သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အသက်မပြည့်ကလေးငယ်အများအပြား နိုင်ငံရေးအရဖမ်းဆီးခံထားရ


အင်းစိန်အကျဉ်းထောင်ဗူးဝမြင်ကွင်း။ (၂၇ ဇွန် ၂၀၁၆)
အင်းစိန်အကျဉ်းထောင်ဗူးဝမြင်ကွင်း။ (၂၇ ဇွန် ၂၀၁၆)

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း အဖမ်းဆီး အထိန်းသိမ်းခံနေရတဲ့ အသက်မပြည့်သေးတဲ့ ကလေးငယ်အများအပြားရှိနေပြီး တချို့ဟာ နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံရနိုင်တဲ့ အကြမ်းဖက်မှုဥပဒေတွေနဲ့ တရားစွဲဆို ဖမ်းဆီးထိန်းသိမ်းခံထားရပါတယ်။ ဖမ်းဆီး ထောင်ချတာခံနေရတဲ့ ဒီကလေးတွေဟာ ဆိုးဝါးတဲ့ ကလေးအခွင့်အရေး ချိုးဖောက်ခံနေရတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက် ရေးအသင်း AAPP က ပြောပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို မသိင်္ဂီထိုက်က တင်ပြပေးထားပါတယ်။

စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် ဆန္ဒပြကြတဲ့လူငယ်တွေကို စစ်တပ်က အကြမ်းဖက် ဖမ်းဆီးခဲ့သလို နောက်ပိုင်းမှာတော့ ဗုံးပေါက်ကွဲမှုတွေ၊ လက်နက်မှုတွေနဲ့ပါဆက်စပ်ပြီး အဖမ်းအဆီးတွေ ဆက်တိုက်ရှိလာခဲ့ပါတယ်။ ဒီလို ဖမ်းဆီးမှုတွေထဲ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေပါ ပါဝင်နေတာပါ။

အကျဉ်းကျခံနေရသူတွေကို မကြာသေးခင်က စစ်ကောင်စီဘက်က ထောင်ဝင်စာ လူတွေ့ခွင့် ခွင့်ပြုလိုက်တာမို့ အဖမ်းခံနေရတဲ့ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေလည်း မိဘတွေနဲ့ တရားဝင်တွေ့ဆုံခွင့် ရခဲ့ကြတာပါ။ ဒီ လူငယ်ကလေးတွေဟာ ဥပဒေပါ ကလေးသူငယ် အခွင့်ရေးကို ခံစားခွင့်မရကြဘူးလို့ ကလေးသူငယ်အရေးလှုပ်ရှားသူ အကျဉ်းထောင်နဲ့ နီးစပ်သူတဦးက ဗွီအိုအေကိုပြောပါတယ်။

“တွေ့ခွင့်ကတော့ လွတ်လွတ်လပ်လပ်မရှိဘူး။ ဆရာတယောက်က နားထောင်နေတာမျိုးတို့၊ နောက် ကျနော်တို့ ဒေတာ အချက်အလက်တွေပေးရတယ်။ ရှေ့နေတွေတော့ ပေးတွေ့တယ်။ မိဘတွေကတော့ တနင်္လာကနေ သောကြာနေ့ အထိပေါ့။ ဒီတလောမှာ ကလေးတွေပြောတာက ပုံစံပေးခံရတယ်။ ပုံစံပေးတယ်ပေါ့။ တပ်ပုံစံမျိုးပေါ့။ မနက်ဆိုစောထပြေးခိုင်းတာတို့၊​ နောက်တဆောင်က အပြစ်လုပ်ရင် တဆောင်လုံး ရိုက်တာမျိုးတို့ ဘာတို့။ အဲလိုတွေရှိတယ်လို့ ကလေးတွေကပြောတယ်။ နိုင်ငံရေးအမှုထဲတင် ၂၀၀၀, ၂၅၀၀ လောက်ရှိမယ်။ ဒါက ရန်ကုန် နယ်နမိတ်တခုထဲပေါ့။“

မြန်မာနိုင်ငံ ကလေးသူငယ်ဥပဒေအရ အသက် ၁၈ နှစ်အောက်အရွယ်ကို အသက်မပြည့်သေးတဲ့ ကလေးအဖြစ် သတ်မှတ်ပါတယ်။ အခုဖမ်းဆီးခံထားရတဲ့ ကလေးအများစုဟာ ဥပဒေပါ ကလေးသူငယ်အခွင့်အရေးကို ခံစားခွင့်မရတဲ့အပြင် ကြီးလေးတဲ့ပြစ်မှုတွေနဲ့ပါ ရင်ဆိုင်နေရတာတွေ ရှိနေတယ်လို့လည်း ပြောပါတယ်။

သူတို့တွေကို ရန်ကုန်နဲ့ မန္တလေးတိုင်းတွေမှာဆို တိုင်းအတွင်းမှာရှိတဲ့ လူငယ်လေ့ကျင့်ရေးစခန်းကျောင်းတွေမှာ ထိန်းသိမ်းထားပေမယ့် တခြားဒေသတွေမှာတော့ သီးခြားခွဲ ထိန်းသိမ်းတာမျိုး ရှားပြီး ရဲအချုပ်ခန်းတွေမှာ ထိန်းသိမ်းထားပါတယ်။ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူတွေကို ဖမ်းဆီးနိုင်ဖို့၊ သူတို့နဲ့ ဆက်နွယ်တဲ့ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေကို ဓါးစားခံသဘော ဖမ်းဆီးထားတာတွေ လည်းရှိနေပါတယ်။

အဖမ်းဆီးခံနေရတဲ့ အသက်မပြည့်သေးတဲ့ ကလေးငယ်အများစုဟာ ရန်ကုန်၊ မန္တလေးကဖြစ်ပြီး ပဲခူး၊ ပြည် စတဲ့မြို့လေးတွေမှာလည်း အဖမ်းခံရတာတွေရှိပါတယ်။ လက်ရှိလူငယ်လေ့ကျင့်ရေး စခန်းကျောင်းတွေမှာ ထိန်းသိမ်းခံထားရတဲ့ကလေးတွေဟာ ညှင်းပမ်းနှိပ်စက်ခံရတာမျိုးတွေအပြင် စိတ်ပိုင်းဆိုင်ရာ ပြဿနာလေးတွေကြုံနေရတာတွေလည်းရှိတယ်လို့ အကျဉ်းထောင်နဲ့နီးစပ်သူက ပြောပါတယ်။

“အဓိက-ကတော့ တရားစီရင်ရေးပေါ့။ ပြောရရင်တော့ ရဲတွေပေါ့။ ရဲတွေက ကလေးသူငယ်အခွင့်အရေးကို နားမလည်တာလား၊ မျက်ကွယ်ပြုတာလားဘာလား မသိဘူးပေါ့။ ကလေးတွေကိုရုံးထုတ်တဲ့အချိန်မှာ လက်ထိပ်ခတ်ပြီးထွက်လာတာမျိုး။ တရားရုံးပုံစံမဟုတ်ဘဲ စစ်ဆေးရမယ်လို့ ဖော်ပြထားတာ ရှိတယ်။ ဒါပေမယ့်ရဲက လက်ထိပ်ခတ်လာတယ်။ နောက်တခုက တချို့တရားရုံးတွေ လုံခြုံရေးအရ တော်တော်တင်းကျပ်ထားတယ်။ စစ်ခံရမယ့်သူကလွဲရင် ကျန်တဲ့သူပေးမဝင်ဘူး။ ဒီတော့ ကလေးတွေက ရုံးထုတ်ထွက်တဲ့အချိန် ထမင်းမစားရတာတို့၊ အဲလိုမျိုးတွေရှိတာပေါ့။ နောက် သူတို့တပတ်စာပေးရမယ့်ဟာမျိုးတွေ လွတ်သွားတာမျိုးတွေ ခုတလော ကြုံနေရတယ်။”

အသက်မပြည့်သေးတဲ့ ကလေးငယ်တွေကို ဓားစားခံအနေနဲ့ ဖမ်းဆီးနေမှုတွေက စစ်ကောင်စီအနေနဲ့ ကလေးသူငယ် အခွင့်အရေးကို ချိုးဖောက်နေတာဖြစ်သလို နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေ (International Humanitarian Law) ကိုပါ ချိုးဖောက်နေတာဖြစ်တယ်လို့ တက်ကြွလှုပ်ရှားသူတွေက ထောက်ပြကြပါတယ်။

အသက်မပြည့်ဘဲ ဖမ်းခံထားရတဲ့ကလေးတွေအများစုဟာ အမှုရင်ဆိုင်နေရချိန်မှာ သက်ဆိုင်ရာအချုပ်ခန်းတွေမှာနေထိုင်ကြရပါတယ်။ အဲလိုနေထိုင်ကြရတာမှာ သီးသန့်ခွဲထားတာမရှိတာမို့ တခြား အကျဉ်းသားတွေရဲ့ အနိုင်ကျင့်တာတွေ အများစုခံကြရသလို အမှုပြီးစီးလို့ လူငယ်ထိန်းသိမ်းရေး စခန်းတွေရောက်ရင်လည်း အခက်အခဲအမျိုးစုံနဲ့ ရင်ဆိုင်ကြုံတွေ့ နေရတာမို့ ကလေးတွေနဲ့ပတ်သက်ပြီး စိတ်မအေးစရာ အခြေအနေတွေဖြစ်နေတယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP တာဝန်ရှိသူတဦးက ခုလိုပြောပါတယ်။

“အသက်မပြည့်သေးတဲ့ကလေးတွေဆိုရင် ဖမ်းမိထားတယ်ဆိုရင် အသက်ပြည့်တဲ့ အကျဉ်းသားတွေနဲ့ တူတူ ရောထားလို့မရဘူး။ တူတူရောထားရင် မလိုလားအပ်တဲ့ပြဿနာတွေဖြစ်လာမယ်။ ဒါတွေကို ကြိုတင်တား ထားတယ်။ ဥပဒေအရကန့်သတ်ထားပေမယ့် လက်ရှိအချိန်မှာတော့ တခြားသောအကျဉ်းသားတွေနဲ့တွဲထားတယ်။ ဒီကလေးတွေက အလိုလိုနေရင်းနဲ့ ရာဇဝတ်အကျဉ်းသားတွေကနေပြီးတော့ မတရားညှင်းပန်းနှိပ်စက်တဲ့ကိစ္စတွေ မတရားအနိုင်ကျင့်တဲ့ကိစ္စတွေ ဒါတွေကြုံရတာဖြစ်တယ်။ ပြီးတော့လူငယ်ထိန်းသိမ်းရေးစခန်းတွေမှာဆို ရင်လည်း လူအရေအတွက်က အရမ်းများတယ်။ ထားနိုင်တဲ့အရေအတွက်ထက် ပိုများပြားလာတဲ့အခါမှာ နဂိုရှိပြီးသား အသက်အရွယ်အရပဲဖြစ်ဖြစ် ခန္ဓာကိုယ်အရပဲဖြစ်ဖြစ် ကြီးတဲ့သူတွေက ကြီးနိုင်ငယ်ညှင်းလုပ်တာတွေက တောက်လျှောက်ကြားသိနေရတယ်။ ဒါတွေက ရှိနေတာပါ။”

ကုလသမဂ္ဂ ကလေးသူငယ် အခွင့်အရေးကော်မတီရဲ့ ဇူလိုင်လအတွင်း ထုတ်ပြန်ချက်အရဆိုရင်တော့ စစ်တပ်က အာဏာသိမ်းပြီးနောက် လုံခြုံရေးတပ်တွေရဲ့ လက်ချက်နဲ့ အသက်မပြည့်တဲ့ကလေး အယောက် ၁,၀၀၀ နီးပါး သေဆုံးခဲ့ရပြီး ထောင်နဲ့ချီ အဖမ်းဆီးခံထားရတယ်လို့ သတင်းထုတ်ပြန်ပါတယ်။ အဖမ်းဆီးခံနေရတဲ့ ကလေးသူငယ်တွေနဲ့ပတ်သက်လို့ အခြေနေမှန်ကိုသိရဖို့ လူငယ်သင်တန်းကျောင်းတွေနဲ့ ပြည်ထဲရေးဝန်ကြီးဌာနကို အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ပြန်လည် တုံ့ပြန်ဖြေဆိုတာမျိုး မရှိခဲ့ပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG