သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းမှာ စိတ်ကြွဆေးပြား သန်း ၅၀ ကျော် စံချိန်တင် ဖမ်းမိ


ကာလတန်ဖိုးဘတ်ငွေ သန်းပေါင်း ၁၅၀၀ လောက် တန်ဖိုးရှိတဲ့ စိတ်ကြွဆေးပြားတွေဖမ်းမိကြောင်း ထိုင်းရဲထုတ်ပြန် (ဒီဇင်ဘာ ၁၃၊ ၂၀၂၃)
ကာလတန်ဖိုးဘတ်ငွေ သန်းပေါင်း ၁၅၀၀ လောက် တန်ဖိုးရှိတဲ့ စိတ်ကြွဆေးပြားတွေဖမ်းမိကြောင်း ထိုင်းရဲထုတ်ပြန် (ဒီဇင်ဘာ ၁၃၊ ၂၀၂၃)

ထိုင်းမြန်မာနယ်စပ် ကန်ချနဘူရီ က ထောင်ပါပူးမြို့နယ်မှာ ဒီဇင်ဘာလ ၁၂ ရက်နေ့က ထိုင်းနိုင်ငံသား မောင်းနှင်လာတဲ့ ကုန်တင်ကားပေါ်မှာ ကာလတန်ဖိုးဘတ်ငွေ သန်းပေါင်း ၁၅၀၀ လောက် တန်ဖိုးရှိတဲ့ စိတ်ကြွဆေးပြား သန်း ၅၀ ကျော် ကို ထောင်ပါပူး စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးနိုင်ခဲ့ကြောင်း ကမ်ချနဘူရီ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒါဟာ ဆယ်စုနှစ်ကာလအတွင်း ဒီဒေသမှာ အများဆုံး ဖမ်းဆီးရမိတာလည်း ဖြစ်ပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းမြန်မာနယ်စပ် ကန်ချနဘူရီ (Kanchanaburi) က ထောင်ပါပူးမြို့ နယ် ထဲမှာ အမှိုက်နဲ့ စွန့်ပစ်ပစ္စည်းတွေ တင်လာတဲ့ ကုန်တင်ကားကို ထောင်ပါပူး နယ်စပ်ဂိတ် က စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာပါ။ ကားမောင်းသူက ဆေးမူးနေတာကို သင်္ကာမကင်းဖြစ်ပြီးတဲ့နောက် သူ့ကို ဆေးစစ်ရာကနေ ကားပေါ်က အမှိုက်ထုတ်တွေထဲမှာ စိတ်ကြွဆေးတွေ ဖွက်ယူ သယ်ဆောင်လာတာကို စစ်ဆေးတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ကားမောင်းသူ အသက် ၃၅ နှစ် အရွယ် ထိုင်းနိုင်ငံသားနဲ့ သူ့ရဲ့ ဇနီးဖြစ်သူကို စစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။ ထိုင်းနိုင်ငံမှာ နယ်စပ်ဒေသတလျှောက် မူးယစ်ဆေးဝါး ကုန်သွယ်မှု ကြီးထွားလာနေတာကြောင့် အရေးတကြီး ဖြေရှင်းဖို့ လိုအပ်နေတယ်လို့ ဒီရက်ပိုင်းမှာပဲ ကန်ချနဘူရီ ပြည်နယ်ကို လာရောက်ပြီး လူထုနဲ့တွေ့ဆုံခဲ့တဲ့ ထိုင်းဝန်ကြီးချုပ် Srettha Thavisin ဆေထာ ထဝီစင်က ပြောပါတယ်။

"ထိုင်းနိုင်ငံအနေနဲ့ နယ်စပ် မူးယစ်ဆေး ကုန်သွယ်မှု အန္တရာယ်ကို အဆိုးဝါးဆုံး ရင်ဆိုင်နေရပါတယ်။ အဓိက အားဖြင့် စိတ်ကြွဆေးပြား ပြဿနာကို အရေးပေါ်ဖြေရှင်းဖို့ လိုအပ်နေကြောင်းနဲ့ အစိုးရသစ်တက်လာတဲ့ ၃ လ တာ ကာလအတွင်းမှာ နယ်စပ်ဒေသတကျော တာဝန်ထမ်းဆောင်နေတဲ့ နယ်စပ်လုံခြုံရေး နဲ့ ရဲတပ်ဖွဲ့ စတဲ့ အရေးကြီးတဲ့ ဌာနတွေမှာ အရာရှိအသစ်တွေ ခန့်အပ်ထားမှာ ဖြစ်ပါတယ်"

ကန်ချနဘူရီနယ်မှာ အခု ဖမ်းဆီးရမိတဲ့ ဘတ်သန်းပေါင်း ၁၅၀၀ ကျော်တန်ဖိုးရှိတဲ့ စိတ်ကြွဆေးပြားတွေ ဟာ အခု ဆယ်စုနှစ်အတွင်းမှာ အများဆုံး ဖမ်းဆီး ရမိခဲ့တာဖြစ်ပါတယ်။ ကားမောင်းသူရဲ့ ဝန်ခံထွက်ဆိုချက်အရ စိတ်ကြွဆေးပြားတွေကို တဖက်နိုင်ငံဖြစ်တဲ့ မြန်မာဘက်က မူးယစ်ကုန်သည်တွေက သယ်ဆောင်လာတာ လို့ဆိုပါတယ်။ မူးယစ်ဆေးတွေကို လာပို့သူတွေကလည်း မြန်မာနိုင်ငံသားတွေ ဖြစ်တယ်လို့ ထိုင်းအာဏာပိုင်တွေကို ကိုးကားပြီး ထိုင်းသတင်းတွေမှာ ဖော်ပြကြပါတယ်။

စိတ်ကြွဆေးတွေကို မူးယစ်ကုန်ကူးသူတွေက ဘုရားသုံးဆူ နယ်စပ်ကနေတဆင့် စံခရဘူရီ အမှိုက် စွန်ပစ်တဲ့ နေရာကို ရောက်အောင်ပို့ဆောင်ပေးခဲ့ပြီး အဲဒီကနေ တဆင့် အမှိုက်ထုတ်တွေနဲ့ ရောပြီး စိတ်ကြွဆေးပြား တွေကို သယ်ဆောင်လာတာလို့ ပြောပါတယ်။ ထိုင်းနိုင်ငံထဲမှာ မူးယစ်ဆေးဝါးတွေကို ရွှေတြိဂံဒေသကနေ အများအပြား ဝင်ရောက်လေ့ရှိပါတယ်။

တဆက်တည်းမှာပဲ အောက်တိုဘာလ (၁)ရက်နေ့ကနေ ဒီဇင်ဘာလ ပထမပါတ်အတွင်း ထိုင်းမြောက်ပိုင်းကနေ ဝင်ရောက်လာတဲ့ မူးယစ်ဆေးဝါးအမှုပေါင်း ၂၆ မှုကို စစ်ဆေးဖမ်းဆီးနိုင်ခဲ့ပြီး မူယစ်တရားခံ ၄၂ ယောက်ကို ရုံးတင် တရားစွဲဆိုနိုင်ခဲ့ကြောင်း ။ ၃ လအတွင်းမှာတော့ ကာလတန်ဖိုး ဘတ်ငွေသန်းပေါင်း ၁၀၀၀ ကျော် တန်ဖိုးရှိတဲ့ စိတ်ကြွဆေးပြား ၅၅ သန်း နဲ့ အိုက်စ် ကီလို ၂၀၀ ကိုလည်းဖမ်းမိခဲ့တယ်လို့ မူးယစ် နှိမ်နင်းရေး ဗျူရိုက သတင်းထုတ်ပြန်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG