သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဇာနည်နေ့ လှုပ်ရှားမှုကြောင့် နိုင်ကျဥ်း ၃၀ ကျော် တိုက်ပိတ်ခံထားရ


Myanmar Prison Department
Myanmar Prison Department

ဇူလိုင် ၁၉ ရက်၊ အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ထောင်တွင်းလှုပ်ရှားမှု လုပ်ခဲ့ကြတဲ့ သာယာဝတီ အကျဉ်းထောင်က နိုင်ငံရေး အကျဉ်းသား ၃၀ ကျော် တိုက်ပိတ်ခံထားရပါတယ်။ ရိုက်နှက်ခံရတဲ့ အကျဉ်းသားတချို့လည်း ဒဏ်ရာတွေကြောင့် အရေးပေါ် ကုသမှုခံနေရတယ်လို့ ပြန်လည် လွတ်မြောက်လာသူတွေနဲ့ နိုင်ငံရေး အကျဥ်းသားအရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။ ရန်ကုန်က ပေးပို့လာတဲ့ ဒီသတင်းကို ကိုခင်မောင်စိုးမင်းက တင်ပြထားပါတယ်။

သာယာဝတီ အကျဉ်းထောင်မှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၉ ရက်၊ အာဇာနည်နေ့က ထောင်တွင်းလှုပ်ရှားမှု လုပ်ခဲ့ကြတဲ့ နိုင်ငံရေး အကျဉ်းသား အမျိုးသား၊ အမျိုးသမီး ၃၀ ကျော်ကို ထောင်အာဏာပိုင်တွေက ဒီနေ့အထိ တိုက်ပိတ်ထားတယ်လို့ သြဂုတ်လ ၁ ရက်နေ့က ပြန်လည် လွတ်မြောက်လာတဲ့ နိုင်ငံရေး အကျဉ်းသားတွေက ဗွီအိုအေကို ပြောပါတယ်။

တိုက်ပိတ်ခံရတဲ့အထဲမှာ ဦးဆောင်သူဖြစ်တဲ့ ကိုသန်းတိုးအောင်ကတော့ ရိုက်နှက်ထားတဲ့ ဒဏ်ရာတွေကြောင့် စိုးရိမ်စရာ အခြေအနေရှိပြီး၊ ကိုရန်နိုင်စိုး၊ ဦးလှစိုး၊ စုတ်ဖွားကြီး၊ တာမွေ ကိုဇွဲခ (ခ) ကိုခင်မောင်ကျော်၊ ဒေါက်တာကိုဂျိုး၊ လက်ပံတန်းက ကိုဘီးနဲ့ CDM လုပ်ထားတဲ့ ဗိုလ်ကြီးတယောက် ပါဝင်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများ ကွန်ရက်က ကိုသိုက်ထွန်းဦးက ဗွီအိုအေကို ပြောပါတယ်။

"ဒီနေ့ ထပ်ပြီးမှ သတင်းရတာပါ၊ ၁၉ ဇူလိုင် ကိစ္စနဲ့ပေါ့လေ။ သာယာဝတီ ထောင်မှာ အမျိုးသမီးက ၁၅ ဦး၊ အမျိုးသားက ၁၆ ဦး။ စုစုပေါင်း ၃၁ ဦး တိုက်ပိတ်ခံရတယ်။ အဲဒီမှာမှ ဆိုးဆိုးရွားရွား အမျိုးသား ၄ ဦး အရေးပေါ် ဆေးရုံတင်ထားရတယ်ပေါ့။ အဲဒီအထဲမှာ ကိုသန်းတိုးအောင် ဆိုတဲ့ လူတယောက်ကတော့ ဦးခေါင်းမှာ ရိုက်နှက်ခံရတာတွေကြောင့်မို့ တော်တော်လေးကို စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိတယ်လို့ ထပ်ပြီးမှ ကျနော်တို့ သတင်းလေးရလို့ပါ။ မနေ့ညကမှ update ရတာမို့လို့။ သူတို့က လုံးဝ သတင်းကို အမှောင်ချထားတယ်ပေါ့လေ။"

အမျိုးသမီး ၁၅ ယောက်လည်း ထိခိုက်ဒဏ်ရာ ရတာတွေ ရှိတယ်လို့ သာယာဝတီထောင်က လွတ်မြောက်လာတဲ့ အမျိုးသမီး အကျဉ်းသူတဦးက ဗွီအိုအေကို ပြောပါတယ်။ သူတို့ကို အမျိုးသား ထောင်ဝန်ထမ်းတွေက တုတ်နဲ့ ရိုက်နှက်တာ ကန်ကျောက်တာတွေ လုပ်ခဲ့ကြောင်း သူက ပြောပါတယ်။

"ဒီလိုကိစ္စတွေ သာယာဝတီထောင်မှာ အလားတူက ခဏခဏ ဖြစ်နေကြတာ။ ညီမတို့ ထောင်ထဲမှာ ရှိနေတုန်းကလည်း ဒီလို ကိစ္စတွေက ဖြစ်ခဲ့တယ်။ သတင်းတွေ မထွက်လာတော့ သူတို့ဘက်က သူတို့လုပ်ချင်တိုင်း လုပ်လို့ရတဲ့ ပုံစံမျိုးနဲ့ ဆက်လုပ်နေတာပေါ့နော်။ သာယာဝတီထောင်မှာ အရမ်းနှိပ်စက်တာ။ ညီမတို့ကို ယောကျ်ားတွေက တချိန်လုံး ဝင်လာပြီးတော့ ရိုက်နေတာ။ ညီမတို့ ထောင်ပြောင်းရင်လည်း သေအောင်ရိုက်ခံရတယ် မိန်းခလေးတွေ။"

တိုက်ပိတ် နှိပ်စက် ခံထားရသူတွေရဲ့ နာမည်စာရင်းတွေကို နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ AAPP အပါအဝင် အဖွဲ့အစည်းတချို့ကို ပေးပို့ထားတယ်လို့ သူက ပြောပါတယ်။

တခြား အကျဥ်းထောင်တွေမှာလည်း အလားတူ ဖြစ်ရပ်မျိုးတွေ ရှိနိုင်ပေမဲ့၊ တခြား အကျဉ်းထောင်တွေရဲ့ အခြေအနေကိုတော့ မသိရသေးကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက်က ကိုသိုက်ထွန်းဦးက ပြောပါတယ်။ စစ်ကောင်စီ ဟာ အကျဉ်းထောင်ပိုင်တွေ၊ တာဝန်ကြီးကြီး ယူထားသူတွေကို စစ်တပ်က အရာရှိတချို့နဲ့ အစားထိုး ပစ်လိုက်တာကြောင့် အခုနောက်ပိုင်းမှာ ထောင်သတင်းတွေက ပြင်ပကို ရောက်လာဖို့ ခဲယဉ်းကြောင်း သူက ပြောပါတယ်။ ဒီလို သတင်း အမှောင်ကျနေတဲ့ အခြေအနေက နိုင်ငံရေး အကျဉ်းသားတွေအတွက် ပိုပြီး စိုးရိမ်စရာ ဖြစ်လာတယ်လို့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေက ပြောနေကြပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းမှုနောက်ပိုင်း အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ ပါဝင်ရင်း ဖမ်းဆီး ထိန်းသိမ်းခံရသူ ၂ သောင်း ၄ ထောင်ကျော် ရှိပြီး ၂ သောင်းနီးပါး ဆက်လက် ဖမ်းဆီးခံနေရဆဲပဲလို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေ: အသင်း (AAPP) က ထုတ်ပြန်ထားပါတယ်။ သြဂုတ်လ ၁ ရက်နေ့က အကျဥ်းသား ၇,၀၀၀ လောက် ပြန်လွှတ်ပေးတဲ့အကြောင်း စစ်ကောင်စီက ကြေညာပေမဲ့ ဒီအထဲမှာ နိုင်ငံရေးအကျဥ်းသား အနည်းငယ်သာ ပါဝင်တယ်လို့ နိုင်ငံရေး အကျဥ်းသား အဖွဲ့တွေက ပြောဆိုကြပါတယ်။ စစ်ကောင်စီကတော့ AAPP ရဲ့ ထုတ်ပြန်ချက်တွေနဲ့ ပတ်သက်လို့ ချဲ့ကား ပြောဆိုမှုတွေအဖြစ် တုံ့ပြန်လေ့ ရှိပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG