မြန်မာနိုင်ငံဘက်က ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေအတွက် လူသားချင်း စာနာမှု အကူအညီပေးရေး ထိုင်း-မြန်မာနယ်စပ်မှာ လမ်းကြောင်းသတ်မှတ်မဲ့ ထိုင်းနိုင်ငံရဲ့ အစီအစဉ်ကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Anthony Blinken ထောက်ခံတဲ့အကြောင်း ထိုင်း ဒုတိယဝန်ကြီးချုပ်လည်းဖြစ် နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ Parnpree Bahiddha-Nukara က ပြောဆိုပါတယ်။
တနင်္လာနေ့က ဝါရှင်တန်မြို့တော်မှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Anthony Blinken နဲ့ တွေ့ဆုံဆွေးနွေးခဲ့တဲ့ ဆွေးနွေးချက်တွေနဲ့ ပတ်သက်ပြီး ထိုင်း နိုင်ငံခြားရေးဝန်ကြီး Parnpree ရဲ့ ပြောဆိုချက်တွေကို ဒီနေ့ထုတ် Bangkok Post သတင်းစာမှာ ရေးသားထားတာပါ။ ဒေသတွင်း ထိုင်းနိုင်ငံရဲ့ မဟာဗျုဟာအရ အရေးပါမှုကို အမေရိကန်ပြည်ထောင်စုဘက်က အသိအမှတ်ပြုခဲ့ပြီး မြန်မာနိုင်ငံရဲ့ အကျပ်အတည်း ဖြေရှင်းရေးနဲ့ ပတ်သက်လို့ ထိုင်းနဲ့ အမေရိကန်ပြည်ထောင်စုအကြား ပူးပေါင်းဆောင်ရွက်ရေး နောက်ထပ် ဆက်လက် ဆွေးနွေးသွားမယ့်အကြောင်းလည်း ထိုင်း နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Blinken ဘက်က ထိုင်း-မြန်မာ နယ်ခြား ဆိုက်ဘာလုံခြုံရေးအရ စိုးရိမ်ရတဲ့ ကိစ္စတွေကို ဆွေးနွေးပြောဆိုခဲ့ပြီး ဒီကိစ္စကိုလည်း ထိုင်းနဲ့ အမေရိကန် အကြား ပူးပေါင်းဟန့်တားသွားမဲ့ အကြောင်း ထိုင်း နိုင်ငံခြားရေးဝန်ကြီး Parnpree က ပြောဆိုပါတယ်။
ဝန်ကြီး Parnpree ဟာ အမေရိကန် အောက်လွှတ်တော် အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ ကော်မတီခွဲ ဥက္ကဋ္ဌ အထက်လွှတ်တော်အမတ် Chris Van Hollen နဲ့လည်း ခရီးစဉ်အတွင်းမှာ တွေ့ဆုံပြီး မြန်မာနိုင်ငံ့အရေးကို ဆွေးနွေးပါတယ်။ မြန်မာဒုက္ခသည်တွေအတွက် လူသားချင်းစာနာမှု အကူအညီပေးရေး ထိုင်းနိုင်ငံရဲ့ အစပျိုးဆောင်ရွက်မှုတွေအပေါ် အထက်လွှတ်တော်အမတ် Chris Van Hollen က အကောင်းဘက်က ဆွေးနွေးခဲ့တဲ့အကြောင်းလည်း ပြောဆိုပါတယ်။