သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မွန်ပြည်နယ် ချောင်းနှစ်ခွတံတားအနီးတိုက်ပွဲပြင်းထန်


မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွ တံတားထိပ် ရဲကင်းလုံခြုံရေး (photo: CJ)
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွ တံတားထိပ် ရဲကင်းလုံခြုံရေး (photo: CJ)

မွန်ပြည်နယ် ချောင်းနှစ်ခွတံတားအနီးတိုက်ပွဲပြင်းထန်

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင်းမှာ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) နဲ့ PDF ပူးပေါင်း တပ်ဖွဲ့တွေ သိမ်းယူထားတဲ့ ချောင်းနှစ်ခွတံတားကို စစ်ကောင်စီဘက်က ပြန်လည် သိမ်းယူဖို့ ကြိုးစားနေသလို လေကြောင်းက ဗုံးကြဲ တိုက်ခိုက်တာတွေရှိနေပြီး နှစ်ဘက်တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ ချောင်းနှစ်ခွ တံတားကတော့ လုံးဝ ပျက်စီးပြီး အသွားအလာတွေ မရှိတော့တဲ့အကြောင်း ဗွီအိုအေ မြန်မာသတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွတံတားကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) နဲ့ PDF ပူးပေါင်း တပ်ဖွဲ့တွေက ပြီးခဲ့တဲ့ရက်ပိုင်းကပဲ သိမ်းယူခဲ့တာပါ။ စစ်ကောင်စီဘက်က အဲဒီနေရာကို ပြန်လည် သိမ်းယူနိုင်ဖို့ ကြိုးစားနေပြီး လေကြောင်းကနေ ပစ်ခတ် တိုက်ခိုက်တာတွေ ရှိတယ်လို့ PDF ပူးပေါင်း တပ်ဖွဲ့တွေက ပြောပါတယ်။ ချောင်းနှစ်ခွ တံတားကတော့ မိုင်းထိမှန်လို့ ထက်ပိုင်းကျိုးပြီး အခုအချိန်မှာ ကားတွေ သွားလာလို့ မရတော့ဘူးလို့ ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ယက် KPSN က ပြောရေးဆိုခွင့်ရှိသူ စောလေးကပေါ် က ပြောပါတယ်။

" ချောင်းနှစ်ခွ တံတားကတော့ ထက်ပိုင်း ကျိုးသွားပြီ။ ဘယ်သူမှတော့ သွားလာလို့ မရတော့ဘူး ချောင်းနှစ်ခွတံတားက ခန့်မှန်းချေက ပေပေါင်း ၁၀၀၀ ကျော်မယ်။ သူက တံတားအကြီးထဲမှာ ပါတယ်။"

နိုဝင်ဘာလ ၁၇ ရက်နေ့က ချောင်းနှစ်ခွတံတား ကျိုးသွားပြီးတဲ့နောက် နိုဝင်ဘာလ ၁၈ ရက်နေ့မှာ စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်လာခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ခေါင်းဆောင်တဦးက ပြောပါတယ်။

" ဟိုချောင်းနှစ်ခွ မြစ်ကူးတံတားကို စကစက ပြန်လည် စိုးမိုးဖို့ ထိုးစစ်ဆင်တာပေါ့နော် လေကြောင်းပစ်ကူနဲ့ရော မြေပြင်စစ်ကူနဲ့ရော ထိုးစစ်ဆင်တဲ့အခါမှာ စစ်ပွဲတွေက ဆက်တိုက်ဖြစ်နေတယ်။ ချောင်းနှစ်ခွတံတားကတော့ ကျိုးသွားတာပေါ့နော် လေကြောင်းတိုက်ခိုက်မှုက တနေကုန်နီးပါးလို့ ပြောလို့ရပါတယ်။"

ချောင်းနှစ်ခွတံတား ကျိုးသွားတာနဲ့ ပတ်သက်လို့တော့ ဘယ်သူ့ လက်ချက်ဆိုတာကို ဘယ်ဘက်ကမှ ထုတ်ဖော်ပြောဆိုတာ မရှိသေးပါဘူး။ မွန်ပြည်နယ် ကျိုက်မရောမြို့နယ်အပြင် ပဲခူးတိုင်း ရွှေကျင်တိုက်ကြီး ဘက်မှာပါ နိုဝင်ဘာလ ၁၈ ရက်နေ့ကဖြစ်ခဲ့တဲ့ လေကြောင်း တိုက်ခိုက်မှုတွေအတွင်းမှာတော့ အရပ်သားတချို့ ထိခိုက် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

KPSN က ပြောရေးဆိုခွင့်ရှိသူ စောလေးကပေါ် ကတော့ စစ်ကောင်စီတပ်တွေက အရပ်သားတွေကိုပါ မရှောင် ပစ်မှတ်ထား တိုက်ခိုက်တာလို့ ပြောပါတယ်။

"နှစ်ဘက် ထိတွေ့တိုက်ပွဲဖြစ်တဲ့အချိန်တိုင်းမှာက အရပ်သားတွေရှိတဲ့ကျေးရွာတွေကို ပစ်မှတ်ထားပြီး လုပ်ဆောင် နေတာတွေကို ဆက်တိုက်တွေ့နေရတယ်ခင်ဗျ။ လေကြောင်းတိုက်ခိုက်မှုကတော့ မွန်ပြည်နယ်ဘက်ခြမ်း နည်းနည်းပါတယ်။ ရွှေကျင်ကျောက်ကြီးဘက်ခြမ်းလည်း နှစ်ခါ လာကြဲတယ်။ လေကြောင်းတိုက်ခိုက်မှုကတော့ အကြိမ်တအားများတယ်။ လေယဉ်ကလာရင် အသံကြားရတယ်လေ၊ အခုရှိတာက လက်နက်ကြီးကျရင် ထိခိုက်ဒဏ်ရာရတာပိုများ တာပေါ့နော်"

ချောင်းနှစ်ခွတံတားမှာ စခန်းချထားတဲ့ စစ်ကောင်စီတပ်တွေကို KNLA နဲ့ PDF ပူးပေါင်း တပ်ဖွဲ့တွေက နိုဝင်ဘာလ ၁၀ ရက်နေ့ကတည်းက တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၆ ရက်ကြာ တိုက်ခိုက်ခဲ့ပြီးမှ အဲဒီနေရာကို ထိန်းချုပ်နိုင်ခဲ့တာပါ။ ဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က သေဆုံးတာတွေ များသလို လူ ၂၃ ယောက် လက်နက်ချခဲ့ကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ NUG ကလည်း သတင်း ထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီဘက်က ဒီနေရာကို ပြန်လည် ထိန်းချုပ်နိုင်ဖို့အတွက် နိုဝင်ဘာလ ၁၈ ရက်နေ့မှာ လေကြောင်းကနေပါ တိုက်ခိုက်ပြီး အပြင်းအထန် ကြိုးစားနေတာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG