သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထွက်ပြေးလာသူစစ်ကောင်စီတပ်ဖွဲ့ဝင် နောက်ထပ် ၉၂ ဦးအိန္ဒိယလွှဲပြောင်း


မြန်မာ-အိန္ဒိယ မီဇိုရမ် နယ်စပ်ဂိတ်
မြန်မာ-အိန္ဒိယ မီဇိုရမ် နယ်စပ်ဂိတ်

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ဘက်ကိုထွက်ပြေးသွားတဲ့ထဲက ကျန်နေသေးတဲ့ စစ်ကောင်စီတပ်သား ၉၂ ဦးကို မြန်မာစစ်တပ်အာဏာပိုင်တွေက ပြန်လည်ခေါ်ယူခဲ့ကြောင်း အိန္ဒိယသတင်းတွေမှာ ဇန်နဝါရီ ၂၄ ရက် ဗုဒ္ဓဟူးနေ့က ဖော်ပြကြပါတယ်။

အလားတူ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို သွားရောက်ခေါ်ယူတဲ့ မြန်မာလေတပ်လေယာဉ်တစင်း အင်္ဂါနေ့က မီဇိုရမ်ပြည်နယ် လင်ပူလေဆိပ်မှာ ပြေးလမ်း လမ်းချော်ခဲ့ပြီး နောက်တရက်မှာ သွားရောက်ခေါ်ယူခဲ့တဲ့အသုတ် ဖြစ်ပါတယ်။ လေယာဥ်ပြေးလမ်းချော်ပြီး လမ်းဘေးထိုးဆင်းခဲ့တုန်းက လေယာဥ်အမှုထမ်း ၁၄ ဦးအနက် ၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံအရာရှိတွေကို ကိုးကားပြီး အိန္ဒိယကလာတဲ့သတင်းတွေမှာ ဖော်ပြခဲ့ကြပါတယ်။ အိန္ဒိယတိုင်းမ်ရဲ့ ရေးသားချက်မှာတော့ မြန်မာလေတပ်ရဲ့ ATR အမျိုးအစား လေယာဉ်က စစ်သား ၉၂ ဦးနဲ့အတူ အင်္ဂါနေ့တုန်းက ပြေးလမ်းချော်ခဲ့တဲ့လေယာဥ်က အမှုထမ်း ၁၄ ဦးကို နှစ်သုတ်ခွဲပြီး သယ်ဆောင်သွားကြောင်း တာဝန်ရှိသူတွေက ပြောတယ်လို့ ဖော်ပြထားပါတယ်။

“မြန်မာ စစ်သားတွေရဲ့ အချက်အလက်တွေကိုရယူတာအပါအဝင် လိုအပ်တဲ့ လုပ်ငန်းစဉ်အားလုံးကိုဆောင်ရွက်ခဲ့ပြီး စစ်သားတွေနဲ့ ဒဏ်ရာရတဲ့အမှုထမ်း ရှစ်ဦးကိုလည်း လိုအပ်တဲ့ ဆေးဘက်ဆိုင်ရာ ထောက်ပံ့မှုတွေပေးခဲ့တယ်” လို့ တာဝန်ရှိသူတဦးက ပြောကြောင်း အိန္ဒိယသတင်းက ရေးပါတယ်။

ရက္ခိုင့်တပ်တော် (AA) က စစ်ကောင်စီရဲ့ တပ်စခန်းတွေကို သိမ်းခဲ့လို့ မီဇိုရမ်ပြည်နယ် လောင်တလိုင်းခရိုင်ထဲကို စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၇၆ ဦး ဇန်နဝါရီ ၁၇ ရက်က ထွက်ပြေးခိုလှုံခဲ့တာပါ။

လက်နက်တွေကိုင်ဆောင်ထားတဲ့ စစ်ကောင်စီစစ်သားတွေဟာ လောင်တလိုင်းခရိုင်ထဲ မီဇိုရမ်-မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်မျဉ်းကြားမှာရှိတဲ့ ဘန်ဒုဘင်ဂါရွာ (Bandukbanga) ကို ထွက်ပြေးခဲ့ကြတာဖြစ်ပြီး သူတို့ကို အဲဒီကနေ ခရိုင်အတွင်းရှိ အာသံရိုင်ဖယ် ပါဝစခန်းကို အိန္ဒိယတာဝန်ရှိသူတွေက ခေါ်ဆောင်သွားခဲ့တာပါ။ အဲဒီကမှာ ဇန်နဝါရီလ (၂၂) ရက်နေ့မှာ မန္တလေးက ပျံသန်းလာတဲ့ စစ်ကောင်စီ လေတပ် သယ်ယူပို့ဆောင်ရေး လေယာဉ်က ပထမအသုတ် စစ်သည် ၁၈၄ ဦးကို စစ်တွေကို နှစ်ခါခွဲပြီး ပြန်လည် ခေါ်ယူခဲ့ပါတယ်။ ကျန်နေသေးတဲ့ စစ်သား ၉၂ ဦးကို ထပ်မံခေါ်ယူချိန်မှာတော့ အင်္ဂါနေ့မှာ လေယာဉ်မတော်တဆမှု ဖြစ်ခဲ့တာပါ။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် မီဇိုရမ်ပြည်နယ်ထဲကို ထွက်ပြေး ရတဲ့ စစ်ကောင်စီတပ်သား အရေအတွက်ကလည်း မနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့ နောက်ပိုင်း ၆၃၆ ဦးအထိ ရှိလာနေပြီး သူတို့အားလုံးကို အိန္ဒိယတာဝန်ရှိသူတွေက စစ်ကောင်စီဘက်ကို ပြန်လည် လွှဲပြောင်းပေးခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်နဲ့ စစ်ကိုင်း အထက်ပိုင်း အတွင်း လက်နက်ကိုင်တိုက်ပွဲတွေကြောင့် မီဇိုရမ် ပြည်နယ်ထဲကို ခိုလှုံရောက်ရှိလာတဲ့ အရပ်သား စစ်ဘေးသင့် ပြည်သူ အရေအတွက်ကလည်း ၃၂,၀၀၀ ဝန်းကျင်ရှိကြောင်း အိန္ဒိယ သတင်းတွေမှာ ဖော်ပြကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG