သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွှေတြိဂံဒေသထွက် ဘိန်းဖြူ ၃၂ ကီလို ထိုင်းအာဏာပိုင်တွေ ဖမ်းဆီး


ရွှေတြိဂံဒေသထွက် ဘိန်းဖြူ ၃၂ ကီလို ထိုင်းအာဏာပိုင်တွေ ဖမ်းဆီးခဲ့ (ဇူလိုင် ၂၇၊ ၂၀၂၃)
ရွှေတြိဂံဒေသထွက် ဘိန်းဖြူ ၃၂ ကီလို ထိုင်းအာဏာပိုင်တွေ ဖမ်းဆီးခဲ့ (ဇူလိုင် ၂၇၊ ၂၀၂၃)

ထိုင်း−မြန်မာနယ်စပ် ရွှေတြိဂံဒေသကနေ ထိုင်းမြောက်ပိုင်း မယ်ဆိုင်မြို့ကိုဖြတ်ပြီး သြစတြေးလျ နိုင်ငံကို ပို့မယ့် ဘိန်းဖြူ အမြောက်အများကို ဖမ်းဆီး ရမိထားတဲ့အကြောင်း ထိုင်းအာဏာပိုင်တွေက ဇူလိုင် ၂၇ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။ မူးယစ် မှောင်ခိုဂိုဏ်းတွေကို ရှာဖွေ နှိမ်နင်းနေတဲ့ အကြောင်းလည်း ပြောပါတယ်။ ဒီအကြောင်း ထိုင်းအခြေစိုက် ဗွီအိုအေ မြန်မာသတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။

ထိုင်း−မြန်မာနယ်စပ် ရွှေတြိဂံဒေသ ကနေ ထိုင်းမြောက်ပိုင်း မယ်ဆိုင်မြို့ကို ဖြတ်ပြီး ထိုင်းနိုင်ငံအတွင်းပိုင်း နကွန်ပထုံ (Nakhon Pathom) ခရိုင်အတွင်းက ဂိုဒေါင်တခုမှာ သိမ်းဆည်းသိုဝှက်ထားတဲ့ ဘိန်းဖြူတွေကို ထိုင်းအာဏာပိုင်တွေက ဒီရက်ပိုင်းမှာပဲ ဖမ်းမိခဲ့တာပါ။ ထိုင်းဘတ်ငွေ သန်း ၁၀၀ ကျော် တန်ဖိုးရှိတဲ့ ဘိန်းဖြူ ၃၂ ကီလို ကို မူးယစ်ဂိုဏ်း အဖွဲ့ဝင်တွေက သြစတြေးလျနိုင်ငံကို ပို့ဖို့ ပြင်ဆင်နေချိန်မှာ ဖမ်းမိခဲ့တာ ဖြစ်ကြောင်း မှုခင်းနှိမ်နင်းရေးတပ်ဖွဲ့က ဒုရဲချုပ် မွန်ထရီ သက်ခန် (Montree Thetkhan) က သတင်းစာရှင်းပွဲမှာ အခုလို ပြောဆိုသွားပါတယ်။

“ ဒီအမှုနဲ့ ပတ်သက်ပြီး ထိုင်းပြည်သူတွေကို အန္တရာယ်ပေး ဖျက်ဆီးနေတဲ့ မူးယစ်ဆေးဝါး မှောင်ခိုဂိုဏ်းတွေကို ထိုင်းရဲတပ်ဖွဲ့က ဆက်လက် ဖော်ထုတ် အရေးယူသွားမှာဖြစ်ပြီး သက်ဆိုင်နေသူတွေကိုလည်း ဖမ်းဝရမ်းထုတ်ပြီး ဖြစ်တယ်လို့” − မှုခင်းနှိမ်နင်းရေးတပ်ဖွဲ့က ဒုရဲချုပ် မွန်ထရီ သက်ခန်က ထိုင်းဘာသာစကားနဲ့ ပြောဆိုသွားတာပါ။

ဒီမူးယစ်ဆေးတွေကို သြစတြေးလျနိုင်ငံကို ရေကြောင်းကတဆင့် ပို့ဆောင်ဖို့အတွက် မူးယစ်ဂိုဏ်းဝင်တွေက ပြင်ဆင်ခဲ့ကြတာမှာ ထိုင်း ပြည်တွင်းထုတ် ကျောက်စိမ်းပန်းပု အနုပညာပစ္စည်းတွေ ထုတ်ပိုးထားတဲ့ သစ်သားပုံးတွေထဲမှာ သစ်သားဘောင်တွေနဲ့ အံဝှက်လုပ်ပြီး ဘိန်းဖြူတွေကို ထည့်ထားတာလို့လည်း ပြောပါတယ်။

ဒီအမှုနဲ့ပတ်သက်ပြီး တရားခံ သုံးဦးကို ဖမ်းမိထားပြီး ဖြစ်ပြီး ဒီဘိန်းဖြူတွေဟာ ထိုင်းမြန်မာနယ်စပ် ရွှေတြိဂံ ဒေသက လာတာဖြစ်ပြီး ချင်းရိုင်ခရိုင်၊ မယ်ဆိုင်မြို့ကနေ တဆင့် သယ်လာတာ ဖြစ်တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြန် ပြောဆိုပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက မူးယစ်နှိမ်နင်းရေးဗျူရိုမှာ ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာလည်း ထိုင်း မူးယစ်ဆေးဝါးနှိမ်နင်းရေး ရဲတပ်ဖွဲ့တွေက အခုရက်ပိုင်းအတွင်း နိုင်ငံတဝန်းက နေရာပေါင်း ၆၇ နေရာမှာ ရှာဖွေ ဖမ်းဆီးမှုတွေ ဆက်တိုက် ပြုလုပ်ခဲ့တဲ့အကြောင်းနဲ့ အဲ့ဒီလို ရှာဖွေရာမှာ စိတ်ကြွဆေးပြား ၆ သန်း ၇ သိန်းအပြင် မူးယစ်ကုန်သည်တွေရဲ့ ပိုင်ဆိုင်မှု ကာလတန်ဘိုး ထိုင်းဘတ်ငွေ ၁၃၅ သန်းဖိုးရှိတဲ့ ပိုင်ဆိုင် ပစ္စည်းတွေကိုလည်း နိုင်ငံတော်ပိုင်အဖြစ် သိမ်းယူခဲ့တဲ့အကြောင်း ထုတ်ပြန်ခဲ့ပါသေးတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG