သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ညီနောင်မဟာမိတ် ၃ ဖွဲ့နဲ့ စစ်ကောင်စီ ကူမင်းမှာ တွေ့ဆုံဆွေးနွေး


စစ်ကောင်စီ ကိုယ်စားလှယ်များနှင့် ညီနောင်မဟာမိတ်သုံးဖွဲ့တို့ မိုင်းလားမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့စဉ်။
(ဇွန် ၁၊ ၂၀၂၃)
စစ်ကောင်စီ ကိုယ်စားလှယ်များနှင့် ညီနောင်မဟာမိတ်သုံးဖွဲ့တို့ မိုင်းလားမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့စဉ်။ (ဇွန် ၁၊ ၂၀၂၃)

တရုတ်အစိုးရရဲ့ ကြားဝင်စေ့စပ်မှုအရ မြန်မာစစ်ကောင်စီနဲ့ တိုင်းရင်းသားလက်နက်ကိုင် ညီနောင်မဟာမိတ် ၃ ဖွဲ့ တို့ ကူမင်းမြို့မှာ မနေ့ကစတင် ဆွေးနွေးနေတယ်လို့ နီးစပ်သူ အသိုင်းအဝိုင်းက ပြောပါတယ်။ ဆွေးနွေးပွဲအတွင်း စစ်ရေးပဋိပက္ခတွေ ကြီးထွားနေတဲ့ ရခိုင်ပြည်နယ်က အခြေအနေလည်း ပါဝင်လိမ့်မယ်လို့ ခန့်မှန်းထားကြတာပါ။

ပြီးခဲ့တဲ့တခေါက် မတ်လတုန်းက ၄ ကြိမ်မြောက် ကူမင်းမြို့ ဆွေးနွေးပွဲမှာ နယ်စပ်ကုန်သွယ်ရေးအပါအဝင် သဘောတူမှုမရခဲ့တာတွေကို ထပ်ဆွေးနွေးမှာဖြစ်သလို၊ ရခိုင်ကစစ်ပွဲတွေဆက်ဖြစ်နေတာအတွက်လည်း AA ရခိုင့်တပ်တော်နဲ့ သီးသန့် တစ်ရက်ဆွေးနွေးဖို့ရှိတယ်လို့ နီးစပ်သူတွေကပြောပါတယ်။

ဒီနှစ်ဆန်းလုပ်ခဲ့တဲ့ ၃ ကြိမ်မြောက်ဆွေးနွေးပွဲတုန်းက ရှမ်းမြောက်ဒေသ အပစ်ရပ်ဖို့ သဘောတူနိုင်ခဲ့ပေမဲ့၊ ပြီးခဲ့တဲ့ မတ်လဆန်းပွဲမှာတော့ နယ်စပ်ကုန်သွယ်ရေးသဘောတူချက် အတိအကျမရခဲ့သလို၊ ရခိုင်အရေးသီးသန့်ဆွေးနွေးခဲ့တာလည်း အဖြေမရခဲ့ဘူးလို့ နီးစပ်သူတွေကဆိုပါတယ်။

အခုတစ်ခေါက် ၅ ကြိမ်မြောက် ကူမင်းမြို့ ဟိုင်ဂင်ဟော်တယ်မှာလုပ်တဲ့ ဒီဆွေးနွေးပွဲမှာ မြန်မာစစ်ကောင်စီဖက်က အရင်တောက်လျှောက်ဦးဆောင်ခဲ့သူ ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင် မပါဘူးလို့လည်း နီးစပ်သူတွေက ပြောပါတယ်။ အခုနောက်ဆုံးဆွေးနွေးပွဲကိုတော့ စစ်ကောင်စီရဲ့ ငြိမ်းချမ်ရေးအဖွဲ့ NSPNC အဖွဲ့ဝင်သစ်ဖြစ်သူ စစ်ဥပဒေချုပ် ဒုဗိုလ်ချုပ်ကြီး မျိုးသန့်နိုင် ဦးဆောင်တက်ရောက်နေတယ်လို့ နီးစပ်သူတွေက ဆိုပါတယ်။

AA ဘက်ကတော့ အရင်အတိုင်း ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင် ဦးဆောင်ပြီး၊ ကိုးကန့်ဘက်ကလည်း ပြင်ပဆက်ဆံရေးဌာနမှုး ဗိုလ်မှူးချုပ် ဖုန်းဝင်းနိုင် ဦးဆောင်ကာ၊ တအန်းဘက်ကတော့ ပုံမှန်တက်နေကျ PSLF/TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တာဘုန်းကျော်အစား၊ မဟာမိတ်ဆက်ဆံရေးဌာနမှုး ဒုဗိုလ်မှူးကြီး တာမိုးဟိန်း ဦးဆောင်တက်ရောက်တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

MNDAA ကိုးကန့်အဖွဲ့၊ PSLF/TNLA တအန်းအဖွဲ့နဲ့ AA တို့ပါတဲ့ ဒီ ညီနောင် ၃ ဖွဲ့နဲ့ စစ်ကောင်စီအကြားဆွေးနွေးပွဲတွေမှာ မြန်မာဆိုင်ရာ တရုတ်အစိုးရ အထူးကိုယ်စားလှယ် ပါဝင် စေ့စပ်ပေးလေ့ရှိပေမဲ့၊ ပြီးခဲ့တဲ့ AA နဲ့ သီးသန့်ပွဲမှာတော့ မပါခဲ့ဘူးလို့ နီးစပ်သူတွေက ပြောပါတယ်။ ဒါပေမဲ့ မနက်ဖြန်အထိလုပ်ဖို့ ပြင်ထားတဲ့ အခုတစ်ခေါက် ဆွေးနွေးပွဲမှာတော့ တရုတ်ဘက်အနေနဲ့ AA နဲ့ သီးသန့်ဆွေးနွေးပွဲကိုပါ အလေးထားလုပ်လာနိုင်ပုံ ထွက်နေတယ်လို့လည်း ဒီဆွေးနွေးပွဲနဲ့ နီးစပ်သူတွေက ထောက်ပြနေပါတယ်။

ဒါ့အပြင် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးသဘောတူချက်အတွက် ညီနောင် ၃ ဖွဲ့ဘက်က လျှော့ပေးမဲ့ပုံမရှိဘဲ၊ စစ်ကောင်စီဘက်က လျှော့ပေးမှသာ ဒီတစ်ခေါက်သဘောတူချက်ရနိုင်တယ်လို့လည်း စောင့်ကြည့်အကဲခတ်တွေက သုံးသပ်နေကြပါတယ် ။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG