သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်သမ္မတ သေဆုံးမှု ဝမ်းနည်းခြင်းအထိမ်းအမှတ် လူပေါင်းသောင်းချီတက်ရောက်


အီရန်သမ္မတ သေဆုံးမှု ဝမ်းနည်းခြင်းအထိမ်းအမှတ် Tabriz မြို့မှာကျင်းပ (မေ ၂၁၊ ၂၀၂၄)
အီရန်သမ္မတ သေဆုံးမှု ဝမ်းနည်းခြင်းအထိမ်းအမှတ် Tabriz မြို့မှာကျင်းပ (မေ ၂၁၊ ၂၀၂၄)

တနင်္ဂနွေနေ့က ရဟတ်ယာဉ်ပျက်ကျပြီး ကွယ်လွန်သွားခဲ့ကြတဲ့ အီရန်သမ္မတ Ebrahim Raisi နဲ့ သူ့ရဲ့အဖွဲ့ဝင် ၇ ဦးရဲ့ ဈာပနာကို ဝမ်းနည်း ကြေကွဲနေကြတဲ့ အီရန်ပြည်သူ သောင်းနဲ့ချီ ဒီကနေ့ စုဝေး ချီတက်ကြပါတယ်။ ကွယ်လွန်သူ သမ္မတရဲ့ ရုပ်ပုံတွေနဲ့ အီရန် အလံတွေကို ကိုင်ဆောင် ဝှေ့ယမ်းရင်း နိုင်ငံအနောက်မြောက်ပိုင်း Tabriz မြို့လယ် ရင်ပြင်မှာ စတင် စုဝေးခဲ့ကြတာပါ။

အီရန်သမ္မတ Raisi ဟာ တနင်္ဂနွေနေ့က အဲ့ဒီမြို့ကိုအသွား လမ်းမှာလေယာဉ်ပျက်ကျခဲ့တာပါ။ ပျက်ကျရတဲ့ အကြောင်းရင်းကို တော့ စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပါတယ်။ သမ္မတ Raisi ကွယ်လွန်သွားတဲ့အတွက် အီရန် အစ္စလာမ်မစ်အစိုးရက နိုင်ငံတဝန်း ဝမ်းနည်းခြင်း အထိမ်းအမှတ် ၅ ရက်ကြာ သတ်မှတ်လိုက်တဲ့ တချိန်တည်းမှာပဲ အစ္စလာမ်မစ် အစိုးရကို ဆန့်ကျင်သူ အများအပြားကတော့ ပြည်တွင်း ပြည်ပ နဲ့ လူမှုကွန်ရက်တွေပေါ်မှာ Raisi သေဆုံးတာကို ဝမ်းသာအားရ တုံ့ပြန်နေကြပါတယ်။

ဒီကနေ့ ဈာပန အခမ်းအနားကတော့ ဒီသီတင်းပတ်ထဲ ဆက်တိုက် ကျင်းပသွားမယ့် ဈာပနာ အခမ်းအနားတွေထဲက တခုပါ။ သမ္မတရဲ့ ရုပ်အလောင်းကို သူ့ဇာတိမြို့Mashhad မှာ မြှုပ်နှံမသင်္ဂြိုဟ်ခင် Qom နဲ့ Tehran မြို့တွေမှာလည်း ဈာပန အခမ်းအနားတွေ ကျင်းပသွားဖို့ ရှိနေပါတယ်။ အီရန်နဲ့ အဇာဘိုင်ဂျန် နယ်စပ်က ရေကာတာ စီမံကိန်းတခု ဖွင့်ပွဲအခမ်းအနား တက်ရောက်ပြီး ပြန်လာတဲ့ အီရန်သမ္မတနဲ့ အီရန်နိုင်ငံခြားရေး ဝန်ကြီးတို့ လိုက်ပါလာတဲ့ အဖွဲ့ဟာ မြူတွေဆိုင်းပြီး ရာသီဥတု ဆိုးရွားနေတဲ့အချိန် တောင်ထူထပ်တဲ့ နေရာတခုကို အဖြတ်မှာ ရဟတ်ယာဉ် ပျက်ကျပြီး သေဆုံးသွားခဲ့တာပါ။

သေဆုံးသွားတဲ့ သမ္မတ နေရာမှာတော့ ဒုသမ္မတ Mohammad Mokhber ကို လတ်တလော သမ္မတအဖြစ် အီရန် ဘာသာရေးဥသျှောင် Ali Khamenei ယာယီ ခန့်အပ် တာဝန်ပေးထားပါတယ်။ သမ္မတသစ် ရွေးကောက်ပွဲကိုတော့ လာမယ့် ရက်ပေါင်း ၅၀ အတွင်း ကျင်းပသွားမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG