သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယ-မြန်မာနယ်စပ် ကီလိုမီတာ ၁၀၀ အရှည် ခြံစည်းရိုး အိန္ဒိယဆောက်လုပ် 


India Myanmar
India Myanmar

အိန္ဒိယနဲ့မြန်မာနယ်စပ်မှာ ကီလိုမီတာ ၁၀၀ ရှည်လျားတဲ့ ခေတ်မီ ခြံစည်းရိုးစနစ်ကို စလုပ်နေပြီဖြစ်တယ်လို့ အိန္ဒိယ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ၂၀၂၂-၂၃ နှစ်စဥ် အစီရင်ခံစာ မှာ ဖော်ပြထားကြောင်း THE HINDU သတင်း က ဆိုပါတယ်။ ဒီ အစီရင်ခံစာကို ပြီးခဲ့တဲ့အပတ်က ထုတ်ပြန်ခဲ့တာပါ။

မေလ ၃ ရက်ကတည်းက အနည်းဆုံး လူ ၁၇၅ ယောက် သေဆုံးခဲ့ရတဲ့ မဏိပူရပြည်နယ်က လူမျိုးရေး အဓိကရုဏ်းတွေဖြစ်ရတဲ့အကြောင်းအချက်တွေထဲမှာ နယ်စပ်ပေါက်နေတာနဲ့ မြန်မာနိုင်ငံက ဝင်ရောက် လာသူတွေကို မထိန်းကွပ်နိုင်တဲ့အကြောင်းတွေလည်း ပါဝင်တယ် လို့ အစီရင်ခံစာက သုံးသပ်ထားပါတယ်။ ၂၀၂၂ ခုနှစ်အတွင်း အိန္ဒိယ အရှေ့မြောက်ပြည်နယ်တွေမှာ ပုန်ကန်မှုနဲ့ ဆက်စပ်နေတဲ့ဖြစ်ရပ် ၂၀၁ ခု ရှိခဲ့ပြီး ၁၃၇ ခု ဟာ မဏိပူရပြည်နယ်မှာဖြစ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ကသည်း၊ နာဂ၊ ကူကီးနဲ့ ဇိုမီးသူပုန်အုပ်စုတွေရဲ့ လှုပ်ရှားမှုတွေက မဏိပူရမှာ သက်ရောက်မှုရှိတယ်လို့ ဆိုပါတယ်။ အိန္ဒိယနဲ့မြန်မာကြားမှာ လွတ်လပ်စွာလှုပ်ရှား သွားလာခွင့် သဘောတူညီချက်ရှိပါတယ်။ နယ်စပ်ကနေ ၁၆ ကီလိုမီတာအတွင်း နေထိုင်ကြတဲ့သူတွေဟာ တဘက်နိုင်ငံကို နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်နဲ့ လွတ်လပ်စွာ ဖြတ်သန်းသွားလာခွင့် ရှိပါတယ်။ ဒီလက်မှတ်ကလည်း တနှစ်သက်တမ်းရှိတာပါ။

တခါဖြတ်ရင် တဘက်နိုင်ငံတွင်းမှာ ၂ ပတ်အထိနေခွင့်ရှိပါတယ်။ မဏိပူရအစိုးရက ၂၀၂၀ ကိုဗစ်ကပ်ဘေးကတည်းက ဒီ လွတ်လပ်စွာ ဖြတ်သန်းခွင့်ကို ရပ်ဆိုင်းထားခဲ့တာပါ။ ဒီ သဘောတူညီချက်ကို ဖျက်သိမ်းပြီး ခြံစည်းရိုးကိုအပြီးခတ်ဖို့ ပြည်ထဲရေးဝန်ကြီးဌာနကို တိုက်တွန်းထားကြောင်း မဏိပူရဝန်ကြီးချုပ် N. Biren Singh က စက်တင်ဘာလ ၂၃ က ပြောပါတယ်။

မြန်မာနိုင်ငံဟာ အိန္ဒိယနိုင်ငံရဲ့ အရူနာချယ်လ် ပရာဒက်ရှ် ပြည်နယ် Arunachal Pradesh နဲ့ ၅၂၀ ကီလိုမီတာ၊ နာဂ‌လင်န်း (Nagaland) ပြည်နယ်နဲ့ ၂၁၅ ကီလိုမီတာ၊ မဏိပူရနဲ့ ၃၉၈ ကီလိုမီတာ၊ မီဇိုရမ် ပြည်နယ်နဲ့ ၅၁၀ ကီလိုမီတာ စုစုပေါင်း ၁,၆၄၃ ကီလိုမီတာ နယ်စပ်ချင်း ဆက်နေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG