သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဏိပူရအကျဉ်းထောင်က မြန်မာအကျဉ်းသားတွေ စားဝတ်နေရေး အခက်ကြုံ


မြန်မာ-အိန္ဒိယမဏိပူရပြည်နယ် နယ်စပ် (မှတ်တမ်းပုံ)
မြန်မာ-အိန္ဒိယမဏိပူရပြည်နယ် နယ်စပ် (မှတ်တမ်းပုံ)

အထောက်အထားမဲ့ နယ်စပ်ဖြတ်ကျော်မှုနဲ့ မြန်မာနိုင်ငံသား ၂၀၀ နီးပါး အဖမ်းခံနေရတဲ့ အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်၊ အင်ဖား ဗဟိုအကျဉ်းထောင်မှာ အကျဉ်းကျခံနေရသူတွေ အစာအငတ်ခံ ဆန္ဒပြခဲ့ရာက အခုတော့ ထောင်အာဏာပိုင်တွေ နဲ့ ညှိနှိုင်းမှု အဆင်ပြေသွားတာကြောင့် ဆန္ဒပြမှုအဆုံးသတ်သွားပြီ ဖြစ်ပါတယ်။ ဒါပေမယ့် မိခင်နဲ့အတူ အကျဉ်းကျခံနေရတဲ့ ကလေးငယ်တွေ အပါအဝင် အကျဉ်းသားအများအပြားဟာ ဆောင်းအအေးဒဏ်ခံနိုင်ဖို့ အဝတ်အထည်တွေ လိုအပ်နေတဲ့အပြင် စားသောက်ရေး အခက်အခဲပါကြုံနေရတယ်လို့ ထောင်နဲ့နီးစပ်သူတွေ ကပြောပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို အခြေခံပြီး မဆုမွန်က ပြောပြမှာပါ။

အိန္ဒိယနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဥပဒေအရ အထောက်အထားမဲ့ နယ်စပ်ဖြတ်ကျော်မှုနဲ့ မြန်မာနိုင်ငံသား အယောက် ၂၀၀ နီးပါး ဟာ မဏိပူရပြည်နယ်၊ အင်ဖား ဗဟိုအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်း ခံနေရတာဖြစ်ပါတယ်။ အင်ဖားမြို့က ဗဟိုအကျဉ်းထောင်မှာ လပေါင်းများစွာ ကျခံနေရာကနေ လွတ်ရက်စေ့ခဲ့ပေမဲ့ ပြန်မလွှတ်ဘဲ ဆက်လက်ထိန်းသိမ်း ခံနေရတာကြောင့် အမျိုးသမီးတွေ ဦး ဆောင်ပြီး ဒီဇင်ဘာလ ၁၆ ရက်နေ့က စပြီး အစာအငတ်ခံ ဆန္ဒပြခဲ့ကြတာပါ။ အခုတော့ ထောင်အာဏာပိုင်တွေက လာရောက် ညှိုနှိုင်းခဲ့တာကြောင့် သူတို့ရဲ့ ဆန္ဒပြမှု အဆုံးသတ်သွားပြီလို့ India for Myanmar လူ့အခွင့်ရေး အဖွဲ့က ဆလိုင်းဒိုခါရ် က VOA ကို ပြောပါတယ်။

"နောက်ဆုံးသိတဲ့ Update ကတော့ ထောင်တွင်းမှာ တောင်တာဝန်ရှိတဲ့သူတွေက ညှိုနှိုင်းတယ်လို့ မိသားစု တွေကနေ တဆင့် ကျနော်တို့ကို သတင်းပို့လာတယ်။ အကောင်းဆုံး အမြန်ဆုံး လွတ်မြောက်နိုင်အောင် ကြိုးစားပေးမယ်ဆိုတဲ့ ညှိုနှိုင်းမှုနဲ့ သူတို့ ပြေလည်အောင်လုပ်ကြတယ်။ တပါတ်တကြိမ် မိသားစုနဲ့လည်း ဖုန်း ပြောခွင့်ပေးမယ်ဆိုတဲ့ ပုံစံမျိုးနဲ့ လောလောဆယ် တပါတ် ၁ ကြိမ်ကို တရားဝင်၊ မိသားစုနဲ့စကားပြောခွင့် ပေးလိုက်တယ်။ နောက် ထောင်က စည်းကမ်းချက် တချို့ကို လျှော့ချပေးလိုက်သလို ထောင်ဝန်ထမ်းကိုလည်း အပြောင်းအလဲ လုပ်လိုက်တယ်လို့ ပြောပြလာပါတယ်။ ဆန္ဒပြပွဲမှာ ပါတဲ့ ယောက်ကျားလေး အယောက် ၃၀ လောက်ကို သူတို့ သီးသန့်အဆောင်နဲ့ ထားတယ်လို့ ကျနော်တို့ကြားသိရတယ်။"

အဲဒီအချိန်က ဆန္ဒပြခဲ့တဲ့ အမျိုးသမီးတွေကို ထောင်အာဏာပိုင်တွေက နှင်းတောထဲမှာ ပြစ်ဒဏ်ပေးခဲ့သလို ပြင်းပြင်း ထန်ထန်ပါ ရိုက်နှက်ခဲ့တာကြောင့် လက်ရှိ အကျဉ်းကျနေဆဲ အမျိုးသားတဦးက မြန်မာအရပ်ဘက် အဖွဲ့အစည်းတခုကို အကျဉ်းထောင်ထဲကနေ ဆက်သွယ်ခဲ့ပြီး ဗွီအိုအေကို သတင်းပေးပို့ခဲ့တာ ဖြစ်ပါတယ်။ အခု နောက်ပိုင်းမှာ ဆန္ဒပြသူတွေနဲ့ ထောင်အာဏာပိုင်တွေ ညှိုနှိုင်းမှုတွေ ရခဲ့ပေမဲ့ အကျဉ်းသားတွေကတော့ အခက်အခဲတွေရင်ဆိုင်နေရဆဲပါ။

အကျဉ်းသားတွေထဲမှာ မိခင်နဲ့ အတူ ထောင်ကျခံနေရတဲ့ ကလေးငယ်တွေပါ ပါဝင်နေတာ ဖြစ်ပြီး အခုအချိန်မှာ ဆောင်းရာသီဖြစ်တဲ့ အတွက် အအေးဒဏ်ကာကွယ်ပေးမဲ့ အဝတ်အစားမလုံလောက်သလို အစားအသောက်ပါ မလုံမလောက် ဖြစ်နေတယ်လို့ ထောင်နဲ့ နီးစပ်သူတွေကပြောပါတယ်။ အကျဉ်းကျခံနေရသူတွေထဲမှာ အသက်မပြည့်တဲ့ ကလေးက အယောက် ၃၀ ထက်မနည်း ရှိနေပြီး အေးတဲ့ရာသီမို့ အတော်လေးဒုက္ခ ရောက်နေရတယ်လို့ အဖမ်းခံနေရသူရဲ့ မိသားစုဝင်တဦးဖြစ်တဲ့ မစုစုက ပြောပါတယ်။

"ကျမတို့ဆီတော့ မိန်းကလေးထောင်ထဲက ဖုန်းဆက်သွယ်လာ ပါတယ်။ စားစရိတ်လှမ်းတောင်းတယ်။ သူတို့ ကလေးတွေနဲ့ စားရသောက်ရတာ အဆင်မပြေတော့လို့ အဲဒါမျိုးဘဲ သိထားတယ်။ ထောင်ထဲမှာ အခက်အခဲကတော့ မျိုးစုံပေါ့။ စားရသောက်ရတာ အဆင်မပြေတာကော ကလေးတွေနဲ့ပတ်သက်ပြီး တော့ကောပေါ့။ မျှတ စားနေရတယ်။ ဆောင်းရာသီ ဖြစ်တဲ့အတွက် မဏိပူထောင်မှာ အရမ်းချမ်းတယ်။ အဝတ်အစား ပေးတာလဲ မရှိဘူး။ ရှိတာလဲ တနှစ်ကျော်ပြီ ဆိုတော့ အစုတ်တွေကို ဖာထေးနေရတယ်ဆိုတဲ့ အကြောင်း ဖိနပ်လည်း လုံလုံလောက်လောက်မရှိဘူး။ ပြတ်နေတယ် ဆိုတဲ့ အကြောင်း ညီမဆီတော့ မနေ့က ဖုန်းပြောတယ်။"

မဏိပူရပြည်နယ် အင်ဖား ဗဟိုအကျဉ်းထောင်ထဲမှာ မြန်မာနိုင်ငံသား ဘယ်လောက်များများ ကိုဖမ်းဆီးထားတယ်ဆိုတာကို ပြည်နယ်အာဏာပိုင်တွေက တရားဝင်သတင်း ထုတ်ပြန်ထားတာ မရှိပါဘူး။ ဒါပေမဲ့ အိန္ဒိယ သတင်းတွေ ကတော့ အယောက်၂၀၀ နီးပါးလောက် အဖမ်းဆီး ခံနေရတယ်လို့ ရေးသားကြသလို၊ ဒီအထဲမှာ အမျိုးသားက ၁၃၀ လောက်ပါပြီး ကျန်တာကတော့ အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေ ဖြစ်တယ်လို့ အကျဉ်းသားတွေနဲ့ နီးစပ်သူတဦးက ဗွီအိုအေကို ပြောပါတယ်။ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေလည်း မိခင်တွေနဲ့ အတူ အကျဉ်းထောင်ထဲမှာ အထိန်းသိမ်းခံ နေရတာ ဖြစ်ပါတယ်။

ဒီလူတွေထဲမှာ အများစုက ပြစ်ဒဏ်ကော ကျသင့်တဲ့ဒဏ်ငွေကိုပါ ဆောင်ထားပြီးသူတွေ ဖြစ်ပြီး လွတ်ရက်စေ့သူ အများအပြား ကို ပြန်မလွှတ်ပဲ ဆက်လက်ဖမ်းဆီးထားတာ ဖြစ်ပါတယ်။ အိန္ဒိယအခြေစိုက် အရပ်ဘက်လူ့အခွင့်ရေး အဖွဲ့တခုဖြစ်တဲ့ India for Myanmar က ဆလိုင်းဒိုခါရ် ကတော့ အခုလို အဖမ်းဆီးခံနေရ သူတွေကို လူသားချင်း စာနာထောက်ထားမှုအရ နိုင်ငံတကာက ဝိုင်းဝန်းကူညီကြဖို့ တောင်းဆိုပါတယ်။

"အဓိကကတော့ Foreigners act နဲ့ ဖမ်းဆီးခံရတယ် ဆိုတဲ့ဟာမျိုးတွေ၊ ပြစ်ဒဏ်လွတ်မြောက်ပြီးသား လူတွေ ကတော့ UNHCR ကနေ ထိန်းသိမ်း စောင့်ရှောက်ဖို့ အတွက် ကမ်းလှမ်းသင့်တယ်လို့ ကျနော်တို့ ယူဆပါတယ်။ တောက်လျှောက် တောင်းဆိုမှုတွေ လုပ်နေပေမယ့် သူတို့ဘက်က တုံပြန်မှု မရှိနေတဲ့အခါ ကျတော့ ကျနော်တို့ အင်မတန်အံ့ဩတယ်။ ဆိုတော့ အခွင့်အရေး မျိုးစုံ ဆုံးရှုံးနေရတဲ့ မြန်မာနိုင်ငံသားတွေမှာ အကူအညီ မဲ့နေတယ်။ ကျနော်တို့ ပြောချင်တာက တရားရင်ဆိုင် နေရသူတွေ ကိုတော့ ကျနော်တို့ မတောင်းဆို ချင်ပါဘူး။ တရားရင်ဆိုင် ပြီးသူတွေ မြန်မာနိုင်ငံကို ပြန်ပို့လို့ မရပါဘူး ဆိုတဲ့ အကြောင်းပြချက်နဲ့ နှစ်ချီ ထိန်းသိမ်း ခံနေရတာ ကတော့ နိုင်ငံတကာ အဖွဲ့တွေ အနေနဲ့လည်း အင်မတန် တာဝန်မဲ့ရာ ကျလွန်းတယ်လို့ ယူဆပါတယ်။ "

အကျဉ်းထောင်မှာ ဆန္ဒပြတာနဲ့ ပတ်သက်ပြီး မဏိပူရ အစိုးရက သတင်းတစုံတရာ ထုတ်ပြန်ထားတာ မရှိသလို ဒီလူတွေနဲ့ ပတ်သက်လို့ ဘယ်လိုဆက်လုပ်မယ် ဆိုတာကိုလည်း ထုတ်ပြန် ပြောဆိုတာ မရှိခဲ့ပါဘူး။ မြန်မာနိုင်ငံသားတွေဟာ နယ်စပ်ကို နေ့စဉ်ဖြတ်ပြီး မဏိပူရက ရက်ကန်းလုပ်ငန်းတွေမှာ အလုပ်သွား လုပ်လေ့ရှိတာပါ။ စစ်ကောင်စီ အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ မဏိပူရ အစိုးရဟာ အထောက်အထား မခိုင်လုံတဲ့ မြန်မာနိုင်ငံသား အများအပြားကို ဖမ်းဆီးလာတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG