သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျိုက်မရော ချောင်းနှစ်ခွတိုက်ပွဲ ဒေသခံတချို့ထိခိုက်ဒဏ်ရာရ


ကျိုက်မရောမြို့နယ် ပျားတောင်ဒေသ ကော့ဒွန်းကျေးရွာ ကော့ပနောကျေးရွာ ဝဲငဲ့ကျေးရွာ လူနေအိမ်ထိမှန်ပျက်စီးကြောင့် တောတွင်းကျောက်ဂူတွေမှာ ခိုလှုံနေထိုင်နေကြရသူများ။ (နိုဝင်ဘာ ၃၀၊ ၂၀၂၃/Photo Crd: San Shwe Mg's fb)
ကျိုက်မရောမြို့နယ် ပျားတောင်ဒေသ ကော့ဒွန်းကျေးရွာ ကော့ပနောကျေးရွာ ဝဲငဲ့ကျေးရွာ လူနေအိမ်ထိမှန်ပျက်စီးကြောင့် တောတွင်းကျောက်ဂူတွေမှာ ခိုလှုံနေထိုင်နေကြရသူများ။ (နိုဝင်ဘာ ၃၀၊ ၂၀၂၃/Photo Crd: San Shwe Mg's fb)

ဒီဇင်ဘာလ ၃ ရက်နေ့ မနက်ပိုင်းက မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွကျေးရွာအနီးတဝိုက်မှာ နှစ်ဘက်တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က လေယာဉ်နဲ့ လက်နက်ကြီးတွေသုံးပြီး တိုက်ခိုက်နေကြောင်း ရွာခံတွေက ဗွီအိုအေကို ပြောပါတယ်။ လှကဇိုင်းရွာမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ ကိုယ်ရင်တပါးနဲ့ ၈ နှစ်အရွယ် ကလေးငယ်တဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ လှကဇိုင်းရွာခံတဦးက ပြောပါတယ်။ ဒီအကြောင်း စုံစမ်းမေးမြန်း သတင်းပေးပို့ထားပါတယ်။

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွကျေးရွာနားမှာ ဒီဇင်ဘာလ ၃ ရက် မနက် ၉ နာရီကျော်က နှစ်ဘက်တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ရွာခံတွေက ဗွီအိုအေကို ပြောပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ လေကြောင်းအသုံးပြုပြီး ပြင်းပြင်းထန်ထန် ခုခံနေတာလို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်ပြီး သိပ်မကြာခင်မှာ စစ်ကောင်စီလေယာဉ် နှစ်စင်းလာပြီး ဗုံးကြဲတယ်လို့ စစ်ရှောင်ကူညီနေတဲ့သံဃာတပါးက မိန့်ကြားပါတယ်။

“အဲ့ချောင်းနှစ်ခွမှာ တိုက်ပွဲဖြစ်တာ၊ ချောင်းနှစ်ခွနဲ့ကျောက်ကွဲကြားပေါ့၊ မယ်တယိုရွာရဲ့အရှေ့ဘက်ဖြစ်တယ်။ လေယာဉ် နှစ်စင်း ဗုံးကြဲပစ်ခတ်တာ၊ ဗုံးကြဲတာ တော်တော်ကြဲတယ်။”ဆိုပြီး မွန်ဘာသာနဲ့ ပြောသွားတာပါ။

ဒီဇင်ဘာ ၃ ရက်နေ့ ၁၂ နာရီလောက်မှာ လှကဇိုင်းကျေးရွာမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ကိုယ်ရင်တပါးနဲ့ ၈ နှစ်အရွယ် ကလေးငယ်တဦးက ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရွာခံတဦးက ဗွီအိုအေကို ပြောပါတယ်။

“၁၂ ဝန်းကျင်လောက်က ထင်တယ်။ ကလေးမလေး ထိသွားတာ၊ အမြောက်ကြီးကျတယ်ဟုတ်လား။ ဘုန်းကြီးကျောင်းနားမှာ။ ကိုယ်ရင်တပါးရယ်၊ အဲ့ဒီကလေးမလေး တယောက်ရယ် ထိသွားတယ်။ ဒဏ်ရာပြင်းထန်တယ်။”

တိုက်ပွဲတွေကြောင့် စစ်ကောင်စီဘက်က လေကြောင်းသုံးပြီး အင်အားဖြည့်တင်းထားသလို မုဒုံမြို့နယ်ဘက်ကနေလည်း စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ပစ်ခတ်တယ်လို့ ဒေသခံကပြောပါတယ်။

“အမြောက်ပစ်တာတို့ အိမ်တွေ ဘာတွေထိတာတို့ပေါ့နော် အဲ့လိုမျိုးတွေပဲ စိုးရိမ်ရတာ။ တိုက်ပွဲဖြစ်တာက အရင်ဖြစ်ပြီးမှ အမြောက်ကြီးတွေ ထပ်လှမ်းပစ်တာ။ ပြီးတော့ လေယာဉ်ကလာတာ အဲ့လိုမျိုး။ ပထမ နှစ်စီးကျတော့ လူချတဲ့ တစ်စီးရယ် ပြီးတော့ ဟယ်ရီကွပ်ပတာ တစ်စီးရယ် နောက် ပြန်သွားတယ်၊ ပြန်သွားတော့ ဂျက်လေယာဉ် တစီးထပ်လာတယ်။ လေယာဉ်လည်းကြဲသွားတယ်။”

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၀ ရက်နေ့လောာက်က မွန်ပြည်နယ် ကျိုက်မရောနဲ့ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်ကြား ချောင်းနှစ်ခွကျေးရွာတဝိုက်မှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပါဝင်တဲ့ တပ်ပေါင်းစုတွေ ပြင်းပြင်းထန်ထန်တိုက်ပွဲနေခဲ့တာ ခုချိန်ထိလည်း ကြိုကြားကြိုကြား ပစ်ခတ်နေဆဲဖြစ်ပါတယ်။

တိုက်ပွဲကြောင့် ကျေးရွာ၂၀ ထက်မနည်းက သောင်းနဲ့ချီတဲ့ ရွာသူရွာသားတွေ အိုးအိမ်စွန့်ခွာ ဘေးလွတ်ရာကို တိမ်းရှောင်နေကြပြီး နေထိုင်စားသောက်ရေး ခက်ခဲ ကြပ်တည်းနေရပါတယ်။ အဲ့ဒီကျေးရွာတွေအနက် ရွာလုံးကျွတ်ထွက်ပြေးကြတဲ့ရွာတွေရှိသလို ရွာထဲကျန်နေသူတချို့လည်း ရှိနေပါတယ်။

တိုက်ပွဲကြားမှာ အန္တရာယ်များတာကြောင့် ရွာထဲပိတ်မိနေသူတွေ ဘေးလွတ်ရာကို တိမ်းရှောင်ကြဖို့ KNLA ပါဝင်တဲ့ တပ်ပေါင်းစုတွေက သတိပေးထားတယ်လို့ ရွာခံတွေက ပြောဆိုပါတယ်။

ရွာထဲ ပိတ်မိနေသူတွေ ဒီဇင်ဘာ ၃ ရက်နေ့ အစောပိုင်းလောက်က ရေလမ်းကြောင်းကနေ စက်လှေနဲ့ ဘေးလွတ်ရာကို တိမ်းရှောင်လာကြပြီး ရွာထဲမှာ ဘုန်ကြီးနဲ့ ရွာသားတယောက်စ နှစ်ယောက်စပဲ ကျန်တယ်လို့ ဒေသခံ ဦးဇင်းတပါးက ပြောပါတယ်။

“ရွာထဲမှာတော့ ဘုန်းကြီး ၃-၄ ပါးနဲ့ ဒါကာ ၃-၄ယောက်ပဲ၊ ကျန်တဲ့လူတွေ အကုန်လုံး ထွက်ပြေးကြပြီ။ ဒါပေမယ့် လမ်းမကြီးပဲ သွားလို့မရတော့ဘူး၊ ရေလမ်းကြောင်းကနေ လှေနဲ့ ပြေးရတယ်။ ဒကာတွေအပြောအရတော့ တပ်ပေါင်းစုတွေက အင်အားအများကြီးစုထားပြီး သူတို့လည်း ဘေးလွတ်ရာကို ရှောင်ခိုင်းတယ်။ အန္တရာယ်ရှိတယ်။ ဘေးလွတ်ရာကို တိမ်းရှောင်ဖို့ သတိပေးထားတယ်ပေါ့နော်။ ကရင်တပ်ပေါင်းစုတွေလည်း ရွာထဲမှာ အိမ်တွေကြားမှာတော့ ဆိုတော့ တချို့ကျန်ရှိနေတဲ့ ရွာသားတွေ စိုးရိမ်ပြီး ရှောင်ကုန်ပြီ။ ဒီတခေါက် အကုန်ရှောင်ပြီး မပြေးတဲ့သူတွေက ဘုန်းကြီးကျောင်းမှာ ၅ ယောက် ၆ ယောက်ပဲကျန်တော့တယ်။”

လတ်တလောတိုက်ပွဲ အခြေအနေကို မေးမြန်းဖို့ နှစ်ဘက်အဖွဲ့အစည်းကို ဆက်သွယ်လို့ မရခဲ့ပါဘူး။

XS
SM
MD
LG