သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စိတ်ကြွဆေးတွေ မြန်မာကနေ ခိုးထုတ်ဖို့ ပင်လယ်လမ်းကြောင်းကို ပိုသုံးလာ (UNODC)


Police officers stand behind seized crystal methamphetamine during a news conference in Bangkok, Thailand, May 29, 2023.
Police officers stand behind seized crystal methamphetamine during a news conference in Bangkok, Thailand, May 29, 2023.

စိတ်ကြွဆေးတွေ မြန်မာကနေ ခိုးထုတ်ဖို့ ပင်လယ်လမ်းကြောင်းကို ပိုသုံးလာ (UNODC)

အာရှ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားတဲ့ ကွန်ရက်တွေဟာ မြန်မာနိုင်ငံက မက်သာဖက်တမင်း စိတ်ကြွဆေးတွေကို ခိုးထုတ်ဖို့ ပင်လယ်လမ်းကြောင်းကို ပိုမို အသုံးပြုလာကာ၊ သူတို့ရဲ့လုပ်ငန်းကို ချဲ့ထွင်ဖို့ ကြိုးပမ်းနေတာကြောင့် ကက်တမင်း မူးယစ်ဆေး ထုတ်လုပ်မှုက အရှိန်မြင့်လာနေတယ်လို့ ကုလသမဂ္ဂက သောကြာနေ့မှာ ပြောလိုက်ပါတယ်။ စစ်အာဏာသိမ်းပြီးနောက် မြန်မာပြည်က တရားမဝင် မူးယစ်ဆေးဝါးတွေ ဒေသတွင်း ပိုတွင်ကျယ် ပျံ့နှံလာတဲ့အကြောင်း AFP သတင်းဆောင်းပါးကို အခြေခံပြီး ကိုငြိမ်းချမ်းအေးက ပြောပြမှာပါ။


မြန်မာနိုင်ငံအရှေ့မြောက်ပိုင်း ရှမ်းပြည်နယ်ဟာ ဒေသတွင်းမှာ မူးယစ်ဆေးဝါးများထွက်ရှိမှု ဗဟိုချက်ဖြစ်ပါတယ်။ အဲဒီက တရားမဝင် မူးယစ်ဆေးဝါးတွေကို တရုတ်နဲ့ ထိုင်းနိုင်ငံတွေကတဆင့် ကုန်းလမ်းကြောင်းကနေ မှောင်ခိုကူးတာက စစ်ဆေးမှုတွေ ပိုမို တင်းကျပ်လာနေလို့ ရေလမ်းကြောင်းကနေ လှေတွေနဲ့ မှောင်ခိုတင်သွင်းလာနေကြောင်း မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာ ကုလသမဂ္ဂရုံး(UNODC)ရဲ့ နှစ်ပတ်လည် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မြန်မာ၊ လာအိုနဲ့ ထိုင်းနိုင်ငံတွေကြား နယ်စပ်ဒေသဟာ တရားမဝင် မူးယစ်ဆေးဝါး ထုတ်လုပ်မှုနဲ့ ရောင်းဝယ်ဖောက်ကားမှု အထူးသဖြင့် မက်သာဖက်တမင်းနဲ့ ဘိန်းရောင်းဝယ်မှုတွေရဲ့ အဓိက နေရာအဖြစ် ကာလကြာရှည် ရှိနေတာပါ။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်မှာ မူးယစ်ဆေးဝါးကို တင်းတင်းကျပ်ကျပ်နဲ့ ကင်းလှည့်စစ်ဆေးပြီး ဖမ်းဆီးမှုတွေ တိုးမြင့်လာနေလို့ မြန်မာ-ထိုင်း နယ်စပ်တလျှောက်က မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသူတွေဟာ ပင်လယ်ရေကြောင်း လမ်းကြောင်းကို အစားထိုးပြောင်းလဲ အသုံးပြုလာကြပါတယ်။ ဒါကြောင့် ၂၀၂၂ ခုနှစ်ထဲမှာဆိုရင် တရုတ်နဲ့ ထိုင်းအာဏာပိုင်တွေ မူးယစ်ဆေးဝါး ဖမ်းဆီးရရှိမှုက ကျဆင်းသွားခဲ့တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

“မူးယစ်မှောင်ခိုတွေဟာ လာအိုနဲ့ ထိုင်းမြောက်ပိုင်းကိုဖြတ်ပြီး မူးယစ်ဆေးပမာဏ အများအပြားကို ဆက်လက် တင်ပို့နေပေမယ့် တချိန်တည်းမှာပဲ သူတို့ဟာ စောင့်ကြည့်စစ်ဆေးမှု အားနည်းတဲ့ မြန်မာနိုင်ငံအလယ်ပိုင်းကတဆင့် ကပ္ပလီပင်လယ် ရေကြောင်းလမ်းကနေလည်း သိသိသာသာ သိသိသာသာ တိုးပြီး မူးယစ်ကုန်ကူး လာကြတယ်လို့ UNODC ဒေသဆိုင်ရာ ကိုယ်စားလှယ် ဂျရမီ ဒေါက်ဂလပ်စ် (Jeremy Douglas)က အစီရင်ခံစာ ထုတ်ပြန်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

“မူးယစ်ကုန်ကူးမှု ပုံစံတွေက အကြီးအကျယ် ပြောင်းလဲနေတာကို ကျွန်တော်တို့ တွေ့ရပါတယ်။ မူးယစ်ဆေး ပမာဏ အများအပြားကို သေချာ ညှိနှိုင်းပြီး တင်ပို့နေတာပါ။ ပင်လယ်ရေကြောင်းကို ပိုပြီး အသုံးပြုလာကြပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် နိုင်ငံတွေရဲ့ ပိုင်နက်တွေနဲ့ လွတ်ကင်းနေတဲ့ ပင်လယ်ပြင်ကျယ်က ကင်းလှည့်ဖို့ ခက်ပါတယ်။ အထူးသဖြင့် အက်ဒမန် ပင်လယ်ပြင်ဟာ ကျယ်ပြောပြီး ငါးဖမ်းသင်္ဘောတွေလည်း အများကြီးရှိနေတာပါ။”

UNODC ရဲ့ အစီရင်ခံစာမှာ မြန်မာနိုင်ငံထုတ် မက်သာဖက်တမင်း ပမာဏ အများအပြားကို ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယ နိုင်ငံတွေဆီ တင်ပို့နေတယ်လို့ ထောက်ပြထားပါတယ်။

မူးယစ်မှောင်ခို ရာဇဝတ်မှုဂိုဏ်းတွေဟာ မဲခေါင်ဒေသနဲ့ အရှေ့တောင်အာရှ နိုင်ငံတွေက အာဏာပိုင်တွေရဲ့ အဖမ်းအဆီး လမ်းကြောင်းတွေကို အမြဲ ရှောင်တိမ်းနိုင်ဖို့ ကြိုးစားလေ့ရှိတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ၂၀၂၂ နဲ့ ၂၀၂၃ ခုနှစ် အစောပိုင်းကိုကြည့်ရင် ပင်လယ်ရေကြောင်း မှောင်ခိုကူးမှုက မက်သာဖက်တမင်း မှောင်ခိုကူးမှုမှာ အရေးပါလာတာကို သတိပြုနိုင်တယ်လို့ UNODC ရဲ့ တရားမဝင် မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းချမှုတွေကို လေ့လာသူ အင်ရှစ်ဆင်မ်(Inshik Sim)က သုံးသပ်ပါတယ်။

စစ်တပ် အာဏာသိမ်းပြီး နောက်ပိုင်း မြန်မာ ပြည်လုပ် စိတ်ကြွဆေးတွေက ဈေးကွက်မှာ ပိုများလာသလို အမျိုးအစားလည်း ပိုစုံလာနေတယ်လို့လည်း Sim က အခုလို ရှင်းပြပါတယ်။

“စိတ်ကြွဆေး လက်ကားဈေးက စံချိန်တင် နိမ့်ကျလာတာကို တခါ ပြန်ကြုံလာရပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကစလို့ မက်သာဖက်တမင်း တံဆိပ်မျိုးစုံ ပိုပြီး တွေ့လာရပါတယ်။”

မက်သာဖက်တမင်း ဈေးနှုန်းတွေက လက်ကား ဈေးတင်မကဘဲ လမ်းပေါ်မှာ ရောင်းချနေတဲ့ လက်လီဈေးလည်း ၂၀၂၂ ထဲမှာ စံချိန်တင် အနိမ့်ဆုံးဈေးအဖြစ် ဆက်ရှိနေပါတယ်။ တခါ အရှေ့အာရှနဲ့ အရှေ့တောင်အာရှ နိုင်ငံတွေက ရဲတပ်ဖွဲ့တွေဟာ ၂၀၂၂ ခုနှစ်ထဲမှာ စိတ်ကြွဆေးပြား ၁၅၁ တန်နီးပါး သိမ်းဆည်းရမိခဲ့ပြီး ဒါဟာ ၂၀၂၁ ခုနှစ်က စံချိန်တင် ဖမ်းဆီးမိတဲ့ ၁၇၂ တန်ထက် ကျဆင်းခဲ့တာပါ။

UNODC ရဲ့ အစီရင်ခံစာမှာ မူးယစ်ဆေးဝါး မှောင်ခိုတွေဟာ တရားမဝင် မူးယစ်ဆေး အမျိုးအစားစုံ ပိုတင်သွင်းရောင်းချဖို့လည်း ကြိုးစားလာကြတယ်လို့ ထောက်ပြထားပါတယ်။ ၂၀၂၂ ခုနှစ်ထဲ ဒေသတွင်းမှာ ကက်တမင်း ၂၇.၄ တန်ကို စံချိန်တင် ဖမ်းဆီးရမိခဲ့ပြီး ဒါဟာ ၂၀၂၁ ခုနှစ်ထက် ၁၆၇ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့တယ် ဆိုပါတယ်။

"မြန်မာနိုင်ငံတဝန်းမှာ အကြီးစား စက်ယန္တရားသုံး လျှို့ဝှက် ကက်တမင်း ထုတ်လုပ်တဲ့ ဓာတ်ခွဲခန်းတွေ၊ သိုလှောင်ရုံတွေ ဆက်တိုက် တွေ့ရှိမှုက ဒေသတွင်းအတွက် အချက်ပေးခေါင်းလောင်းသံတွေ ဖြစ်စေတယ်” လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မက်သာဖက်တမင်းနဲ့ ကက်တမင်း ရောနှော တင်ပို့ရောင်းချမှု အများအပြား တွေ့လာရလို့ ဒါဟာ မူးယစ်ဆေး ဝယ်လိုအား တိုးမြင့်လာစေဖို့အတွက် ဆေးနှစ်မျိုးစပ်ကို တပေါင်းတည်း ရောင်းချနိုင်ဖို့ မူးယစ် ရာဇဝတ်ဂိုဏ်းတွေက ပို ကြိုးပမ်းလာနေတာ ဖြစ်ကြောင်းလည်း အစီရင်ခံစာက သတိပေးထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG