သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးထိုးစစ်ကြား ရာဖာမြို့က ထွက်ပြေးသူ ၄ သိန်းခွဲခန့် ရှိနိုင်ကြောင်း ကုလခန့်မှန်း


နေရပ်စွန့်ခွာနေကြတဲ့ ပါလက်စတိုင်းဒေသခံများ (မေ ၁၄၊ ၂၀၂၄)
နေရပ်စွန့်ခွာနေကြတဲ့ ပါလက်စတိုင်းဒေသခံများ (မေ ၁၄၊ ၂၀၂၄)

အစ္စရေးတပ်ဖွဲ့တွေရဲ့ ထိုးစစ်ဒဏ် ခံနေရတဲ့ ဂါဇာဒေသတောင်ပိုင်း Rafah မြို့ကနေ ပြီးခဲ့တဲ့ သီတင်းပတ်ထဲ စွန့်ခွာ ထွက်ပြေးတဲ့သူ ၄ သိန်းခွဲ နီးပါး ရှိမယ်လို့ ခန့်မှန်းထားကြောင်း ပါလက်စတိုင်း ဒုက္ခသည်ရေးရာ ကုလသမဂ္ဂအေဂျင်စီက ဒီကနေ့ပဲ ပြောလိုက်ပါတယ်။ အစ္စရေးနဲ့ ဟာမတ်စ် စစ်ပွဲတွေကြောင့် တိမ်းရှောင်လာသူတွေ အပါအဝင် ဂါဇာဒေသက လူဦးရေ တဝက်လောက်ဟာ Rafah မြို့မှာ ခိုလှုံနေကြတာပါ။

လူတွေဟာ ပင်ပန်းနွမ်းနယ်မှုတွေ၊ ဆာလောင်ငတ်မွတ်မှုတွေ၊ စိုးရိမ်ကြောက်ရွံ့မှုတွေနဲ့ အဆက်မပြတ် ရင်ဆိုင်နေရပြီး ဘယ်နေရာမှ လုံခြုံမှု မရှိဘူးလို့လည်း ပါလက်စတိုင်း ဒုက္ခသည်ရေးရာ ကုလသမဂ္ဂအေဂျင်စီ (UNRWA) ကပြောပါတယ်။ အမြန်ဆုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုရဖို့ပဲ မျှော်လင့်နေကြတယ် လို့လည်း ပြောပါတယ်။

ကုလသမဂ္ဂနဲ့ အမေရိကန် ပြည်ထောင်စုကတော့ Rafah မြို့မှာ အရှိန်အဟုန်အပြည့်နဲ့ စစ်ဆင်ရေး မလုပ်ဖို့ အစ္စရေးကို တိုက်တွန်းထားပြီး လူသားချင်းစာနာမှုဆိုင်ရာ ကပ်ဘေးဆိုးကြီး ကြုံရနိုင်တယ်လို့လည်း သတိပေးထား ပါတယ်။ အစ္စရေးခေါင်းဆောင်တွေ ကတော့ Rafah မြို့ဟာ ဟာမတ်စ်စစ်သွေးကြွအဖွဲ့ရဲ့ နောက်ဆုံးခြေကုတ် စခန်းဖြစ်ပြီး၊ ဂါဇာဒေသမှာ ဟာမတ်စ်ရဲ့ ခြိမ်းခြောက်မှုတွေကို အမြစ်ပြုတ် ဖယ်ရှားနိုင်အောင် စစ်ဆင်ရေးလုပ်ဖို့ မဖြစ်မနေ လိုအပ်ကြောင်း ပြောဆိုထားတာပါ။ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ (ICRC) ကတော့ Rafah မြို့မှာ အရေးပေါ်ယာယီ ကုတင် ၆၀ ဆန့် ဆေးရုံတခု ဖွင့်လှစ်လိုက်ကြောင်း ဒီကနေ့ပဲ ကြေညာခဲ့ပါတယ်။

Forum

XS
SM
MD
LG