သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွှေကုက္ကိုမြို့ဆက်နွယ်သံသယနဲ့ ဗီယက်နမ် ၂၀ ကျော် ထိုင်းဖမ်းဆီး


မြန်မာနိုင်ငံ မြဝတီမြို့ ရွှေကုက္ကိုမြို့ကလို့ယူဆရတဲ့ ဗီယက်နမ် ၂၀ ကျော်ကိုထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့မှာ ဖမ်းဆီးရမိ။ (ဒီဇင်ဘာ ၃၊ ၂၀၂၃/Photo: Tak Immigration)
မြန်မာနိုင်ငံ မြဝတီမြို့ ရွှေကုက္ကိုမြို့ကလို့ယူဆရတဲ့ ဗီယက်နမ် ၂၀ ကျော်ကိုထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့မှာ ဖမ်းဆီးရမိ။ (ဒီဇင်ဘာ ၃၊ ၂၀၂၃/Photo: Tak Immigration)

ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့မှာ ဒီဇင်ဘာလ ၃ ရက်နေ့ က ဗီယက်နမ် နိုင်ငံသား၂၀ ကျော်ကို မဲဆောက်မြို့တွင်းတိုက်ခန်းတွေမှာ မဲဆောက်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။ သူတို့တွေဟာ ကရင်ပြည်နယ် မြ၀တီမြို့နယ်ထဲက ရွှေကုက္ကိုလောင်းကစားမြို့တော်ကနေ လာကြသူတွေလို့ယူဆနေပြီး ထိုင်းအာဏာပိုင်တွေက စစ်ဆေးနေဆဲဖြစ်ပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက်မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းမြန်မာနယ်စပ် မြ၀တီမြို့ရဲ့တဘက်ကမ်း မဲဆောက်မြို့ထဲမှာ အစုလိုက်နေထိုင်နေကြတဲ့ဗီယက်နမ်နိုင်ငံသား ၂၀ ကျော်ကို မဲဆောက်လ၀က နဲ့ ရဲတပ်ဖွဲ့က ဒီဇင်ဘာလ ၃ ရက်နေ့က ရှောင်တခင် စစ်ဆေးဖမ်းဆီးခဲ့ပါတယ်။ သူတို့ကို ဖမ်းဆီးမိချိန်မှာ နိုင်ငံကူးလက်မှတ်တွေ သက်တမ်းလွန်နေတာအပြင် အထောက်အထားမရှိသူတွေကိုလည်း စစ်ဆေးတွေ့ရှိတဲ့အတွက် ကရင်ပြည်နယ် မြ၀တီမြို့နယ် ရွေကုက္ကိုလောင်းကစားမြို့ ငွေလိမ်ဂိုဏ်းတွေကနေလာရောက်ကြသူတွေအဖြစ် သံသယနဲ့ဖမ်းဆီးထားတယ်လို့ တာ့ခ်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။

အခုအချိန်မှာတော့ သူတို့ကိုဖမ်းဆီးထားဆဲဖြစ်ပြီး ဆက်လက်စစ်ဆေးနေတယ်လို့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီရဲ့ဥက္ကဋ္ဌ ဦးမိုးကြိုးက အခုလိုပြောပါတယ်။

“အစုလိုက်နေထိုင်နေကြတဲ့ ဗီယက်နမ်နိုင်ငံသား ၂၀ ကျော်ကို မဲဆောက်ရဲတပ်ဖွဲ့က ရှောင်တခင် စစ်ဆေးခဲ့ပါတယ်။ သူတို့တွေထဲမှာ နိုင်ငံကူးလက်မှတ်တွေ သက်တမ်းလွန်နေတာတွေ၊ တချို့ကတော့ သက်သေခံ အထောက်အထား လက်မှတ်တစုံတရာမရှိ ဖြစ်နေတာတွေကို စစ်ဆေးတွေ့ရှိတဲ့အတွက် ဒါကြောင့် မဲဆောက်တဘက်ကမ်း ကရင်ပြည်နယ် မြ၀တီမြို့နယ် ရွေကုက္ကိုလောင်းကစားမြို့က ငွေလိမ်ဂိုဏ်းအသီးသီးမှာ ဝင်ရောက်လုပ်ကိုင်ပြီးမှအခုတလောဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် မဲဆောက်ဘက်ကို ကူးလာတာ၊ တိမ်းရှောင်လာကြသူတွေလားဆိုတာကို မဲဆောက်ရဲက ဆက်လက်စစ်ဆေးနေပါတယ်။”

ကရင်ပြည်နယ် မြ၀တီမြို့က ရွှေကုက္ကိုမြို့သစ်မှာ နိုင်ငံပေါင်း ၃၀ ကျော်က နိုင်ငံခြားသားတွေ လူကုန်ကူးခံရတာ၊ အတင်းအကြပ်စေခိုင်းခံနေရတာတွေစတဲ့ ရာဇဝတ်မှုတွေလုပ်နေတဲ့အတွက် ဖိအားပေးတဲ့အနေနဲ့ ထိုင်းဘက်က မီးဖြတ်တောက်တာ၊ အင်တာနက်ဖြတ်တောက်တာတွေကို ဇွန်လထဲမှာပြုလုပ်လာခဲ့တာပါ။ အဲဒီအဖြစ်အပျက်နောက်ပိုင်းမှာ ထိုင်းဘက်က အင်တာနက်လိုင်းတွေ၊ ဆက်သွယ်ရေးဆလောင်းတွေနဲ့ မြန်မာဘက်က လောင်းကစားလုပ်ငန်း၊ ရာဇဝတ်မှုလုပ်ငန်းတွေကို အကူညီပေးနေတဲ့ ထိုင်းနိုင်ငံသားနဲ့မြန်မာအပါအဝင် နိုင်ငံခြားသားတွေကိုလည်း ဖမ်းဆီးတာတွေရှိခဲ့ပါတယ်။ အဲဒီဒေသနဲ့အနီးတဝိုက် ထိုင်းဘက်ခြမ်းမှာလည်းအဖမ်းအဆီးတွေဆက်တိုက်ပြုလုပ်နေပါတယ်။ ရွှေကုက္ကိုမြို့သစ်ကိုသွားတဲ့ နိုင်ငံခြားသားတွေကော ပြန်လာတဲ့ နိုင်ငံခြားသာတွေကိုပါ ထိုင်းဘက်ကမကြာခဏ ဖမ်းဆီးတာတွေရှိခဲ့ပါတယ် ။ပြီးခဲ့တဲ့ မေလနဲ့ ဇွန်လအတွင်းမှာပဲ အဲဒီ ရွှေကုက္ကိုဒေသဘက်မှာ ရောင်းစားခံရတဲ့ အင်ဒိုနီးရှားနိုင်ငံသားတွေကိုလည်း မဲဆောက်-ဘန်ကောက်ကနေတဆင့် နေရပ်ပြန်ပို့ခဲ့ပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG