သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၈၀ နီးပါး အိန္ဒိယနယ်စပ် တိမ်းရှောင်


အိန္ဒိယ-မြန်မာ နယ်စပ် တနေရာ
အိန္ဒိယ-မြန်မာ နယ်စပ် တနေရာ

မြန်မာနိုင်ငံ ဘက်ကထွက်ပြေးလာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၈၀ နီးပါး၊ အိန္ဒိယနိုင်ငံဘက်ခြမ်းမီဇိုရမ်ပြည်နယ်ထဲက နယ်စပ်မြို့ ဖြစ်တဲ့၊ ဘန်ဒက် ဘန်ဂါရွာကို ဇန်နဝါရီ ၁၇ ရက်က ရောက်လာတယ်လို့ ပြည်နယ်ပြည်ထဲရေးဌာန အကြီးတန်းအရာရှိကပြောဆိုထားကြောင်း အိန္ဒိယ သတင်းဌာ‌နတွေမှာဖော်ပြပါတယ်။ ကနဦးသတင်းအရဗုဒ္ဓဟူးနေ့ ညနေ ၄ နာရီလောက်မှာ မီဇိုရမ် နယ်စပ်မြို့ကိုရောက်ရှိခဲ့တာဖြစ်ပြီးလက်နက်ခဲယမ်းတွေလည်း ပါလာတယ်လို့ ပြောပါတယ်။ ရန်ကုန်က စုစည်းတင်ပြထားတဲ့ သတင်းကို မအလိမ္မာ ကပြောပြမှာပါ။

မီဇိုရမ်ပြည်နယ်ထဲကို စစ်ကောင်စီတပ်ဖွဲ့၀င် ၂၇၇ ဦးထက်မနည်း ဇန်နဝါရီလ ၁၇ ရက်နေ့ ညနေပိုင်းကရောက်ရှိလာခဲ့တယ်လို့ အိန္ဒိယယူနိုက်တက်သတင်းမှာ ဖော်ပြထားပါတယ်။ သူတို့တွေဟာ မြန်မာ-မီဇိုရမ်-ဘင်္ဂလားဒေရှ် နယ်စပ်မြို့ဖြစ်တဲ့ ဘန်ဒက်ဘန်ဂါရွာကို ရောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။ အခုလို ခိုလှုံလာကြသူတွေနဲ့ ပတ်သတ်လို့ မီဇိုရမ်ထဲက စစ်ဘေးရှောင်ပြည်သူတွေ ကိုကူညီနေသူ ကို ဆလိုင်းက ခုလိုပြောပြ လာပါတယ်။

"မီဇိုရမ်နဲ့ပြောမယ်ဆိုရင်တော့ တောင်ဘက်နားမြို့မှာ ခိုလှုံတာဟုတ်တယ်။ ဖြစ်နိုင်တာအများဆုံးကတော့ ပလက်ဝမြို့နယ်ဘက်ကဘဲဖြစ်မှာ။ အခုတလောက ဒီပလက်ဝမှာဘဲ တိုက်ပွဲစခန်းသိမ်းပွဲကများတယ်။ မေးကြည့်တော့ ခမီးနဲ့ပလက်ဝ မြို့ နား မှာတိုက်ပွဲတော့ရှိတယ်။ သူတို့စခန်းတော့သိမ်းပြီးပြီ စစ်သားတွေကတနေရာစုတယ်။ ထွက်ပြေးတယ်သတင်းကြားတယ်။ ကျနော်ထင်တာက တော့အဲကဘဲဖြစ်မယ်ထင်တယ်။ ပလက်ဝမြို့နယ်ဘက်ကဘဲဖြစ်မှာ။"

ဒီထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်တွေဟာ အိန္ဒိယ-မြန်မာနယ်စပ် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ ရက္ခိုင့်တပ်တော် (AA) နဲ့ တိုက်ပွဲမှာ မီဇိုရမ်ပြည်နယ်ဘက်ကို ထွက်ပြေးကာလက်နက်ချခဲ့တာဖြစ်တယ်လို့ သူကပြောပါတယ်။ ဒီလူတွေနဲ့ပတ်သတ်လို့ အိန္ဒိယဘက်က ဘာဆက် လုပ်မလဲဆိုတာ သေချာမသိရသေးပါဘူး။လက်နက်ခဲယမ်းတွေပါ ယူဆောင်ထွက်ပြေးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မြန်မာ-ဘင်္ဂလားဒေ့ရှ်-အိန္ဒိယ နယ်စပ်အနီး Parva (ပါရ်ဗာမြို့)အနီးက အိန္ဒိယဘက်ခြမ်းမှာရှိတဲ့ အာသံရိုင်ဖယ် တပ်စခန်းမှာ ထား ထားတာပါ။

ပြီးခဲ့တဲ့ နှစ် နိုဝင်ဘာလောက်ကထဲက ချင်းပြည်နယ်တွင်း AA နဲ့ရော ဒေသတွင်း ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲတွေ ဖြစ်နေချိန်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ မီဇိုရမ်ဘက်ကို ထွက်ပြေးသွားတာတွေရှိပြီး သူတို့ကို အိန္ဒိယဘက်က ပြန်ပို့ခဲ့တယ်လို့ ကို ဆလိုင်းကပြောပါတယ်။

"နိုဝင်ဘာလမှာလည်း မီဇိုရမ်မြောက်ဘက်ကျတာပေါ့ အရှေ့မြောက်ပေါ့ အဲမှာ ၄၃ယောက်က အိန္ဒိယဘက်မှာ လက်နက်ချတယ်။ နောက်တရက်မှာဘဲ ၂၉ဦး အလင်းဝင်တယ် သူတို့ကမြန်မာနိုင်ငံကိုပြန်ပို့တယ်။ နောက်ဒီဇင်ဘာ စခန်းသိမ်းတာတွေမှာ လည်း ၃၀ကျော်သူတို့လက်ထဲရောက်တယ် သူတို့ပြန်ပို့တယ်။ ဒီဇင်ဘာလကုန်ပိုင်းမှာဒီပလက်ဝဘက်ကနဲ့ ၁၇၁လား ဒီမီဇိုရမ် အိုက်ဇောလေ ဆိပ်မှာ တပ်မတော်လေယာဉ်နဲ့ ၂ကြိမ်လာသယ်တယ်.။ ဒီနှစ်ထဲမှာဘဲ Lengpui လေဆိပ်ကနေမြန်မာပြည်ဘက်က တပ်မတော်လေယာဉ်နဲ့ လာကြိုတယ်။ ခုလဲအဲလိုဖြစ်မယ်လို့ ကျနော်တော့ခန့်မှန်းတယ်။"

၂ဝ၂၃ ခုနှစ် နိုဝင်ဘာလကနေ ဒီနှစ် ဇန်နဝါရီထိ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၃၀ ကျော်ဟာ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ကို ထွက်ပြေးတိမ်းရှောင်လာခဲ့တယ် လို့ အိန္ဒိယသတင်းစာကဖော်ပြပါတယ်။ အဲဒီထဲက မြန်မာစစ်သား ၃၀၀ကျော်ကို မြန်မာစစ်ကောင်စီဆီကို အိန္ဒိယအစိုးရက လွှဲပြောင်းပို့ဆောင်ပေးထားပြီးဖြစ်တယ်လို့လည်း အိန္ဒိယဘက်ကထုတ်ပြန်ထားတာပါ။

အခုလို ထွက်ပြေးခိုလှုံသွားတဲ့ တပ်ဖွဲ့ဝင်တွေနဲ့ပတ်သတ်လို့ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကိုဗွီအိုအေက ဆက်သွယ်နေပေမဲ့ ခုထိပြန်လည်ဖြေဆိုတာမရှိသလို သတင်းထုတ်ပြန်ထားတာလည်းမရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG