သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မီဇိုရမ်မှာ မြန်မာဒုက္ခသည်တွေကို လက်ဗွေယူမှု ရပ်တန့်


INDIA-MYANMAR-border
INDIA-MYANMAR-border

မီဇိုရမ်မှာ မြန်မာဒုက္ခသည်တွေကို လက်ဗွေယူမှု ရပ်တန့်

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းက မီဇိုရမ်ပြည်နယ်ထဲ မြန်မာနိုင်ငံက လာရောက်ခိုလှုံသူတွေရဲ့ လက်ဗွေနဲ့ ကိုယ်ရေး အချက်အလက်တွေ ကောက်ယူနေတာကို ရပ်တန့်ဖို့ မီဇိုရမ်ပြည်နယ်အစိုးရက ဆုံးဖြတ်ခဲ့ကြောင်း တာဝန်ရှိသူတွေရဲ့ ပြောကြားချက်ကို ကိုးကားပြီး အိန္ဒိယသတင်းတွေမှာ ဖော်ပြပါတယ်။

“ကျနော်တို့ရဲ့ ညီအစ်ကို မောင်နှမတွေရဲ့ ကိုယ်ရေးမှတ်တမ်းတွေကို ကောက်ယူတော့မှာ မဟုတ်ပါဘူး၊ ပြည်နယ်အစိုးရအနေနဲ့ ဒီလို ခွဲခြားဆက်ဆံတဲ့ လုပ်ရပ်တွေကို လုပ်ဆောင်မှာ မဟုတ်ဘူး” လို့ မီဇိုရမ်ပြည်နယ် ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေးဝန်ကြီး Lalruatkima က ပြောပါတယ်။

ဒါက လူ့အခွင့်အရေး ချိုးဖောက်တာလို့ မီဇိုရမ်ပြည်နယ် ပြည်ထဲရေးဝန်ကြီး H. Lalenmawia က ပြောပါတယ်။

“မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်က ညီအစ်ကိုတွေရဲ့ ဇီဝဗေဒဆိုင်ရာ အချက်အလက်တွေနဲ့ ကိုယ်ရေးအကျဉ်းကို ကောက်ယူ မှတ်တမ်းတင်နေတာက နေရပ်ပြန်ပို့မယ့် လုပ်ငန်းစဉ်ရဲ့ ပထမခြေလှမ်းဖြစ်ပါတယ်။ သူတို့နိုင်ငံတွေ မတည်မငြိမ် ဖြစ်နေတာကြောင့် အဲဒီမှာ ငြိမ်းချမ်းရေးမရခင် သူတို့ကို ပြည်နှင်ဒဏ်ပေးခဲ့ရင် ဒါဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဖြစ်လာမှာပါ”လို့ မီဇိုရမ်ပြည်နယ် ပြည်ထဲရေးဝန်ကြီး H. Lalengmawia က ပြောပါတယ်။

မီဇိုရမ်နဲ့ မဏိပူရပြည်နယ်တွေမှာ ခိုလှုံနေတဲ့ မြန်မာနိုင်ငံသားတွေရဲ့ အချက်အလက်တွေကို ကောက်ယူမှတ်တမ်းပြုစုဖို့ ဗဟိုအစိုးရ ပြည်ထဲရေးဝန်ကြီးဌာနက ဧပြီလမှာ ညွှန်ကြားထားတာပါ။ မီဇိုရမ်ပြည်နယ် ၁၁ ခရိုင်လုံးမှာ၊ အထူးသဖြင့် ဒုက္ခသည်တွေ နေထိုင်ရာ ကယ်ဆယ်ရေးစခန်းတွေမှာ လက်ဗွေနဲ့ ကိုယ်ရေးအချက်အလက်တွေကို ကောက်ခံနေရာမှာ စက်တင်ဘာ ၃၀ မှာ ရှေ့ပြေးအစီအစဥ် အပြီးသတ်မှာပါ။

ဒီလို ကိုယ်ရေး ဇီဝမှတ်တမ်း ကောက်ယူတာက လူ့အခွင့်အရေး ချိုးဖောက်တယ်ဆိုပြီး မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် အဇိုရမ်တန်ဂါ ဦးဆောင်တဲ့ ပြည်နယ်အစိုးရအဖွဲ့က ဒီ ကနဦးအစီအစဥ်ကို ဆက်မလုပ်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ဗဟိုအစိုးရ ပြည်ထဲရေးဝန်ကြီးဌာန ဘက်ကတော့ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ ဇီဝဖြစ်စဉ် အသေးစိတ်အချက်အလက်တွေကို ကောက်ယူတဲ့လုပ်ငန်းစဉ်ကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ဖို့နဲ့ ၂၀၂၄ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ သက်တမ်းတိုးဖို့ ကြာသပတေးနေ့က ညွှန်ကြားထားပါတယ်။

“၂၀၂၁ ခုနှစ် မြန်မာစစ်တပ်က အာဏာသိမ်းပြီးကတည်းက မြန်မာနိုင်ငံဘက်က လူ ၆၀,၀၀၀ လောက်ဟာ မီဇိုရမ်ပြည်နယ်ထဲမှာ ခိုလှုံနေရပါတယ်။ ဒီဒုက္ခသည်တွေကို မီဇိုရမ်အစိုးရက ထောက်ပံ့ပေးထားပါတယ်။ ကလေးတွေကို အခမဲ့ ပညာသင်ပေးသလို နေ့လယ်စာ အပါအဝင် တခြားလိုအပ်တာတွ‌ ထောက်ပံ့ပါတယ်။ အိန္ဒိယ ဗဟို ပြည်ထောင်စုအစိုးရဆီက ရန်ပုံငွေ တစုံတရာ မရပေမယ့် မီဇိုရမ်ပြည်နယ် အစိုးရကတော့ ကိုယ့် ညီရင်း အစ်ကို စိတ်ဓာတ်နဲ့ ထောက်ပံ့ရေး အလုပ်တွေကို ဆက်လက်ပံ့ပိုးပေးနေပါတယ်”လို့ မီဇိုရမ်ပြည်နယ် ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေးဝန်ကြီး Lalruatkima က ပြောပါတယ်။

“ဒါပေမဲ့ ပြည်ထဲရေးဝန်ကြီးဌာနက ပေးပို့တဲ့စာမှာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်တွေရဲ့ လက်ဗွေနဲ့ ကိုယ်ရေး အချက်အလက်တွေကို ကောက်ယူဖို့ အမိန့်ထုတ်ထားပါတယ်။ အိန္ဒိယနိုင်ငံဟာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ သဘောတူညီမှု ကွန်ဗင်းရှင်းမှာ လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံမဟုတ်တာကြောင့် ဒီလို ဇီဝမှတ်တမ်းကောက်ယူတာက နောက်ဆက်တွဲပြဿနာတွေ အမျိုးမျိုး ဖြစ်ပေါ်စေနိုင်တယ်”လို့ Lalruatkima က ပြောပါတယ်။

ဒါအပြင့် လာမယ့် နိုဝင်ဘာလမှာ ကျင်းပမယ့် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်နေရလို့ ဌာနဆိုင်ရာအားလုံး အလုပ်ရှုပ်နေတာကြောင့် ပြည်နယ်အစိုးရမှာ ဒီလို ဇီဝမှတ်တမ်းကောက်ယူဖို့ အတွက် လုံလောက်တဲ့ လူအင်အားလည်းမရှိဘူးလို့ ဆိုပါတယ်။

မီဇိုရမ်ပြည်နယ်ထဲမှာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်တွေအပြင် လက်ရှိမှာ မဏိပူရပြည်နယ်က လူမျိုးရေး ပဋိပက္ခတွေကြောင့် ပြည်တွင်းနေရပ်စွန့်ခွာသူ ၁၂,၀၀၀ လောက်ကိုလည်း လက်ခံပေးထားပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အာဏာသိမ်းပြီးကတည်းက ချင်းပြည်နယ်နဲ့ စစ်ကိုင်းအထက်ပိုင်းကနေ အိန္ဒိယနိုင်ငံဘက်ကို ထွက်ပြေးကြရတဲ့ ချင်းစစ်ရှောင်အရေအတွက်က ၇ သောင်းနီးပါး ရှိနေပြီလို့ ချင်းလူ့အခွင့်အရေးအဖွဲ့က ဗွီအိုအေကို ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG