သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာရှမှာ မူးယစ်မှောင်ခိုလမ်းကြောင်းသစ်တွေ တိုးနေ


မူးယစ်ဆေးဝါးတွေ မီးရှို့ဖျက်ဆီးနေတဲ့မြင်ကွင်း။ (ဇွန် ၂၆၊ ၂၀၂၁)
မူးယစ်ဆေးဝါးတွေ မီးရှို့ဖျက်ဆီးနေတဲ့မြင်ကွင်း။ (ဇွန် ၂၆၊ ၂၀၂၁)

မြန်မာနိုင်ငံအပါအဝင် အရှေ့နဲ့ အရှေ့တောင်အာရှ နိုင်ငံတွေမှာ တရားမဝင် စိတ်ကြွဆေးပြားတွေကို စျေးကွက်ပုံစံမျိုးစုံနဲ့ ပြောင်းလဲရောင်းချနေတယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုနှိမ်နှင်းရေး အဖွဲ့ UNODC ကသတိပေးလိုက်ပါတယ်။ မက်သာဖက်တမင်း စိတ်ကြွဆေး ထုတ်လုပ်မှုပမာဏနဲ့ မှောင်ခိုကူးမှု ဆက်လက် မြင့်တက်နေသလို ကက်တမင်းလို တခြားစိတ်ကြွ ရူးသွပ်ဆေးပြားထုတ်လုပ်မှုတွေ ပိုများလာတယ်လို့လည်း UNODC က ဒီနေ့ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။

နယ်စပ်ဖြတ်ကျော် ဒုစရိုက်မှုလုပ်နေကြတဲ့ အဖွဲ့တွေဟာ အစိုးရတွေရဲ့ နှိမ်နှင်းမှုလွတ်အောင် လက်ဦးမှုယူ ရှောင်ရှားနေကြတာနဲ့အတူ မူးယစ်ဆေးမှောင်ခိုကူးတဲ့ လမ်းကြောင်းတွေ သိသိသာသာ ပြောင်းလဲနေတယ်လို့ အရှေ့တောင်အာရှနဲ့ ပိစိဖိတ်ဒေသဆိုင်ရာ UNODC တာဝန်ခံ Jeremy Douglas ကပြောပါတယ်။ လာအိုနဲ့ ထိုင်းနိုင်ငံမြောက်ပိုင်းလမ်းကြောင်းတွေကနေ မူးယစ်ဆေးဝါး ပမာဏ အမြောက်အများ မှောင်ခိုတင်ပို့မှုတွေ လုပ်နေကြသလို၊ အစစ်အဆေးနည်းတဲ့ မြန်မာနိုင်ငံ အလယ်ပိုင်းကနေ ကပ္ပလီပင်လယ်ဖက်သွားတဲ့ လမ်းကြောင်းကနေလည်း ပမာဏ အများအပြားကို မှောင်ခိုကူးနေကြတယ်လို့ သူက ထောက်ပြပါတယ်။

မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေရှ့်နိုင်ငံဖက်ကို မက်သာဖက်တမင်းစိတ်ကြွဆေးပြားတွေ ပမာဏအများအပြား မှောင်ခိုသွင်းနေသလို အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းကို မှောင်ခိုကူးမှုလည်း တိုးလာနေတယ်လို့ UNODC ကပြောပါတယ်။ အရှေ့အာရှနဲ့ အရှေ့တောင်အာရှမှာ ၂၀၂၂ ခုနှစ်အတွင်း မက်သာဖက်တမင်းဆေးပြားတွေ ဖမ်းမိတဲ့ပမာဏဟာ ကိုဗစ်ကပ်ရောဂါ မဖြစ်ခင်က ပမာဏအထိ ပြန်များလာနေတာကိုလည်း UNODC ကသတိပေးနေပါတယ်။

XS
SM
MD
LG