သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်နဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှစ်ဦး ဝါရှင်တန်မှာ တွေ့ဆုံ


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တီနီဘလင်ကန် (ဝဲ-တတိယ) နဲ့အဖွဲ့က အမေရိကန်ပြည်ထောင်စုကို ၂ ရက်ကြာခရီးရောက်နေတဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပရန်ပရီ ဘဟိဒ္ဒ နုကာရဟာ (ယာ-ဒုတိယ) နဲ့အဖွဲ့ကို လက်ခံတွေ့ဆုံစဥ်။ (ဖေဖေါ်ဝါရီ ၁၂၊ ၂၀၂၄)
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တီနီဘလင်ကန် (ဝဲ-တတိယ) နဲ့အဖွဲ့က အမေရိကန်ပြည်ထောင်စုကို ၂ ရက်ကြာခရီးရောက်နေတဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပရန်ပရီ ဘဟိဒ္ဒ နုကာရဟာ (ယာ-ဒုတိယ) နဲ့အဖွဲ့ကို လက်ခံတွေ့ဆုံစဥ်။ (ဖေဖေါ်ဝါရီ ၁၂၊ ၂၀၂၄)

ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပရန်ပရီ ဘဟိဒ္ဒ နုကာရဟာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်ထော်နီဘလင်ကန်နဲ့ တနင်္လာနေ့ အမေရိကန်စံချိန်ညနေပိုင်းမှာတွေ့ဆုံခဲ့ပြီး ဒေသတွင်း မြန်မာနိုင်ငံအရေးကိစ္စဟာ ဦးစားပေးဆွေးနွေးမယ့်အကြောင်းအရာတခုဖြစ်မယ်လို့ မျှော်လင့်ရပါတယ်။

ဒေသတွင်းနဲ့ ကမ္ဘာ့စိန်ခေါ်ချက်တွေကို အတူတကွ ထိထိရောက်ရောက်ဖြေရှင်းနိုင်မယ့် မဟာမိတ်ဖြစ်ရတာ၊ လက်တွဲဖက်ဖြစ်ရတာ ကျေနပ်စရာဖြစ်တယ်လို့ နှစ်ဘက်အစည်းအဝေးမတိုင်ခင်မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကပြောခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုနဲ့ ဒေသတွင်းလုံခြုံရေးဆောင်ရွက်မှုတွေကို တိုးမြှင့်သွားလိုတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးကလည်း အစည်းအဝေးမတိုင်ခင် ပြောပါတယ်။ မဲခေါင်ဒေသ အာဆီယံဖွံ့ဖြိုးရေးအစီအစဉ်၊ အမေရိကန်ဦးဆောင်တဲ့ အင်ဒို-ပစိဖိတ် စီးပွားရေမူဘောင်တွေကတဆင့် အမေရိကန်ပြည်ထောင်စုနဲ့ နီးနီးကပ်ကပ်လက်တွဲသွားဖို့ မျှော်လင့်ထားတယ်လို့လည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောခဲ့ပါတယ်။

မြန်မာနဲ့နယ်ချင်းစပ် ထိုင်းနိုင်ငံ တာခ့်ခရိုင်အတွင်းမှာ မြန်မာဒုက္ခသည်တွေအတွက် လူသားချင်းစာနာကူညီမှုလုပ်ငန်းတွေကို ဒီတလအတွင်း စတင်မယ်လို့ ထိုင်းဒုတိယဝန်ကြီးချုပ်လည်းဖြစ်၊ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ပရန်ပရီက ပြီးခဲ့တဲ့သီတင်းပတ်ကပဲ ပြောခဲ့ပါတယ်။ နှစ်နိုင်ငံ ကြက်ခြေနီအသင်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ စစ်ရေးပဋိပက္ခကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်နေတဲ့ စစ်ပြေးဒုက္ခသည်တွေကို အစားအစာနဲ့ ဆေးဝါးထောက်ပံ့ကူညီဖို့ ကနဦး စီစဉ်တာလို့ သိရပါတယ်။ ဒါကြောင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့ဆုံတဲ့အခါ အခုလို လူသားချင်းစာနာမှုအကူအညီပေးရေးကိစ္စရပ်အပြင် မြန်မာနိုင်ငံတွင်း ပဋိပက္ခတွေအပေါ် နှစ်ဖက်အမြင် ဆွေးနွေးမယ်လို့လည်း ယူဆရပါတယ်။

အမေရိကန်ပြည်ထောင်စုကို နှစ်ရက်ကြာ တရားဝင်ခရီးစဉ်ရောက်ရှိလာတဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟာ ဒီခရီးစဉ်အတွင်း အမေရိကန်ကုန်သွယ်ရေးဝန်ကြီး၊ သမ္မတရဲ့ စွမ်းအင်နဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာအကြီးတန်းအကြံပေးပုဂ္ဂိုလ်တို့အပြင် အာရှဒေသတွင်းနဲ့နိုင်ငံခြားရေးမူဝါဒဆိုင်ရာမှာ စိတ်ဝင်တစားရှိတဲ့ အမေရိကန်လွှတ်တော်အမတ်တွေကိုလည်း တွေ့ဆုံဖို့ရှိတယ်လို့ Thai PBS သတင်းမှာ ဖော်ပြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG