သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကော့ကရိတ်မြို့တိုက်ပွဲ ဒေသခံကာကွယ်ရေးတပ်တွေ အသာစီးရ


ကော့ကရိတ်မြို့အခြေစိုက်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ။ (Photo: PDF/ဖေဖေါ်ဝါရီ ၂၈၊ ၂၀၂၄)
ကော့ကရိတ်မြို့အခြေစိုက်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ။ (Photo: PDF/ဖေဖေါ်ဝါရီ ၂၈၊ ၂၀၂၄)

ကရင်ပြည်နယ် ကော့ကရိတ်မြို့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်စခန်းတွေနဲ့ အရေးပါတဲ့ စစ်တပ်ဂိတ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သလို မြို့ပေါ်ဧရိယာ ၆၀ ရာခိုင်နှုန်းကို စိုးမိုးထိန်းချုပ်ထားပြီလို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ တာဝန်ရှိသူတွေက ပြောပါတယ်။ ကော့ကရိတ်တမြို့လုံးလည်း မြို့ပျက်ကြီးတခုလို ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကရင်ပြည်နယ် ကော့ကရိတ်မြို့မှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNLA /PDF ပူးပေါင်းတပ်တွေ ၃ လနီးပါးကြာတိုက်ပွဲတွေဖြစ်လာခဲ့ရာက အခုဆိုရင် မြို့ရဲ့ ၆၀ ရာခိုင်နှုန်းလောက်ကို သိမ်းပိုက်ထားနိုင်ပြီလို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကပြောပါတယ်။ မြဝတီ-ကော့ကရိတ်အာရှလမ်းအပါအဝင် နေရာအတော်များများကို ပူးပေါင်းတပ်ဖွဲ့တွေဘက်က ထိန်းချုပ်ထားနိုင်ပြီလို့ ပြည်သူ့ကာကွယ်ရေးတပ်ရဲ့ခေါင်းဆောင်တဦးကပြောပါတယ်။

"ကော့ကရိတ်မြို့သိမ်းတိုက်ပွဲကို ၂၀၂၃ ဒီဇင်ဘာလ ၁ ရက်နေ့ကတည်းက စတင်ဆင်နွဲခဲ့တာပေါ့နော်။ KNLA-PDF ပူပေါင်းတပ်ဖွဲ့တွေ၊ SOF တပ်ဖွဲ့တွေကစစ်ဆင်ခဲ့တာ အခုဆိုရင် ကော့ကရိတ်မြို့နယ်ရဲ့ ၆၀ ရာခိုင်နှုန်းလောက် ထိန်းချုပ်ခဲ့တာပေါ့နော်၊ မြဝတီ-ကော့ကရိတ်လမ်းတွေကိုလည်း ကျနော်တို့ဘက်ကထိန်းချုပ်နိုင်ခဲ့တယ်။ မြို့ကာကွယ်ရေးအတွက် တပ်စွဲထားတဲ့စခန်းတွေကို ကျနော်တို့က သိမ်းပိုက်နိုင်ခဲ့တာပေါ့နော်။ တောင်ပေါ် ကျောင်းကုန်း ကေ့ာနွဲမြို့ကာကွယ်ရေးအတွက် တပ်စွဲထားတဲ့ စစ်စခန်းတွေကို ကျနော်တို့က သိမ်းပိုက်နိုင်ခဲ့ပြီ။"

တိုက်ပွဲတွေဖြစ်ပြီးတဲ့နောက်မှာတော့ စစ်တပ်ဘက်ကလည်း လေကြောင်းကနေ အကြိမ်ကြိမ် တိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာတွေရှိခဲ့တယ်လို့လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ပြောပါတယ်။

"လူထုကို နည်းပေါင်းစုံနဲ့နှိပ်စက်တာပေါ့နော်။ အိုးအိမ်တွေကိုမီးရှို့တယ်။ လူတွေက နေလို့မရဘူး။ စစ်ရှောင်နေရတယ်။ ခလရ ၉၇ က လှမ်းပစ်တယ်။ လေယာဉ်က မကြာခဏ ပစ်တာရှိတယ်။ လေယာဉ် ဗုံးလာကြဲတာရှိတယ်။"

ကော့ကရိတ်ဒေသခံလူထုဟာ ၃ လအတွင်း နှစ်ဘက်တိုက်ပွဲတွေရဲ့ဒဏ်ကို ခံစားနေကြရကြောင်းနဲ့ အခုဆိုရင် မြို့ပျက်တခုလိုဖြစ်သွားတဲ့ ကော့ကရိတ်မြို့ထဲမှာ နေရဲသူမရှိတော့ဘဲ နေရပ်စွန့်ခွါသူတွေ များလာတယ်လို့လည်း ဒေသခံတဦးကပြောပါတယ်။

"လက်နက်ကြီးတွေကျတယ်။ လေယာဉ်နဲ့ဗုံးကြဲတယ်။ အဲဒါနဲ့ မဲဆောက်ဘက်ကိုပြေးလာတယ်။ မော်လမြိုင်ဘက်၊ ဘားအံတွေဘက် ပြေးကြတယ်။ မော်လမြိုင်ဘက်ကို ပြေးရတယ်။ ပြောပြီးတော့ငိုနေကြတယ်။ မိသားစုတွေလည်း တနေရာစီပြေးနေကြတယ်။ ရှိစုမဲ့စုလေးတွေ၊ စုဆောင်းထားတာကြတာတွေ အကုန်ကုန်သွားတာ၊ မီးလောင်ကြတော့ အခုတော့ကုန်ပြီဆိုတော့ လက်မဲ့ဖြစ်သွားကြပြီ။"

ကော့ကရိတ်မြို့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က လက်နက်ချသူ၁၄ ဦး၊ သေဆုံးသူ ၃၀၊ ဒဏ်ရာရရှိသူအများအပြားနဲ့ လက်နက် ၄၆ လက်ကို သိမ်းပိုက်ရရှိခဲ့တယ်လို့ ပူးပေါင်းတပ်ဖွဲ့တွေကပြောပါတယ်။ သူတို့ဘက်ကတော့ တပ်ဖွဲ့ဘက်က ရဲဘော် ၇ ဦးကျဆုံးခဲ့တယ်လို့ဆိုပါတယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ ၃ ဦးသေဆုံးခဲ့ရတယ်လို့လည်း ပြောပါတယ်။ ၃ လကြာ ကော့ကရိတ်မြို့တွင်းတိုက်ပွဲကြောင့် ထိုင်း-မြန်မာကုန်စည်စီးဆင်းမှုတွေကိုလည်းရပ်နားထားရတာနဲ့ နေ့စဉ်နီးပါး တိုက်ပွဲတွေကြောင့် ဒေသခံတွေအတွက် စားဝတ်နေရေးပါ ခက်ခဲနေကြပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG