့ထိစပ်နေတဲ့ မဏိပူရ ပြည်နယ်က လူများစု ကသည်းလူမျိုးတွေဟာ ပြည်နယ်အစိုးရကို အချက် (၆) ချက် တောင်းဆိုခဲ့ကြောင်း အိန္ဒိယသတင်းဌာနတချို့က ဒီကနေ့ ဇန်နဝါရီ ၂၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ကသည်း လက်နက်ကိုင် (Arambai Tenggol ) အဖွဲ့က တခြား ဌာနေတိုင်းရင်းသားတွေဖြစ်တဲ့ ကွတ်ကီး နဲ့ နာဂတွေဆီက နယ်မြေရယူလိုမှုနဲ့ လူမျိုးရေး အဆင့်အတန်း တခုအတွက် ပြည်နယ်အစိုးရကို ဗုဒ္ဓဟူးနေ့က ဖိတ်ခေါ်ပြီး အခုလို ဖိအားပေး တောင်းဆိုခဲ့တာပါ။ ဒီတောင်းဆိုချက် ၆ချက်ထဲမှာ မဏိပူရ်ပြည်နယ်ထဲ ရောက်လာတဲ့ မြန်မာစစ်ရှောင်တွေကို မီဇိုရမ်ပြည်နယ်ကို ရွှေ့ပြောင်းပေးဖို့နဲ့ မြန်မာနယ်စပ်ကို ခြံစည်းရိုး ကာရံပေးဖို့ စတဲ့ အချက်၂ချက်လည်း ပါဝင်ပါတယ်။

မြန်မာဘက်က ထွက်ပြေးလာတဲ့ စစ်ရှောင်တွေကို ရမယ်ရှာတာဟာ ဒေသခံ နာဂနဲ့ ကွတ်ကီးတွေကို ပြည်နယ်ထဲကနေ မောင်းထုတ်ချင်တာကြောင့် ဖြစ်နိုင်ကြောင်း ကွတ်ကီး အဖွဲ့အစည်းတချို့ကလည်း လူမှုကွန်ရက်ပေါ်မှာ ပြန်ပြီး တုံ့ပြန်ကြပါတယ်။

ဒါပေမဲ့ ကသည်းလူမျိုးတွေ တောင်းဆိုထားတဲ့ မြန်မာစစ်ရှောင်တွေကို ရွှေ့ပြောင်းရေးကိစ္စနဲ့ လူမျိုးရေးပဋိပက္ခကို ဆက်စပ်ပြီး ကောက်ချက်ချဖို့က စောသေးကြောင်း India for Myanmar အရပ်ဘက်အဖွဲ့ကို တည်ထောင်သူ ဆလိုင်း ဒိုခါရ်က ပြောပါတယ်။

" မီဇိုရမ်ပြည်နယ်ဘက်ကို မြန်မာနိုင်ငံသားတွေကို ပြန်လွှဲပေးရေးဆိုတဲ့ အချက်က နောက်ကွယ်က နိုင်ငံရေးနောက်ဆက်တွဲ အနေနဲ့တော့ ဘယ်လောက် အတိုင်းအတာအထိ ကြီးမားမလဲဆိုတာ ခန့်မှန်းရခက်ပါတယ်။ အကြောင်းအရင်းက အခုလက်ရှိ မဏိပူရ်မှာရှိတဲ့ နာဂ မျိုးနွယ်စုတွေ၊ ချင်းမျိုးနွယ်စုတွေ အားလုံးကို မဏိပူရ်က ကသည်းလူမျိုးတွေကတော့ သူတို့ကို မြန်မာပြည်ဘက်ကနေ ရွှေ့ပြောင်းလာနေထိုင်တဲ့ သူများအဖြစ် စွတ်စွဲနေတဲ့ဟာမျိုး ဆိုတော့ ဒီလိုဟာမျိုးတွေကို အကြုံးဝင်အောင် ပြောတဲ့ဟာမျိုးလား၊ ဆိုတာမျိုးတော့ ကျနော်တို့ ခဏတော့ စောင့်ကြည့်ရမယ်။ ဒါပေမဲ့ အခုဒီ သူတို့ရဲ့စာ အသွားအလာ၊ အသုံးအနှုန်းအရတော့ မြန်မာပြည်က စစ်ဘေးရှောင်တွေ ဆိုတဲ့ဟာမျိုးပဲ သုံးထားတယ်။ ဆိုတော့ ဒီ ၂၀၂၀ အာဏာသိမ်းမှုနောက်ပိုင်း ရွှေ့ပြောင်းလာတဲ့ဟာမျိုးကို ရည်ညွှန်းပုံတော့ ရပါတယ်ခင်ဗျ။"

မဏိပူရအစိုးရဟာ မြန်မာစစ်ရှောင်တွေကို လက်ခံဖို့ ငြင်းဆိုထားသလို၊ ၂၀၂၁ မြန်မာ့ အာဏာသိမ်းမှုနောက်ပိုင်း ဝင်ရောက်လာသူတွေထဲက ၁၅၀ ကျော်ကိုလည်း အခုအချိန်အထိ ဖမ်းဆီးထားပါတယ်။ လွတ်ရက်စေ့ပြီးသူ အများအပြားကိုလည်း အခုအချိန်အထိ မဏိပူရပြည်နယ် အင်ဖာ (Imphal) အကျဉ်းထောင်မှာ ဖမ်းဆီးထားတုန်း ဖြစ်ပါတယ်။ အင်ဖာအကျဉ်းထောင်မှာ Foreigner Act နဲ့ ထောင်ကျနေတဲ့ မြန်မာနိုင်ငံသားတဦးက ထောင်ထဲကနေ ဖုန်းနဲ့ ဗွီအိုအေကို အခုလို ဆက်သွယ်လာခဲ့တာပါ။

" ကျနော်တို့ဆို အချိန်တွေ အတော်ကြာသွားပြီ။ နောက်ထပ် ၂လပိုင်း၊ ၃လပိုင်းဆိုရင် ကျနော်ဆို ၃နှစ်ပြည့်ပြီ အဖမ်းခံရတာ။ ကျနော်တို့ ဒီမှာက နေရထိုင်ရတာ လုံးဝအဆင်မပြေဘူးလေ။ အားလုံးက ထောင်စည်းကမ်းအတိုင်းသွားတာ။ ကလေးတွေပါတော့ အရမ်းဆိုးပါတယ်။ ၁နှစ်၊ ၂နှစ်ကနေ ၉နှစ်၊ ၁၀နှစ် အဲလိုအရွယ်တွေ ပညာသင်ရမဲ့အရွယ်တွေ၊ ထောင်ထဲမှာ ပိတ်လှောင်ထားခံရတာ၊ စုစုပေါင်းဆိုရင် ၃၀ကျော်တယ်ဗျ။ သူတို့ကပြောတယ်၊ မင်းတို့ ကြိုက်သလိုလုပ် ထွက်ဖို့အတွက်ကတော့ ငါတို့ဘာမှ လုပ်မပေးနိုင်ဘူး၊ မင်းတို့နိုင်ငံက မခေါ်ဘူး၊ အဲလိုပဲ အမြဲတမ်း ပြောတယ်။"

မဏိပူအစိုးရဟာ ကသည်းလူမျိုးစုတွေရဲ့ ဖိအားပေး တောင်းဆိုမှုတွေကို လိုက်လျောပေးနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကိုလည်း ရင်ဆိုင်နေရပါတယ်။ ကသည်းလက်နက်ကိုင် အဖွဲ့ကတော့ မြန်မာစစ်ရှောင်တွေကို လက်မခံဖို့နဲ့ နယ်စပ်ခြံစည်းရိုးခတ်ဖို့ အပါအဝင် အချက် ၆ချက်ကို ရတဲ့အထိ တောင်းဆိုသွားမယ်လို့ ပြောထားကြောင်း အိန္ဒိယသတင်းဌာနတချို့မှာ ရေးသားထားပါတယ်။

မဏိပူရပြည်နယ်ထဲမှာ မြန်မာစစ်ဘေးရှောင် အနည်းငယ်သာရှိပေမဲ့ မီဇိုရမ်ပြည်နယ်ထဲမှာတော့ အစိုးရရဲ့ အချက်အလက်အရဆိုရင် မြန်မာစစ်ရှောင် ၃၀,၀၀၀ လောက်ရှိနေပါတယ်။ အရပ်ဘက်အဖွဲ့တွေကတော့ အမှန်တကယ်ဦးရေက အဲဒီ အရေအတွက်ထက် နှစ်ဆလောက် ရှိနိုင်ကြောင်း ခန့်မှန်းထားတာလည်း ရှိပါတယ်။

XS
SM
MD
LG