သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံနဲ့ ကမ္ဘာတဝန်းမှာ ငြိမ်းချမ်းရေးရဖို့ ပုပ်ရဟန်းမင်းကြီး ဆုတောင်း


ဝတ်ပြုဆုတောင်းပွဲမှာတွေ့ရတဲ့ ပုပ်ရဟန်းမင်းကြီး Francis (မေ ၁၅၊ ၂၀၂၄)
ဝတ်ပြုဆုတောင်းပွဲမှာတွေ့ရတဲ့ ပုပ်ရဟန်းမင်းကြီး Francis (မေ ၁၅၊ ၂၀၂၄)

မြန်မာနိုင်ငံအပါအဝင် အရှေ့အလယ်ပိုင်းဒေသ နဲ့ ယူကရိန်းနိုင်ငံ နဲ့ ကမ္ဘာတဝန်းမှာ ငြိမ်းချမ်းရေးရဖို့ အတွက် ဆုတောင်းပေးကြဖို့ ပုပ်ရဟန်းမင်းကြီး Francis က မနေ့ မေလ ၁၅ ရက်နေ့က တိုက်တွန်းလိုက်ပါတယ်။

“ငြိမ်းချမ်းရေးအတွက် ဆုတောင်းပေးကြပါ။ ယူကရိန်းက အာဇာနည်တွေ အပါအဝင် မြန်မာ၊ ပါလက်စတိုင်း နဲ့ အစ္စရေးနိုင်ငံတွေက ပဋိပက္ခတွေ၊ စစ်ပွဲတွေအတွင်း ဒုက္ခခံစားနေရတဲ့သူတွေအားလုံးကို မမေ့ဘဲ ငြိမ်းချမ်းရေးအတွက် ဆုတောင်း ပေးကြပါလို့” ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်က ပြောကြားသွားတာပါ။

မြန်မာနိုင်ငံကို ၂၀၁၇ ခုနှစ်က သွားရောက်ခဲ့ဖူးတဲ့ ပုပ်ရဟန်းမင်းကြီး Francis ဟာ မြန်မာနိုင်ငံက စစ်ပွဲတွေကြောင့် မငြိမ်းမချမ်းဖြစ်နေတဲ့ ပြည်သူတွေအတွက် မကြာခဏ လူသိရှင်ကြား ဆုတောင်းစကား ပြောကြားလေ့ရှိပါတယ်။


ပုပ်ရဟန်းမင်းကြီး Francis က Vatican က St. Peter's ရင်ပြင်မှာ မနေ့က အပတ်စဉ် လူထုနဲ့ တွေ့ဆုံစဉ်အတွင်း အာဖဂန်နစ္စတန်နိုင်ငံက ရေကြီးမှုအတွင်း ကလေးငယ်တွေအပါအဝင် သေဆုံးသွားတဲ့သူတွေနဲ့ ရေကြီးမှုကြောင့် အိုးအိမ်တွေ ပျက်စီးဆုံးရှုံးသွားရတဲ့ အာဖဂန်ပြည်သူတွေအတွက်လည်း ဆုတောင်းပေးနေတယ်လို့လည်း ပြောလိုက်ပါတယ်။ အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ သီတင်းပတ်က ရေကြီးမှုကြောင့် လူ ၃၀၀ ကျော် သေဆုံးပြီး အိမ်ခြေ ထောင်နဲ့ချီ ထိခိုက်ပျက်စီးသွားခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ က စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ လူထုဆန္ဒပြမှုတွေဖြစ်ပေါ်ခဲ့ပြီး၊ အဲဒီကနေတဆင့် လက်နက်ကိုင် တိုက်ပွဲတွေ နိုင်ငံတဝန်းမှာဖြစ်ပွားနေတာပါ။

မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ ပဋိပက္ခတွေအတွင်း စစ်ကောင်စီရဲ့ လက်ချက်ကြောင့် သေဆုံးသူဦးရေဟာ ၅၀၉၂ ယောက် ရှိသွားပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) က ဒီနေ့ မေလ ၁၆ ရက်နေ့စွဲနဲ့ ထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီဘက်ကတော့ AAPP ရဲ့ စာရင်းတွေဟာ အမြဲတမ်းချဲ့ကားပြောဆိုနေတာသာ ဖြစ်တယ်လို့ တုံ့ပြန်လေ့ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG