သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဏိပူရပဋိပက္ခ လူမျိုးကွဲတွေကြားဆွေးနွေးဖို့ ဗဟိုအစိုးရဖိအားပေး


မဏိပူရပြည်နယ်တွင်းအကြမ်းဖက်မှုကိုဆန့်ကျင်ကန့်ကွက်နေတဲ့ Manipur Union (ATSUM) အဖွဲ့၀င်များ၊ မေ ၃၁၊ ၂၀၂၃
မဏိပူရပြည်နယ်တွင်းအကြမ်းဖက်မှုကိုဆန့်ကျင်ကန့်ကွက်နေတဲ့ Manipur Union (ATSUM) အဖွဲ့၀င်များ၊ မေ ၃၁၊ ၂၀၂၃

မြန်မာနဲ့ နယ်ချင်းဆက် အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်အတွင်း လူများစု မဏိပူ ခေါ် ကသည်းလူမျိုးတွေနဲ့ ခရစ်ယာန်ကွတ်ကီးမျိုးနွယ်စုအကြား လူမျိုးရေးအကြမ်းဖက်မှုတွေကို ဖြေလျှော့နိုင်ဖို့ လူမျိုးကွဲအုပ်စုတွေ အကြား တွေ့ဆုံဆွေးနွေးကြစေရေးအတွက် အိန္ဒိယ ထိပ်ပိုင်းအစိုး၇တာဝန်ရှိသူတွေက မဏိပူ အာဏာပိုင်တွေကို ဖိအားပေးနေပါတယ်။ အိန္ဒိယဝန်ကြီးချုပ် Narendra Modi ဟာ မဏိပူ အစည်းအဝေးတခုကို ဦးဆောင်ပြုလုပ်ခဲ့ပြီးနောက် အခုလို တိုက်တွန်းချက်ဖြစ်လာတာပါ။

အာဏာရ BJP ပါတီ အနိုင်ရထားတဲ့ မဏိပူရပြည်နယ်မှာ ပြီးခဲ့တဲ့နှစ်လအတွင်း အကြမ်းဖက်မှုတွေကြောင့် လူ ၁၁၅ ဦးထက် မနည်းသေဆုံးပြီး ၃၀၀ လောက် ထိခိုက်ဒဏ်ရရခဲ့ပါတယ်။ လူမျိုးစုတွေအကြား ကြုံနေရတဲ့ အကျပ်အတည်းကို လူသိရှင်ကြား ဆွေးနွေးပြောဆိုမှုတွေမလုပ်တဲ့အပေါ် ဝန်ကြီးချုပ် Modi ဝေဖန်ခံနေရတာပါ။ သူဟာ အမေရိကန်နဲ့ အီဂျစ်တို့ကနေ ပြန်ရောက်ပြီး နာရီပိုင်းအတွင်းမှာပဲ တနင်းလာနေ့က အဆင့်မြင့် အစိုးရအစည်းအဝေးခေါ်ယူခဲ့ပါတယ်။

မဏိပူရပြည်နယ်အတွင်း ပုံမှန်အခြေနေတွေ ပြန်ရောက်လာရေး ဆောင်ရွက်နေကြတာတွေနဲ့ပတ်သက်လို့ အငယ်တန်းဝန်ကြီးတွေက ဝန်ကြီးချုပ် Modi ကို ရှင်းပြကြပါတယ်။အဲဒီအစိုးရအစည်းအဝေးနောက် မှာတော့ သဘောထားကွဲလွဲနေကြတဲ့ ဒေသခံလူများစုကသည်းလူမျိုးတွေနဲ့ ကွတ်ကီးလူမှုအသိုင်းအဝိုင်း အကြား သက်ဆိုင်သူအားလုံးနဲ့ ဆွေးနွေးဖို့ မဏိပူ ပြည်နယ်အစိုးရအာဏာပိုင်တွေကို ပြောလာတာပါ။

မဏိပူရပြည်နယ်တွင်း ကင်းလှည့်နေတဲ့ အိန္ဒိယတပ်သားများ၊ ဂျွန် ၂၀၊ ၂၀၂၃
မဏိပူရပြည်နယ်တွင်း ကင်းလှည့်နေတဲ့ အိန္ဒိယတပ်သားများ၊ ဂျွန် ၂၀၊ ၂၀၂၃

ပြီးခဲ့တဲ့ မေလ ၃ရက်နေ့ကတည်းကစလို့ မဏိပူရပြည်နယ်အတွင်း အကြမ်းဖက် တိုက်ခိုက်မှုတွေ မီးရှို့မှုတွေကြောင့် လူထောင်နဲ့ချီ အိုးအိမ်စွန့်ခွာပြေးကြရပါတယ်။ တိုင်းရင်းသားတွေက သူတို့နေထိုင်ရာ တောင်တန်းဒေသကို ပြည်နယ်အစိုးရက သစ်တောဧရိယာအဖြစ် သတ်မှတ်ပြဌာန်းပြီး ဘိုးဘွားပိုင် မြေတွေကို သိမ်းယူတာနဲ့ မဏိပူရ လူမျိုးတွေကို တိုင်းရင်းသားအဖြစ် သတ်မှတ်ရေး ဆောင်ရွက်မှုတွေအပေါ် ကန့်ကွက်ဆန္ဒပြရာကနေ အပြန်အလှန်အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်လာတာပါ။

ဒီလို ဆန္ဒပြပွဲတွေဖြစ်ခဲ့ပြီးနောက်မှာ ကသည်းလူမျိုး အများစုနေထိုင်ရာ အင်ဖားမြို့မှာ ကွတ်ကီးတိုင်းရင်းသားလူမျိုးအချို့ရဲ့ ဘုရားကျောင်းတွေနဲ့ နေအိမ်အချို့ မီးရှို့တာတွေ၊ ခဲနဲ့ပေါက်တာတွေ ဖြစ်ခဲ့ပြီးနောက်မှာ မိုးရေးနဲ့ ကြူရာကျန်ပူ (Churachandpur) စတဲ့ မြို့တွေမှာ အဓိကရုဏ်းတွေ ဖြစ်ပွားလာပြီး ကသည်းလူမျိုးတွေရဲ့ နေအိမ်တွေ မီးရှိုခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG