သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဏိပူရ အကျဉ်းထောင်မှာ မြန်မာအမျိုးသမီးတွေ အရိုက်နှက်ခံရ


အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ် အင်ဖာမြို့ ဗဟိုအကျဉ်းထောင်
အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ် အင်ဖာမြို့ ဗဟိုအကျဉ်းထောင်

အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်၊ အင်ဖား ဗဟိုအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ မြန်မာအမျိုးသမီးတွေကို ထောင်အာဏာပိုင်တွေက ရိုက်နှက်ခဲ့တဲ့ ဖြစ်ရပ်တခု အခုတနင်္လာနေ့မှာ ဖြစ်ပွားခဲ့ပါတယ်။ ထောင်လွတ်ရက်စေ့ပေမဲ့ ပြန်မလွှတ်ပေးသေးတာကို အကြောင်းပြုပြီး ဆန္ဒပြခဲ့တဲ့ မြန်မာအမျိုးသမီးတွေကို ထောင်အာဏာပိုင် အမျိုးသားတွေက ရိုက်နှက်ခဲ့တာလို့ အကျဉ်းသားတချို့က ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်က ပေးပို့လာတဲ့ သတင်းကို အခြေခံပြီး ကိုစည်သူက ပြောပြမှာပါ။

အထောက်အထားမဲ့ နယ်စပ်ဖြတ်ကျော်မှုကြောင့် အိန္ဒိယနိုင်ငံရဲ့ လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့ ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသား အများအပြားဟာ အင်ဖားမြို့က မဏိပူရ ဗဟိုအကျဉ်းထောင်မှာ လပေါင်းများစွာ ကျခံနေရာကနေ အခု ဒီဇင်ဘာလ ၁၅ရက်မှာ လွတ်ရက်စေ့ခဲ့ပေမဲ့ ပြန်မလွှတ်သေးတာကြောင့် အမျိုးသမီးတွေဦးဆောင်ပြီး ဒီဇင်ဘာလ ၁၆ရက်မှာ အစာအငတ်ခံ ဆန္ဒပြခဲ့ပါတယ်။

ဒီအမျိုးသမီးတွေကို ထောင်အာဏာပိုင်တွေက နှင်းတောထဲမှာ ပြစ်ဒဏ်ပေးခဲ့သလို ပြင်းပြင်းထန်ထန်ပါ ရိုက်နှက်ခဲ့တာကြောင့် လက်ရှိအကျဉ်းကျနေဆဲ အမျိုးသားတဦးက မြန်မာအရပ်ဘက် အဖွဲ့အစည်းတခုကို အကျဉ်းထောင်ထဲကနေ ဆက်သွယ်ခဲ့ပြီး ဗွီအိုအေကို သတင်းပေးပို့ခဲ့တာ ဖြစ်ပါတယ်။

"မိန်းကလေးတွေက သူတို့ဘာကြောင့် ပြန်မလွှတ်တာလဲ မေးတာပေါ့နော်၊ လွတ်မယ်ပြောတာကို ၁၅ရက်က မလွတ်လို့ဆိုပြီး ၁၆ရက်မှာ စပြီး ဆန္ဒပြတယ်။ ၁၆ရက်ပြတယ်၊ ၁၇ရက်ပြတယ်၊ ၁၈ရက်နေ့ အရိုက်ခံရတယ်။ အဲဒီ သူတို့ပြတဲ့ ပုံစံကလည်း ထမင်းမစားဘဲ ဆန္ဒပြတော့ အပြင်မှာ ထုတ်ပြီးထားတယ်။ နှင်းတောထဲမှာ ညမှာအိပ်ခိုင်းတယ်။ နှင်းတောထဲမှာ အိပ်ပြီးတော့ ၁၈ရက်မှာ အရိုက်ခံရတယ်။ ရဲယောကျ်ားလေးတွေ ဝင်ရိုက်တယ်ပေါ့။ ရိုက်တဲ့ပုံစံကလည်း မိန်းကလေးတွေကို ထမီတွေ ကျွတ်ကျတဲ့အထိ ရိုက်တယ်ပေါ့နော်။ ပါးတွေရော နားတွေရော အကုန်လုံးရိုက်တယ်။"

မဏိပူရပြည်နယ် အင်ဖား ဗဟိုအကျဉ်းထောင်ထဲမှာ မြန်မာနိုင်ငံသား ဘယ်လောက်များများ ဖမ်းဆီးခံ ထားရလဲဆိုတာကို ပြည်နယ်အာဏာပိုင်တွေက သတင်းထုတ်ပြန်ထားတာ မရှိပါဘူး။ ဒါပေမဲ့ အိန္ဒိယ သတင်းတွေကတော့ အယောက်၂၀၀ နီးပါးလောက် ဖမ်းဆီးခံနေရတယ်လို့ ရေးသားကြပါတယ်။ ဒီအထဲမှာ အမျိုးသားက ၁၃၀ လောက်ပါပြီး ကျန်တာကတော့ အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေ ဖြစ်တယ်လို့ အကျဉ်းသားတွေနဲ့ နီးစပ်သူတဦးက ဗွီအိုအေကို ပြောပါတယ်။ အသက်မပြည့်သေးတဲ့ ကလေးတွေလည်း မိခင်တွေနဲ့အတူ အကျဉ်းထောင်ထဲမှာ ထိန်းသိမ်းခံထားရတာ ဖြစ်ပါတယ်။

အရိုက်နှက်ခံရသူ တွေထဲမှာ မီးဖွားပြီးစ အမျိုးသမီးတွေလည်း ပါကြောင်း အကျဉ်းသားတဦးရဲ့ မိသားစုဝင် တဦး ဖြစ်တဲ့ ဒေါ်စုစုက ဗွီအိုအေကို ပြောပါတယ်။

"ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၅ ရက်က သူတို့ကို လွှတ်ပေးမယ်လို့ ထောင်မှူးကပြောတယ်။ ဒါပေမယ့် ပြန်လွှတ်မပေးတဲ့ အခါမှာ နို့စို့ ကလေးငယ်တွေရဲ့ မိခင်တွေက သူတို့ကို လွှတ်မပေးလို့ဆိုပြီး အစာငတ်ခံ ဆန္ဒပြတာပေါ့နော်။ ၁၅ရက်ကတည်းကပြတာ မနေ့က ၁၉ရက်အထိပြတော့ ထောင်ရဲတွေက သူတို့ကို ရိုက်နှက်ပါတယ်ပေါ့နော် အစားမစားလို့ ဆိုပြီးမှ။ ကလေးမွေးဖွားသူက ၃ယောက်လောက်ရှိတယ်၊ ကလေးငယ်ကလည်း ၃၅ယောက်ရောက်ရှိတယ်။ ဘယ်အဖွဲ့အစည်းမဆို သူတို့ကိုပေါ့ ဝိုင်းဝန်းကူညီ ဖြေရှင်းပေးနိုင်ဖို့ မျှော်လင့်တယ်၊ တောင်းဆိုချင်တယ်ပေါ့နော်။"

အများစုက ကျသင့်တဲ့ဒဏ်ငွေလည်း ဆောင်ထားပြီးဖြစ်သလို လွတ်ရက်စေ့သူတွေ အများအပြား ရှိနေပါတယ်။ အမျိုးသမီးတွေနဲ့ ကလေးတွေက အစာအငတ်ခံ ဆန္ဒပြကြတဲ့အတွက် အမျိုးသားတွေကလည်း မနေ့က ဒီဇင်ဘာလ ၁၉ရက်မှာ ပူးပေါင်းလာကြတယ်လို့ အိန္ဒိယအခြေစိုက် အရပ်ဘက်အဖွဲ့တခုဖြစ်တဲ့ India for Myanmar က ဆလိုင်းဒိုခါရ် က (Salai Dokhar) ဗွီအိုအေကို ပြောပါတယ်။

"တချို့က အပြင်းအထန် ဒဏ်ရာရတဲ့သူတွေရှိတယ်လို့ ကျနော်တို့ သိထားရပါတယ်။ ယောကျ်ားလေးရဲတွေက ရိုက်တဲ့အခါကြတော့ တချို့တွေက တော်တော်လေး ဒဏ်ရာပြင်းထန်တဲ့ ပုံစံမျိုး အနေအထားဖြစ်တယ်လို့ ကျနော်တို့ သတင်းကြားရတယ်။ ပြီးတော့ ဒီဟာနဲ့ဆက်စပ်ပြီးတော့မှ မကျေနပ်ကြလို့ Foreigners' Act နဲ့ ဖမ်းခံရသူတွေ ယောကျ်ားလေးတွေပေါ့ ဆန္ဒထပ်ပြဖို့ ပြင်ဆင်နေတယ်လို့ သိထားရပါတယ်။"

အခုလို အကျဉ်းထောင်မှာ ဆန္ဒပြတာနဲ့ ပတ်သက်ပြီး မဏိပူရ်အစိုးရက သတင်းတစုံတရာ ထုတ်ပြန်တာ မတွေ့ရသေးပါဘူး။ မြန်မာနိုင်ငံသားတွေဟာ နယ်စပ်ကို နေ့စဉ်ဖြတ်ပြီး မဏိပူရ်က ရက်ကန်းလုပ်ငန်းတွေမှာ အလုပ်သွားလုပ် လေ့ရှိပါတယ်။ စစ်ကောင်စီအာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ မဏိပူရ်အစိုးရဟာ အထောက်အထား မခိုင်လုံတဲ့ မြန်မာနိုင်ငံသား အများအပြားကို ဖမ်းဆီးလာတာ ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာနဲ့ မိုင် ၂၅၀ လောက် (ကီလိုမီတာ ၃၉၀) ထိစပ်နေတဲ့ မဏိပူရနယ်စပ်ကိုလည်း ပြည်နယ်အစိုးရက ခြံစည်းရိုးခတ်ပြီး လုံခြုံရေးတိုးမြှင့်ဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG