သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာကို ၂၀၂၃ ဘိန်းစိုက်ပျိုးမှု အများဆုံးနိုင်ငံအဖြစ် ကုလသတ်မှတ်


ယခင်မှတ်တမ်းရုပ်ပုံ | ရှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့မှာတွေ့ရတဲ့ တရားမဝင် ဘိန်းစိုက်ခင်းတခု (ဖေဖော်ဝါရီ ၃၊ ၂၀၁၉)
ယခင်မှတ်တမ်းရုပ်ပုံ | ရှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့မှာတွေ့ရတဲ့ တရားမဝင် ဘိန်းစိုက်ခင်းတခု (ဖေဖော်ဝါရီ ၃၊ ၂၀၁၉)

မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ဘိန်းနဲ့ ဘိန်းဖြူအများဆုံး စိုက်ပျိုးထုတ်လုပ်တဲ့ နိုင်ငံဖြစ်လာပြီလို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) ရဲ့ ၂၀၂၃ ခုနှစ် အရှေ့တောင်အာရှ ဘိန်းစစ်တမ်းမှာ ဖော်ပြထားပါတယ်။ ပြည်တွင်းစစ်ကြောင့် မြန်မာနိုင်ငံမှာ သုံးနှစ်ဆက်တိုက် ဘိန်းစိုက်ပျိုးထုတ်လုပ်မှု တိုးလာပြီး အခုနှစ်မှာတော့ အာဖဂန်နစ္စတန်ကို ကျော်တက်သွားပြီလို့ UNODC ရဲ့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။ ဒီအကြောင်း သတင်းပေးပို့ထားတာကို အခြေခံပြီး မဆုမွန်က ပြောပြမှာပါ။

ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) ရဲ့ အခုနှစ် ၂၀၂၃ ခုနှစ်အတွက် ထုတ်ပြန်တဲ့ အရှေ့တောင်အာရှ ဘိန်းစစ်တမ်း - စိုက်ပျိုးမှု၊ ထုတ်လုပ်မှုနဲ့ သက်ရောက်မှု အစီအရင်ခံစာမှာ မြန်မာနဲ့ လာအိုနိုင်ငံရဲ့ အခြေအနေတွေကို ဖော်ပြထားပါတယ်။ ရှမ်း၊ ကချင်၊ ချင်းနဲ့ ကယားပြည်နယ်တို့ကို အဓိကပစ်မှတ်ထားပြီး မြန်မာနိုင်ငံတွင်းက ၅၅ နေရာမှာ စစ်တမ်းကောက်ယူခဲ့တာပါ။ မြန်မာ- ထိုင်း- လာအို ၃ နိုင်ငံကြားက ရွှေတြိဂံဒေသတွင်း ဘိန်းစိုက်ပျိုးမှု အခြေအနေဟာ ပြီးခဲ့တဲ့နှစ်တွေ အတွင်းမှာ သိသိသာသာ တိုးလာ နေတာ တွေ့ရပြီး မြန်မာနိုင်ငံရဲ့ ဘိန်းစိုက်ပျိုးမှုပမာဏ တိုးလာတာက အများဆုံး ဖြစ်နေတယ်လို့ UNODC ရဲ့ သုတေသနအရာရှိ Inshik Sim က ပြောပါတယ်။

"ခြုံငုံသုံးသပ်ရရင် မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးမှုက အခု ၂၀၂၃ ခုနှစ်မှာ ဟက်တာ ၄၇,၁၀၀ အထိ တိုးလာ တယ်။ အဲဒါအပြင် မြန်မာနိုင်ငံမှာ တန်ချိန် ၁,၀၀၀ ထုတ်လာပြီး ဒါဟာ ၂၀၀၁ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်အတွင်းမှာ အများဆုံး ထုတ်လုပ်တဲ့ ပမာဏလည်း ဖြစ်ခဲ့တယ်။"

ရှမ်းပြည်နယ်ဟာ မြန်မာနိုင်ငံရဲ့ ဘိန်းစိုက်ပျိုးတဲ့ အဓိကနေရာဖြစ်နေပြီး၊ တနိုင်ငံလုံးအတိုင်းအတာ စိုက်ပျိုးမှု စုစုပေါင်းရဲ့ ၈၈ ရာခိုင်နှုန်းအထိ တိုးလာတယ်လို့ တွေ့ရှိခဲ့တယ် လို့ ပြောပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ တောင်ပိုင်းနဲ့ အရှေ့ပိုင်းတို့မှာ တနှစ်ထက်တနှစ် ၂၀ ရာခိုင်နှုန်း ပိုပြီး တိုးလာနေတာကို တွေ့ရတာပါ။ ဒါ့အပြင် အိန္ဒိယနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ စစ်ကိုင်းတိုင်းမြောက်ပိုင်းက ဘိန်းစိုက်ပျိုးတဲ့ အခြေအနေလည်း တိုးလာကြောင်း ဖေါ်ပြ ထားပါတယ်။ စစ်ကိုင်းတိုင်း မြောက်ပိုင်းမှာ ဘိန်းစိုက်ပျိုးတဲ့ ပမာဏက ရှမ်းပြည်နယ်လောက် မများပေမယ့် ၈ နှစ်တာ ကာလအတွင်းမှာ စိုက်ပျိုးမှု ၅ ဆတိုးလာတယ်လို့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။

ယခင်မှတ်တမ်းရုပ်ပုံ | ရှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့မှာတွေ့ရတဲ့ တရားမဝင် ဘိန်းစိုက်ခင်းတခု (ဖေဖော်ဝါရီ ၂၊ ၂၀၁၉)
ယခင်မှတ်တမ်းရုပ်ပုံ | ရှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့မှာတွေ့ရတဲ့ တရားမဝင် ဘိန်းစိုက်ခင်းတခု (ဖေဖော်ဝါရီ ၂၊ ၂၀၁၉)

ဒီစစ်တမ်းက မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် ဒုတိယစိုက်ပျိုးရာသီချိန်မှာ ကောက်ယူထားတာလည်း ဖြစ်ပါတယ်။ ကမ္ဘာ့ဘိန်းစိုက်ပျိုးမှု အများဆုံးဖြစ်ခဲ့တဲ့ အာဖဂန်နစ္စတန်မှာ မကြာသေးခင်ကပဲ တာလီဘန်တွေ ထိန်းချုပ်ခဲ့တဲ့နောက် ဘိန်းစိုက်ပျိုးနှုန်း ကျဆင်းလာပြီး၊ မြန်မာနိုင်ငံက စိုက်ပျိုးမှု အများဆုံးနိုင်ငံ ဖြစ်လာတာပါ။ မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက်ပိုင်း ဒေသတွင်း အခြေအနေကြောင့် လယ်သမားတွေကို ဘိန်းစိုက်ပျိုးတဲ့ အခြေအနေထိရောက်အောင် တွန်းပို့နေတာကို သိရတယ်လို့လည်း Inshik Sim က ပြောပါတယ်။

"ခြုံပြောရရင်တော့ လယ်သမားတွေအတွက် ကျွန်တော်တို့ရဲ့ ပံ့ပိုးကူညီမှုတွေ တိုးမြင့်ဖို့ လိုပါတယ်။ ဘာလို့လဲ ဆိုတော့ သူတို့အတွက် ဘိန်းစိုက်ပျိုးဖို့ ဆွဲဆောင်နိုင်တဲ့ အချက်တွေ အများကြီးရှိနေတာကြောင့်ပါ။ နောက်တချက်ကလည်း ရွှေတြိဂံဒေသကနေ ဒီဘိန်းဖြူ တွေ တခြားနိုင်ငံတွေဆီ တင်ပို့နေတဲ့ လမ်းကြောင်းကို အနီးကပ်စောင့်ကြည့်ဖို့ လိုပါတယ် "

ရွှေတြိဂံဒေသဟာ တရားမဝင် မူးယစ်ဆေးဝါး ထုတ်လုပ်မှုနဲ့ ရောင်းဝယ်ဖောက်ကားမှုရဲ့ အဓိကနေရာအဖြစ် ရှိနေတာပါ။ မြန်မာနိုင်ငံရဲ့ အခုနှစ် ဘိန်းစိုက်ပျိုးတဲ့ ပမာဏက အမေရိကန်ဒေါ်လာ ၂၇၁ သန်းကနေ ၆၁၃ သန်းကြားမှာ ရှိနိုင်တယ်လို့ ကုလက ခန့်မှန်းထားပါတယ်။ ဘိန်းဖြူ ၅၈ တန်ကနေ ၁၅၄ တန်အထိ တင်ပို့နိုင်ခဲ့ပြီး၊ ငွေကြေး အမေရိကန်ဒေါ်လာ ၈၃၅ သန်းကနေ ၂.၂ ဘီလီယံကြား ဘိန်းဖြူကုန်ကူးခဲ့တယ်လို့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ စီးပွားရေး မတည်ငြိမ်မှုတွေ၊ အိမ်ထောင်စုဝင်ငွေ နည်းပါးတာနဲ့ ကုန်ဈေးနှုန်း ကြီးမြင့်တဲ့ဒဏ်တွေက လယ်သမားတချို့ကို တရားမဝင် ဘိန်းစိုက်ပျိုးမှုတွေ လုပ်ဆောင်ဖို့ တွန်းအားပေးနေတယ်လို့ ပြောပါတယ်။ အခုလို စိုက်ပျိုးတောင်သူတွေ အသက်ရှင် ရပ်တည်ဖို့အတွက် လက်ရှိကြုံနေရတဲ့ နိုင်ငံရေးအခြေနေက တွန်းပို့နေတယ်လို့လည်း ကုလသမဂ္ဂက သုံးသပ်ထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG