သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယမြန်မာနယ်စပ် လွတ်လပ်စွာ သွားလာခွင့်ဖျက်သိမ်းဖို့ မဏိပူဝန်ကြီးချုပ် တိုက်တွန်း


မဏိပူရပြည်နယ်ကလူနည်းစုတွေသတ်ဖြတ်ခံနေရတဲ့အပေါ် နယူးဒေလီမြို့မှာ ဆန့်ကျင်ဆန္ဒပြကြသူများ၊ မေ ၂၉ ၊ ၂၀၂၃
မဏိပူရပြည်နယ်ကလူနည်းစုတွေသတ်ဖြတ်ခံနေရတဲ့အပေါ် နယူးဒေလီမြို့မှာ ဆန့်ကျင်ဆန္ဒပြကြသူများ၊ မေ ၂၉ ၊ ၂၀၂၃

အိန္ဒိယမြန်မာနယ်စပ် လွတ်လပ်စွာ သွားလာခွင့်ဖျက်သိမ်းဖို့ မဏိပူဝန်ကြီးချုပ် တိုက်တွန်း

အိန္ဒိယ-မြန်မာ နယ်စပ်တလျှောက် လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့်ကို ဖျက်သိမ်းပြီး နယ်စပ်ခြံစည်းရိုး ခတ်တာကို အပြီးသတ်ဖို့ ပြည်ထောင်စုအစိုးရ ပြည်ထဲရေး ဝန်ကြီးဌာနကို တိုက်တွန်းထားကြောင်း မဏိပူရ ပြည်နယ် ဝန်ကြီးချုပ် N Biren Singh က စနေနေ့မှာ ပြောပါတယ်။

လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့်အရ အိန္ဒိယ-မြန်မာ နယ်စပ် နှစ်ဖက်အနီးမှာ နေထိုင်ကြတဲ့ လူတွေဟာ စာရွက်စာတမ်း မပါဘဲ နှစ်ဖက် နယ်စပ်ကို ၁၀ မိုင် နီးပါးအထိ ဝင်ထွက် သွားလာခွင့် ပြုထားတာပါ။ “လုံခြုံရေး တပ်ဖွဲ့ဝင်တွေက နယ်စပ်ကို စနစ်တကျ အစောင့်အကြပ် ချထားရမယ့်အစား၊ နယ်စပ်မျည်း သုညအမှတ်မှာ တပ်ဖြန့်ထားရမယ့်အစား အိန္ဒိယပိုင်နက်ထဲ ၈-၉ မိုင် လောက် အတွင်းထဲကျမှ နယ်ခြားအစောင့်ချထားတာကို တွေ့ရတယ်” လို့ မဏိပူ ဝန်ကြီးချုပ်က ပြောပါတယ်။

“တရားမ၀င် ရွှေ့ပြောင်းနေထိုင်သူတွေ” ဝင်လာမှုကို အစိုးရအနေနဲ့ ဆက်လက် ကိုင်တွယ်ဖြေရှင်းသွားမှာဖြစ်ပြီး အိန္ဒိယ-မြန်မာနယ်စပ်ကို ပြီးပြည့်စုံအောင် ကာရံထားဖို့ လိုအပ်တယ်လို့ သတင်းထောက်တွေကို မဏိပူဝန်ကြီးချုပ်က ပြောခဲ့ကြောင်း အိန္ဒိယသတင်းတွေမှာ ရေးသားကြပါတယ်။

“ပြည်ထဲရေး ဝန်ကြီးဌာနက မဏိပူရပြည်နယ်အတွင်း နိုင်ငံတကာ နယ်စပ်တလျှောက် မိုင် ၃၇ ကျော် အရှည်ရှိတဲ့ ခြံစည်းရိုးခတ်ဖို့ ပြင်ဆင်နေတယ်” လို့လည်း ဆိုပါတယ်။ မကြာသေးမီက ဖြစ်ခဲ့တဲ့ မဏိပူရပြည်နယ်အတွင်း လူမျိုးရေး ပဋိပက္ခ နောက်ကွယ်မှာ မြန်မာနိုင်ငံက တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေ ပါဝင်တယ်ဆိုပြီး စွပ်စွဲမှုတွေ ဖြစ်နေတာပါ။ အိန္ဒိယရဲ့ မဏိပူရပြည်နယ်ဟာ မြန်မာနိုင်ငံနဲ့ ၂၄၂ မိုင် နယ်နိမိတ်ချင်း ထိစပ်နေပါတယ်။

“တရားမ၀င် ရွှေ့ပြောင်းနေထိုင်သူတွေကို ကိုင်တွယ်ဖြေရှင်းဖို့၊ ပြည်တွင်း နေရပ်စွန့်ခွာရသူတွေအတွက် အကူအညီတွေ ပေးနိုင်ဖို့နဲ့ ဘိန်းစိုက်ပျိုးမှု အများအပြား ဖြစ်နေတာကို တိုက်ဖျက်ဖို့ စတဲ့ ပြည်နယ်တွင်းမှာ ဖြစ်နေတဲ့ တကယ့်ပြဿနာတွေကို အာရုံစိုက်ဖြေရှင်းဖို့ လိုတယ်”လို့ မဏိပူရပြည်နယ် ဝန်ကြီးချုပ်က ပြောပါတယ်။ လက်ရှိအခြေအနေက အရင်အစိုးရတွေရဲ့ ကြိုတင်ပြင်ဆင် မထားတဲ့ အစီအစဉ်မကျတဲ့ မူဝါဒတွေကြောင့်လို့ မဏိပူ ဝန်ကြီးချုပ်က ပြစ်တင်ပြီး လတ်တလော ဆုံးဖြတ်ချက်တွေရဲ့ လက်ငင်း အကျိုးဆက်မဟုတ်ကြောင်း အကြောင်းပြပါတယ်။

မဏိပူရပြည်နယ်ထဲမှာ လူများစု Meitei ကသည်းတွေရဲ့ အထူးအခွင့်အရေး တောင်းဆိုမှုကို ဆန့်ကျင်တဲ့အနေနဲ့ ပြီးခဲ့တဲ့ မေလ ၃ ရက်နေ့က တောင်ပေါ်ဒေသနေ လူနည်းစု လူမျိုးစုတွေက ဆန့်ကျင် ဆန္ဒပြခဲ့ပြီးနောက်ပိုင်းမှာ လူမျိုးရေး အဓိကရုဏ်းတွေ ဖြစ်ပွားနေပြီး လူ ၁၇၅ ဦးထက်မနည်း သေဆုံးကာ ရာနဲ့ချီ ဒဏ်ရာရခဲ့ပါတယ်။

Meitei ကသည်းလူမျိုးတွေက မဏိပူရပြည်နယ် လူဦးရေရဲ့ ၅၃ ရာခိုင်နှုန်းရှိပြီး အင်ဖာ(Imphal) ချိုင့်ဝှမ်းမှာ အများစု နေထိုင်ကြကာ နာဂနဲ့ ကူကီးအပါအဝင် မျိုးနွယ်စုတွေက လူဦးရေရဲ့ ၄၀ ရာခိုင်နှုန်း ရှိပြီး တောင်ပေါ်ခရိုင်တွေမှာ အများစု နေထိုင်နေကြတာပါ။ (၄)လကျော်ကြာ ခိုက်ရန်ဖြစ်ပွားမှု အကြောင်းရင်းတွေထဲမှာ သစ်တောပြုန်းတီးမှု၊ တရားမဝင် ဘိန်းစိုက်ပျိုးမှုတွေကြောင့်အပြင် မြန်မာနိုင်ငံကနေ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေကြောင့် မဏိပူ ပြည်နယ်အတွင်း ခရိုင်တချို့မှာ လူမျိုးစုတွေရဲ့ လူဦးရေ တည်ရှိမှု အချိုးအစား ပြောင်းလဲလာတာကြောင့် ဖြစ်ရတာလို့ Meitei ကသည်း အဖွဲ့တွေက စွပ်စွဲကြသလို မြန်မာနိုင်ငံဘက်ကနေ စစ်သွေးကြွတွေဆီ လက်နက်တွေ ပံ့ပိုးနေတယ်လို့လည်း စွပ်စွဲကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG