သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းဘက်ထွက်ပြေးသွားတဲ့ စစ်သား ၄၈ ဦး မြန်မာပြည်ပြန်ပို့


 ထွက်ပြေးလာတဲ့ စစ်သား ၄၈ ဦး မြန်မာပြည်ပြန်ပို့နေစဉ် (မတ် ၂၂၊ ၂၀၂၄) (Photo-ထိုင်းစစ်တပ်)
ထွက်ပြေးလာတဲ့ စစ်သား ၄၈ ဦး မြန်မာပြည်ပြန်ပို့နေစဉ် (မတ် ၂၂၊ ၂၀၂၄) (Photo-ထိုင်းစစ်တပ်)

ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ်အတွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNLA နဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်တွေ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီးတဲ့နောက် မတ်လ ၁၉ ရက်နေ့က ထိုင်းနိုင်ငံ၊ အုန်းဖန်မြို့နယ်၊ ပန်ခလန် ကျေးရွာဘက်ကို ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၄၈ ဦးကို ထိုင်းအာဏာပိုင်က မနေ့က ပြန်ပို့လိုက်ပါတယ်။ ဒီအကြောင်း ထိုင်းနိုင်ငံ အခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်း ပေးပို့ထားပါတယ်။

စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNLA/PDF ပူးပေါင်းတပ်တွေ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီးတဲ့နောက် မယ်သရောခီး စစ်ကောင်စီတပ်စခန်းနဲ့ ကာကင်းစခန်းတွေက စစ်ကောင်စီတပ်သား ၄၈ဦးဟာ ထိုင်းနိုင်ငံ၊ အုန်းဖန်မြို့နယ်ထဲကို ထွက်ပြေးလာခဲ့ကြပါတယ်။ အုန်းဖန်မြို့၊ ပိုင်ခလန် ကျေးရွာသို့ ပြီးခဲတဲ့ မတ်လ ၁၉ရက်က ထွက်ပြေးခဲ့တဲ့ စစ်ကောင်စီတပ်သား ၄၈ဦးကို ထိုင်း - မြန်မာနယ်ခြားကော်မတီ (TBC) က ပြန်ပို့ပေးခဲ့ကြောင်း စစ်ဘေးရှောင်တွေကို ကူညီပေးနေသူတဦးက ပြောပါတယ်။

“မတ်လ ၁၉ရက်နေ့က ထိုင်းဘက်ကို ဝင်လာတဲ့ စကစ စစ်သားတွေကို မနေ့ကတော့ ထိုင်းနယ်ခြားစောင့်တပ်က မြန်မာဘက်ကို ပြန်ပို့လိုက်တယ်။ မတ်လ ၂၁ ရက်နေ့ကလည်း မြန်မာစစ်သား ၇၂ ယောက် ထိုင်းဘက်ကို လက်နက်နဲ့အတူ ဝင်လာတာတွေ့တယ်။ သူတို့ကိုတော့ ထိုင်းစစ်တပ်က လက်နက်သိမ်းပြီး ခေါ်ဆောင် ဖမ်းဆီးသွားတယ်။ သူတို့ကိုတော့ ဘယ်နေ့ပြန်လွှတ်ပေးမယ် မသိသေးဘူး။”

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) ထိန်းချုပ်နယ်မြေမှာ တိုက်ပွဲတွေ ဖြစ်ပွားပြီးနောက် စစ်ကောင်စီရဲ့တပ်စခန်းတွေကို ပူးပေါင်း တပ်ဖွဲ့တွေက သိမ်းပိုက်လိုက်သလို ဒရုန်းတွေနဲ့ ဗုံးကြဲ တိုက်ခိုက်တာတွေ လုပ်ခဲ့တဲ့အတွက် စစ်တပ်ရဲ့ အခြေစိုက်စခန်းတွေ လက်လွှတ် ဆုံးရှုံးခဲ့ရပါတယ်။

အဲဒီနောက် တချို့တပ်စခန်းဖြစ်တဲ့ ကျိုက်ဒုံ တပ်စခန်းမှာတော့ ဗျုဟာမူး အပါအဝင် တပ်သား ၆၀ကျော်က လက်နက်ချ အလံဖြူထောင်ပြီး အညံ့ခဲ့သလို တချို့ တပ်စခန်းက စစ်သားတွေကတော့ ထိုင်းနိုင်ငံ၊ အုန်းဖန်မြို့၊ ပိုင်ခလန်ကျေးရွာထဲကို မတ်လ ၁၉ရက်နေ့ကတကြိမ်၊ မတ်လ ၂၁ရက် (မနေ့က) က တကြိမ် ထွက်ပြေးခဲ့ပါတယ်။ ပထမတကြိမ်က ၄၈ယောက်ဖြစ်ပြီး ဒုတိယတကြိမ်က ၇၂ယောက်ဖြစ်ပါတယ်။

အခု ပြန်ပို့တဲ့စစ်သားတွေကတော့ မတ်လ ၁၉ရက်နေ့က မယ်သရောခီး တပ်စခန်းက ထွက်ပြေးလာတဲ့ စစ်သားတွေဖြစ်ပါတယ်။ ဒီစခန်းကိုတော့ ပူးပေါင်းတပ်တွေက ၂၀၂၃ နှစ်ကုန်ပိုင်းမှာ တခါ သိမ်းပိုက်ခဲ့ဖူးပြီး နောက်ပိုင်းမှာ စစ်ကောင်စီဘက်က ပြန်လည်နေရာယူထားတဲ့ တပ်စခန်းလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG