သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်းစိန်ထောင်ပြောင်းမှာ နိုင်ငံရေးမှုနဲ့ ထောင်ကျနေသူတချို့ပါဝင်


ရန်ကုန်မြို့ရှိ အင်းစိန်ထောင် အဝင်တံခါးတခုကိုတွေ့ရစဉ် (ဧပြီ ၁၇၊ ၂၀၂၃)
ရန်ကုန်မြို့ရှိ အင်းစိန်ထောင် အဝင်တံခါးတခုကိုတွေ့ရစဉ် (ဧပြီ ၁၇၊ ၂၀၂၃)

အင်းစိန်ထောင်ကနေ သာယာဝတီထောင်ကို အကျဉ်းသူ/အကျဉ်းသား အယောက် ၅၀၀ကျော် ဒီကနေ့မနက်ပိုင်းမှာပြောင်းရွှေ့ခဲ့တယ်လို့ အကျဉ်းထောင်နဲ့နီးစပ်သူတဦးကပြောပါတယ်။ ထောင်ပြောင်းခံရသူတွေထဲမှာ နိုင်ငံရေးအမှုတွေနဲ့ အကျဉ်းကျနေသူ အချို့ပါဝင်သွားတယ်လို့လည်း ပြောပါတယ်။ ရန်ကုန်ကသတင်းပေးပို့ထားတာကို အခြေခံပြီး ကိုစံကျော် ကပြောပြမှာပါ။

ဒီကနေ့မနက်ပိုင်းမှာ သာယာဝတီထောင်ကို အင်းစိန်ကနေ အကျဉ်းသူ အယောက် ၃၀၀ကျော်နဲ့ အကျဉ်းသား အယောက် ၂၀၀ကျော် ပြောင်းရွှေ့ခံခဲ့ရတာမှာ နိုင်ငံရေးအမှုတွေနဲ့ အကျဉ်းကျခံနေရသူ တချို့ပါဝင်သွားတယ်လို့ အကျဉ်းထောင်နဲ့နီးစပ်သူတဦးကပြောပါတယ်။ ထောင်ပြောင်းလိုက်တဲ့ သူတွေထဲမှာရာဇဝတ်မှုနဲ့ ကျခံနေသူ အများစု ပါဝင်တယ်လို့လည်း ပြောပါတယ်။

"အကျဉ်းသူတင်မဟုတ်ဘူး အကျဉ်းသားလည်းပါတယ်။ အကျဉ်းသူက ၃၃၀၊ အကျဉ်းသားက ၂၃၅ ဦး ၅၈၅ ဦးပြောင်းတယ်။ နိုင်ငံရေးအမှုက နည်းနည်းဘဲပါမယ်။ မူးယစ်တွေများတယ်။ မထက်ထက်အောင်တို့ပါသွားတယ်။ အဲလိုနည်းနည်းတော့ပါသွားတယ်။ ပါလည်း ၁၀ဂဏန်းလောက် ပါဘဲ အများစုကမူးယစ်တွေ။ ဒီမနက်ပါသွားတာပေါ့။"

ပြောင်းရွှေ့ခံရတဲ့သူတွေထဲမှာ သတင်းထောက်တဦးဖြစ်တဲ့ မထက်ထက်အောင်လည်းပါဝင်သလို တက္ကသိုလ်ကျောင်းသားသမဂ္ဂ ကျောင်းသူ မသျှားထက်အောင်လည်းပါဝင်သွားတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။ ပြောင်းရွှေ့ခံရတဲ့ နိုင်ငံရေး ပြစ်မှုနဲ့ အကျဉ်းကျနေတဲ့သူတွေထဲမှာ စစ်ခုံးရုံးနဲ့ ပြစ်ဒဏ် ချမှတ်ခံရသူ တွေလည်း ပါဝင်တယ်လို့ အကျဉ်းထောင်နဲ့နီးစပ်သူတဦးကပြောပေမယ့် ဗွီအိုအေ အနေနဲ့သီးခြားအတည်မပြုနိုင်သေးပါဘူး။ ပြည်ထဲရေးကို ဆက်သွယ်ပေမဲ့ ဖုန်းကိုင်ဖြေကြားခြင်း မရှိပါဘူး။ အကျဉ်းထောင်နဲ့နီးစပ်သူတဦးရဲ့အပြောအရ အင်းစိန်ထောင်ထဲမှာ ပြစ်ဒဏ်ကျခံရသူတွေများလာတာမို့နယ်ပြောင်းရွှေ့တာတွေဖြစ်တယ်လို့ ဆိုပါတယ်။

ထောင်ပြောင်းတာမှာ မိသားစုကို အသိမပေးဘဲ ထောင်ပြောင်းခံလိုက်ရတာများတဲ့အတွက် မိသားစုဝင် တွေကတော့ ထောင်ပြောင်းပြီးမှသာသိရတာများပါတယ်။ ကိုဗစ်စည်းမျဉ်းစည်းကမ်းတွေကြောင့် အကျဉ်းထောင်တွေမှာ အကျဉ်းကျခံနေရသူတွေနဲ့မိသားစုတွေ တွေ့ခွင့်ကိုစစ်ကောင်စီက ပိတ်ပင်ထား တာမို့ အကျဉ်းထောင်တွေထဲမှာ အကျဉ်းသားတွေ နေထိုင်ရတဲ့ အခြေအနေအသေးစိတ်ကိုလည်း မိသားစုတွေကသိရှိရဖို့နည်းပါတယ်။

ပြန်လွတ်လာသူတွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကူညီစောင့်ရှောက်နေသူတွေကတော့ နိုင်ငံရေးပုဒ်မ တွေနဲ့ အကျဉ်းကျခံနေရသူတွေဟာ အကျဉ်းထောင်ထဲမှာကျန်းမာရေးစောင့်ရှောက်မှုမရရှိဘဲ ဖိနှိပ်မှု အမျိုးမျိုး ကြုံတွေ့နေရသလို လူ့အခွင့်အ‌ရေးဆိုးရွားစွာ
ချိုးဖောက်ခံခဲ့ရတယ်လို့ ပြောပါတယ်။ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်ကတော့ ထောင်တွေထဲ လူ့အခွင့်အရေးချိုးဖောက်ခံနေရတာတွေ ရှိနေဆဲပဲလို့ ပြောပါ တယ်။

"လူ့အခွင့်အရေးကတော့ ထောင်အသီးသီးမှာ သူတို့ကလူ့အခွင့်အရေးကို အဆိုးရွားဆုံးနဲ့အပြင်းထန်ဆုံး ချိုးဖောက်နေတဲ့အခြေအနေမျိုးပေါ့ အခုက သူတို့ကပြန်ပေးဆွဲထား တယ်။ တန်ဆာခံတွေဖြစ်တယ် ငါတို့လက်ခုပ်ထဲကရေဖြစ်တယ်ဆိုပြီး သူတို့ကိုခေါင်းထောင်ထမလာ နိုင်အောင် ဦးချိုးမယ်ရည်ရွယ်ချက်နဲ့ ထောင်ထဲမှာရှိတဲ့ ထောင်လက်စွဲဥပဒေ၊ ထောင် ဥပဒေ တို့ကိုမျက်ကွယ်ပြုပြီးသူ တို့အမိန့်ညွှန်ကြားချက်တွေနဲ့သွားနေတယ်။ ကျန်းမာရေးစောင့်ရှောက်မှုတို့ အရေးပေါ်ဆေးကုသခွင့်တို့ မရတဲ့အတွက် နိင်ငံရေးအကျဉ်းသားတွေရဲ့ အသက်အန္တရာယ်နဲ့ ကျန်းမာရေးဟာအထူးစိုးရိမ်စရာဖြစ်နေတယ်။"

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း အေအေပီပီ ထုတ်ပြန်ချက်အရ စစ်အာဏာ သိမ်းပြီးချိန်ကနေ့ မေလ ၈ ရက်နေ့အထိ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း ၂၂၀၀၀ နီးပါးရှိပြီး၊ အဲဒီထဲက အယောက် ၆၀၀၀ နီးပါး ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။ ဒီထဲမှာ သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း အယောက် ၂၀၀ နီးပါးရှိတယ်လို့ ဖော်ပြထားပါတယ်။ ဖမ်းဆီးခံ ထားရပြီး ပြန်လည်လွတ်မြောက်လာသူ အယောက် ၄၂၀၀ကျော်ရှိတယ်လို့ ဖော်ပြထားပါတယ်။ စစ်ကောင်စီ ဘက် ကတော့ ဖမ်းဆီးထား တဲ့စာရင်း၊ သေဒဏ်ကျခံရတဲ့စာရင်း တိတိကျကျ ထုတ်ပြန်တာ မရှိပါဘူး။ အေအေပီပီအဖွဲ့ရဲ့ ထုတ်ပြန်ချက်တွေကိုလည်း ချဲ့ကားဖော်ပြတာလို့ တုံ့ပြန်လေ့ ရှိပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG