သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနိုင်ငံမှာ အထက်လွှတ်တော်အမတ်တဦးကို မြန်မာနိုင်ငံစီးပွားရေး မသမာမှုနဲ့ပတ်သက်တဲ့ စွဲချက်နဲ့ တရားစွဲဆို 

ထိုင်း အထက်လွှတ်တော်အမတ် Upakit Pachariyangkun ကို မြန်မာစီးပွားရေး မသမာမှုနဲ့ပတ်သက်တဲ့ စွဲချက်နဲ့ ထိုင်းအာဏာပိုင်တွေက ဒီဇင်ဘာ ၁၄ က တရားစွဲ။ ဓာတ်ပုံ (ပုံဟောင်း) - Credit: Facebook/Upakit Pachariyangkun

မြန်မာ အာဏာသိမ်း စစ်ခေါင်းဆောင်နဲ့ နီးစပ်သူလို့ သတင်းထွက်ခဲ့တဲ့ စီးပွားရေး လုပ်ငန်းရှင် ဦးထွန်းမင်းလတ် အပေါ် ထိုင်းအာဏာပိုင်တွေက စွဲချက်တင်ထားတဲ့ အမှုတွေနဲ့ ဆက်စပ်ပြီး ထိုင်းဆီးနိတ် လွှတ်တော်အမတ်တဦးကိုလည်း အစိုးရရှေ့နေတွေက စွဲချက်တင်လိုက်ကြောင်း ထိုင်းရှေ့နေချုပ်ရုံးက သောကြာနေ့က ကြေညာချက်ထုတ်ပြန်ပါတယ်။

အထက်လွှတ်တော်အမတ် Upakit Pachariyangkun အပေါ် မူးယစ်ဆေးဝါး မှောင်ခိုကူးမှု၊ ငွေကြေးခဝါချမှု၊ နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုအဖွဲ့နဲ့ ပတ်သက်မှု အပါအဝင် စွဲချက်ခြောက်ခုနဲ့ တရားစွဲဆိုခဲ့တာပါ။ ဘန်ကောက်မြို့တော်က ရာဇ၀တ်တရားရုံးက ကြာသပတေးနေ့ ရုံးချိန်းမှာ သူ့အပေါ် စွပ်စွဲထားတဲ့ စွဲချက်အားလုံးကို အမတ် Upakit Pachariyangkun က ငြင်းဆိုခဲ့ပြီး ထိုင်းဘတ်ငွေ ၁၀ သန်း (အမေရိကန် ဒေါ်လာ ၂၈၆,၀၀၀) အာမခံတင်ခဲ့ပါတယ်။

အမှုရဲ့ စွပ်စွဲချက်တွေထဲမှာ တရားမ၀င် မူးယစ်ဆေးဝါးရောင်းချမှုကရတဲ့ အမြတ်ငွေတွေကို ဦးထွန်းမင်းလတ်နဲ့ Upakit ထိန်းချုပ်ထားတဲ့ စွမ်းအင် ကုမ္ပဏီ တခုကတဆင့် ငွေကြေးခဝါချခဲ့ကြောင်း စွပ်စွဲထားပါတယ်။ Upakit ကတော့ သူ့အနေနဲ့ အဲဒီ ကုမ္ပဏီက ပိုင်ဆိုင်မှုတွေကို သူ လွှတ်တော်အမတ်စဖြစ်တဲ့ ၂၀၁၉ ခုနှစ်ကတည်းက ရောင်းချထားပြီး ဖြစ်ကြောင်း ဖြေရှင်းပါတယ်။

ထိုင်း အထက်လွှတ်တော်အမတ် Upakit Pachariyangkun ကို မြန်မာစီးပွားရေး မသမာမှုနဲ့ပတ်သက်တဲ့ စွဲချက်နဲ့ ထိုင်းအာဏာပိုင်တွေက ဒီဇင်ဘာ ၁၄ က တရားစွဲ။ ဓာတ်ပုံ (ပုံဟောင်း) - Credit: Facebook/Upakit Pachariyangkun
ထိုင်း အထက်လွှတ်တော်အမတ် Upakit Pachariyangkun ကို မြန်မာစီးပွားရေး မသမာမှုနဲ့ပတ်သက်တဲ့ စွဲချက်နဲ့ ထိုင်းအာဏာပိုင်တွေက ဒီဇင်ဘာ ၁၄ က တရားစွဲ။ ဓာတ်ပုံ (ပုံဟောင်း) - Credit: Facebook/Upakit Pachariyangkun

ထိုင်းသတင်းတွေရဲ့ ဖော်ပြချက်တွေမှာတော့ Upakit နဲ့ ဦးထွန်းမင်းလတ် တို့နှစ်ဥ◌ီးမှာ အခြား ကုမ္ပဏီအများအပြားမှာလည်း အကျိုးစီးပွားတွေ ဆက်စပ်နေတာ ရှိနေပြီး အဲထဲက တခုက မြန်မာနိုင်ငံထဲက ကာစီနိုလောင်းကစားရုံ တခုနဲ့ ထိုင်းလျှပ်စစ်ကုမ္ပဏီတို့ ပါဝင်ပါတယ်။

ဦးထွန်းမင်းလတ်ကတော့ မြန်မာ အာဏာသိမ်း စစ်ကောင်စီအတွက် လက်နက်ပွဲစားတစ်ဦးဖြစ်ကြောင်း လွတ်လပ်တဲ့ မြန်မာ မီဒီယာတွေနဲ့ တက်ကြွလှုပ်ရှားတဲ့ အဖွဲ့တွေက ဖော်ပြကြပါတယ်။ အမေရိကန်ပြည်ထောင်စုကတော့ ဦးထွန်းမင်းလတ်နဲ့ ဇနီး ဖြစ်သူ အပြင် သူတို့ပိုင်ဆိုင်တဲ့ ကုမ္ပဏီတွေကို မြန်မာစစ်တပ်ကို ထောက်ပံ့ပေးနေလို့ ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ထားပါတယ်။

ဦးထွန်းမင်းလတ်ကိုတော့ မူးယစ်ဆေးဝါး ရောင်းဝယ်မှု၊ ငွေကြေးခဝါချမှု စွဲချက်တွေနဲ့ ထိုင်းရဲက မနှစ် စက်တင်ဘာလက ဖမ်းဆီးခဲ့ပါတယ်။ အဲ့တုန်းက သူနဲ့ အတူ အဖမ်းခံခဲ့ရတဲ့ထဲမှာ အမတ် Upakit ရဲ့ ထိုင်း-အမေရိကန် သားမက် Dean Gultula အပါအဝင် ထိုင်းနိုင်ငံသား သုံးဦးပါဝင်ပါတယ်။ သူတို့ အားလုံးကတော့ ဒီနှစ် ဇန်နဝါရီလမှာ စွဲချက်တွေတွက် အပြစ်မရှိကြောင်း တရားရုံးမှာ ထွက်ဆိုထားပါတယ်။

ထိုင်းမူးယစ်ဆေးဝါးထိန်းချုပ်ရေး တာဝန်ရှိသူတွေဟာ ပြီးခဲ့တဲ့ လပိုင်းထဲ Upakit ရဲ့ နေအိမ်အများအပြားကို ရှာဖွေခဲ့ပြီး တရားမဝင် ရယူထားတယ်ဆိုတဲ့ သံသယနဲ့ ဘတ်ငွေ သန်း ၄၀၀ (ဒေါ်လာ ၁၁.၅ သန်း) ကျော်တန်ဖိုးရှိ ပစ္စည်းတွေကို သိမ်းဆည်းခဲ့ပါတယ်။ Upakit ကို အခု စွပ်စွဲထားတဲ့ အမှုတွေနဲ့ ပတ်သက်တဲ့ သက်သေအထောက်အထားတွေကို ပြန်လည်သုံးသပ်ဖို့ အတွက် တရားရုံးက ကနဦးကြားနာမှုကို မေလ ၁၃ ရက်မှာ ပြုလုပ်ဖို့ စီစဥ်ထားပါတယ်။

XS
SM
MD
LG