သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာအပစ်ရပ်ရေး အီဂျစ်ဆွေးနွေးပွဲ သဘောတူညီချက်မရပဲ ပြီးဆုံး


ဂါဇာဒေသက စစ်ဘေးဒုက္ခသည်များ။
ဂါဇာဒေသက စစ်ဘေးဒုက္ခသည်များ။

ဆွေးနွေးပွဲစတင်ပြီး မကြာခင်မှာပဲ အစ္စရေးထိပ်တန်းအရာရှိတဦးက ဟားမတ်စ်ဟာ စစ်ပွဲလုံးဝအဆုံးသတ်ရေး တောင်းဆိုချက်ကို စွန်လွှတ်ဖို့ ငြင်းဆန်နေလို့ “သဘောတူညီချက်တရပ် ရနိုင်ခြေကို ပျက်ပြားစေတယ်” လို့ စွပ်စွဲခဲ့ပါတယ်။

ဂါဇာမှာ အစ္စရေးနဲ့ ဟားမတ်စ်ကြား အပစ်အခတ်ရပ်စဲရေး စေ့စပ်ညှိနှိုင်းမှုတွေဟာ တစုံတရာ သဘောတူညီချက်မရရှိဘဲ စနေနေ့က ပြီးဆုံးခဲ့ပါတယ်။ စနေနေ့မှာပဲ ဟားမတ်စ် ကိုယ်စားလှယ်အဖွဲ့မှာ ကိုင်ရိုမြို့ကို ရောက်ရှိလာပြီး အီဂျစ်၊ ကာတာနဲ့ အမေရိကန် ကြားဝင်စေ့စပ်ပေးသူတွေနဲ့ ဆွေးနွေးခဲ့တာပါ။ အဲဒီမှာ ရက်ပေါင်း ၄၀ ကြာ အပစ်အခတ်ရပ်စဲရေး အဆိုပြုထားပြီး အစ္စရေးက ထိန်းသိမ်းထားတဲ့ ပါလက်စတိုင်းအကျဉ်းသားတွေနဲ့ ဟားမတ်စ်က ဖမ်းထားတဲ့ ဓားစာခံတွေ လဲလှယ်ဖို့ ပါဝင်ပါတယ်။ ဟားမတ်စ်ဘက်ကတော့ ဂါဇာကမ်းမြောင်ဒေသကနေ အစ္စရေးတပ်ဖွဲ့အားလုံးကို ဆုတ်ခွာပေးပြီး စစ်ပွဲကို အပြီးအပြတ် ရပ်ဖို့ တောင်းဆိုခဲ့တာပါ။ ဒါပေမယ့် အစ္စရေးဘက်ကတော့ ဟားမတ်စ်ကို ချေမှုန်းဖို့ ကတိပြုထားပြီး ဓားစာခံတွေ လွတ်မြောက်ရေး အတွက် အပြီးတိုင် စစ်ပွဲရပ်ဖို့ သဘောတူမှာ မဟုတ်သလို ဂါဇာတောင်ပိုင်းက လက်ကျန် ရာဖာမြို့ကို ဝင်မတိုက်ဖို့ အတွက်ကိုလည်း စေ့စပ်ညှိနှိုင်းရေးရာမှာ ထည့်သွင်းဆွေးနွေးမှာ မဟုတ်ဘူးလို့ ပြောပါတယ်။ ဆွေးနွေးပွဲစတင်ပြီး မကြာခင်မှာပဲ အစ္စရေးထိပ်တန်းအရာရှိတဦးက ဟားမတ်စ်ဟာ စစ်ပွဲလုံးဝအဆုံးသတ်ရေး တောင်းဆိုချက်ကို စွန်လွှတ်ဖို့ ငြင်းဆန်နေလို့ “သဘောတူညီချက်တရပ် ရနိုင်ခြေကို ပျက်ပြားစေတယ်” လို့ စွပ်စွဲခဲ့ပါတယ်။ စနေ့နေ့ ကိုင်ရို ဆွေးနွေးပွဲကို အစ္စရေးဘက်က ကိုယ်စားလှယ်အဖွဲ့ မစေလွှတ်ခဲ့ပါဘူး။


ညှိနှိုင်းဆွေးနွေးမှုတွေနဲ့ နီးစပ်တဲ့ ဟားမတ်စ် အကြီးတန်း သတင်းရင်းမြစ်တခုက အေအက်ဖ်ပီ သတင်းကို ဒေသစံတော်ချိန် ည ပိုင်း ၉ နာရီ မထိုးခင် ပြောဆိုချက်မှာတော့ ဆွေးနွေးပွဲတွေဟာ တနင်္ဂနွေနေ့မှာ ပြန်လည်စတင်နိုင်မယ်လို့ ဆိုပါတယ်။ စနေနေ့အစောပိုင်းတုန်းကတော့ အီဂျစ်နိုင်ငံပိုင်မီဒီယာက စေ့စပ်ညှိနှိုင်းမှုတွေမှာ “သိသာထင်ရှားတဲ့တိုးတက်မှုတွေ” ရရှိခဲ့ကြောင်း ဖော်ပြခဲ့တာပါ။ ဒါပေမယ့် အသေးစိတ်ကိုတော့ မထုတ်ပြန်ပါဘူး။

တပြိုင်တည်းမှာပဲ ဂါဇာမှာ အဖမ်းခံနေရတဲ့ အစ္စရေးလ် ဓားစာခံတွေပြန်လွတ်ရေး အတွက် ချက်ချင်းအပစ်ရပ်ဖို့ ထောင်နဲ့ချီတဲ့ အစ္စရေးလူထုဟာ တဲလ်အဗစ် (Tel Aviv) မှာ စနေနေ့က ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။ တဖက်မှာလည်း သဘောထားတင်းမာတဲ့ အစ္စရေး အစိုးရ ကက်ဘိနက်အဖွဲ့ဝင်တွေက ရာဖာကို တိုက်ဖို့ ဆက်လက်တောင်းဆိုတာကြောင့် နေတန်ယာဟု အနေနဲ့ သဘောတူညီချက် တရပ် ရပ်ကို လက်ခံဖို့ အခက်အခဲရှိနေကြောင်း အစ္စရေးမီဒီယာတွေမှာ ရေးသားကြပါတယ်။

အမည်မဖော်လိုသူ အစ္စရေး အကြီးတန်း အရာရှိတဦးရဲ့ အေပီသတင်းဌာနကို ပြောဆိုချက်ထဲမှာတော့ စစ်ပွဲ အပြည့်အဝ အဆုံးသတ်နိုင်မယ့် အလားအလာကို ပယ်ချထားပြီး အီဂျစ်နယ်စပ် ဂါဇာ တောင်ပိုင်းက ရာဖာမြို့ကို မြေပြင် စစ်ဆင်ဖို့ အစ္စရေးဘက်က ဆုံးဖြတ်ထားတယ် ဆိုပါတယ်။ ဓားစာခံ ပြန်လွတ်ရေး သဘောတူညီချက် တစိတ်တပိုင်းအနေနဲ့ စစ်ပွဲကို အဆုံးသတ်ရမယ့် ဘယ်အခြေအနေမျိုး မဆို သဘောတူမှာ မဟုတ်ကြောင်း အဲဒီအရာရှိက ပြောပါတယ်။ ဒါပေမယ့် ကြားဝင်စေ့စပ်ပေးနေတဲ့ အီဂျစ်နဲ့ အမေရိကန် တာဝန်ရှိသူတွေကတော့ အပေးအယူ လုပ်နိုင်မယ့် အနေအထားရှိတယ်လို့ အစောပိုင်းက ထုတ်ဖော်ပြောဆိုတာတွေ ရှိပါတယ်။ ဟားမတ်စ်ဘက်က ဂါဇာကမ်းမြောင်ကနေ အစ္စရေးတပ်ဖွဲ့အားလုံး ဆုတ်ခွာပေးပြီး စစ်ပွဲကို အပြီးသတ်ဖို့ တောင်းဆိုထားပေမယ့် အစ္စရေးဘက်ကလည်း ဟားမတ်စ်အဖွဲ့ကို မချေမှုန်းနိုင်ဘဲ စစ်ပွဲအဆုံးသတ်ရေး လက်ခံမလားဆိုတာ အဓိကမေးခွန်း ဖြစ်နေပါတယ်။

တချိန်တည်းမှာပဲ လက်ရှိ ဂါဇာမြောက်ပိုင်းမှာ “အလုံးစုံ အငတ်ဘေးဆိုက်နေပြီ ဖြစ်ကြောင်း” ကုလသမဂ္ဂ ထိပ်တန်း အရာရှိတဦးက သတိပေးထားသလို အစ္စရေးရဲ့ အဓိက မဟာမိတ်ကလည်း ဂါဇာတဝန်းက လူပေါင်း ၁ သန်းကျော် ထွက်ပြေးခိုလှုံနေရာ ရာဖာမြို့ကို ထိုးစစ်မဆင်ဖို့ အကြိမ်ကြိမ် သတိပေးထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG