သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထွက်ပြေးလာတဲ့စစ်ကောင်စီတပ်သားတွေ အိန္ဒိယအစိုးရလွှဲပြောင်း


အိန္ဒိယ-မြန်မာနယ်စပ်မှာ မြန်မာစစ်သားတွေ ထွက်ပြေးခိုလှုံလာပြီးနောက် အိန္ဒိယနယ်ခြားစောင့်စစ်သည်တဦးနယ်စပ်တတားကိုစောင့်ကြည့်စစ်ဆေးနေစဥ်။ (မတ်လ ၂၀၊ ၂၀၂၁)
အိန္ဒိယ-မြန်မာနယ်စပ်မှာ မြန်မာစစ်သားတွေ ထွက်ပြေးခိုလှုံလာပြီးနောက် အိန္ဒိယနယ်ခြားစောင့်စစ်သည်တဦးနယ်စပ်တတားကိုစောင့်ကြည့်စစ်ဆေးနေစဥ်။ (မတ်လ ၂၀၊ ၂၀၂၁)

ချင်းအမျိုးသားတပ်ဦး (CNF) နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေး (PDF) ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတို့ ရင်ဆိုင်တိုက်ပွဲတွေ ဖြစ်ပွါးခဲ့တဲ့နေနာက် အိမ်နီးချင်း အိန္ဒိယနိုင်ငံဘက်ကို ထွက်ပြေးကြတဲ့ စစ်ကောင်စီတပ်သား အယောက် ၇၀ ကျော်ကို မီဇိုရမ်ကနေ မြန်မာနိုင်ငံ ဘက်ပြန်ပို့လိုက်တယ်လို့ အိန္ဒိယဒေသတွင်း တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီအကြောင်းသတင်းပေးပို့ချက်ကို နန်းလောဝ်က တင်ပြပေးထားပါတယ်။

ရိခေါ်ဒါရ်မြို့က စစ်ကောင်စီ တပ်စခန်းတွေကို နိုဝင်ဘာ ၁၂ ရက် ညနေပိုင်းမှာ ချင်းအမျိုးသားတပ်ဦး (CNF) နဲ့ ဒေသ ကာကွယ်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခဲ့ချိန်မှာ စစ်ကောင်စီတပ်ကလူတွေ မီဇိုရမ်ဘက်ထွက်ပြေးလာကြကြောင်း ဒေသခံတဦးက ပြောပါတယ်။ အဲဒီလူတွေကို ၂ သုတ်ခွဲပြီး ပြန်ပို့ခဲ့တာဖြစ်ကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့က ကိုဆလိုင်းက ဗွီအိုအေကိုပြောပြပါတယ်။

“မြန်မာစစ်သားတွေလို့ ကျနော်ကြားတယ်။ ပထမအသုတ်ပို့တာက ၄၃ ယောက်ထင်တယ်။ ပြီး တော့ ဒုတိယအသုတ်က ၂၉ ယောက်လို့ ကျနော်ကြားရတယ်။ အဓိကကတော့ အိန္ဒိယမြန်မာ နယ်စပ် ရိခေါ်ဒါရ်မြို့မှာ ဒီ ၁၅ ရက်လောက် ထင်တယ်။ ရက်အတိ အကျတော့မသိဘူး။ (CNF) နဲ့ ပူးပေါင်းအဖွဲ့တွေ သိမ်းယူတာမှာ အဲဒီကနေ ထွက်ပြေးလာတာက ၄၃ ယောက်ပေါ့။ နောက်အဲမြို့နယ်အတွင်းမှာရှိတဲ့ စစ်စခန်းကနေလည်း ၂၉ ယောက်လောက် ထွက်ပြေးလာတယ်။ လက်နက်အပြည့်အစုံနဲ့ပေါ့နော်။”

မီဇိုရမ် ရဲချုပ် Anil Shukla (အနီဆူကလာ) ကတော့ မြန်မာနိုင်ငံ ချင်းပြည်နယ်အတွင်းက စစ်ကောင်စီတပ်စခန်း ၂ ခု ကနေ စစ်ကောင်စီ တပ်သား ၇၀ ကျော်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း မီဇိုရမ်ပြည်နယ်ထဲကို ဝင်ရောက်လာတာဖြစ်ပြီး သူတို့ကို နယ်ခြားစောင့်တပ်ကတဆင့် မြန်မာနိုင်ငံဘက်ကို လွှဲပြောင်းပေးခဲ့တယ်လို့ ပြောကြားကြောင်း အိန္ဒိယကလာတဲ့သတင်းတွေမှာ ဖော်ပြနေပါတယ်။ စစ်ပွဲတွေကြောင့် မြန်မာဘက်ကနေ ထွက်ပြေးလာကြတဲ့ ဒုက္ခသည်တွေကို အာသံအစိုးရနဲ့ ပူးပေါင်းလက်ခံခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေကို ဆေးကုပေးခဲ့ကြောင်းလည်း ပြောပါတယ်။

နိုဝင်ဘာ ၃ ရက်ကနေ ၇ ရက်အထိ စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ထဲက ခါမ်းပါတ်မြို့တိုက်ပွဲမှာ လည်း စစ်ကောင်စီတပ်သားတွေ အိန္ဒိယနိုင်ငံဘက်ကို ထွက်ပြေးခိုလှုံခဲ့တာရှိခဲ့ပြီး အဲဒီသူတွေကိုလည်း ပြီးခဲ့တဲ့ရက်ပိုင်းကပဲ အိန္ဒိယဘက်ကနေ မြန်မာနိုင်ငံဘက်ကို ပြန်ပို့ခဲ့တယ်လို့ အိန္ဒိယသတင်းတွေမှာ ဖော်ပြထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်လို့ စစ်ကောင်စီ ပြောခွင့်ရကို ဗွီအိုအေက အကြိမ်ကြိမ် ဖုံးဆက် မေးမြန်းခဲ့ပေမယ့် ပြန်လည်တုံ့ပြန် ဖြေကြားတာမရှိပါဘူး။

အခုလက်ရှိမှာတော့ မြန်မာနိုင်ငံမှာ ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်း ဒေသတကျောမှာရော စစ်ကိုင်းတိုင်း အနောက်မြောက်ပိုင်း၊ ချင်းပြည်နယ်နဲ့ ရခိုင်မြောက်ပိုင်းတွေမှာပါ တိုက်ပွဲတွေ ပြင်းထန်နေတာပါ။ စစ်ရေးပဋိပက္ခလည်း ပိုကြီးထွားလာနေတာကြောင့် ပြည်တွင်းအိုးအိမ်စွန့်ခွါထွက်ပြေးသူတွေ ပိုများလာသလို အိမ်နီးချင်းနိုင်ငံတွေဆီ နယ်စပ်ကျော်ဖြတ်ထွက်ပြေးနေရသူတွေတိုးလာနေပြီး အခုဆို အိုးအိမ်စွန့်ခွါထွက်ပြေးရတဲ့ ဒုက္ခသည်က သိန်းနဲ့ချီရှိနေတယ်လို့ ကုလသမဂ္ဂက သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG