သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်၊ မြန်မာ နယ်စပ်ကုန်သွယ်ရေး ကျဆင်း


တရုတ်ပြည်နဲ့နယ်စပ် ရှမ်းပြည်နယ်အတွင်းက မူဆယ်မြို့အနီး ကားလမ်းတခုကိုတွေ့ရစဉ် (ဇန်နဝါရီ ၁၂၊ ၂၀၁၉)
တရုတ်ပြည်နဲ့နယ်စပ် ရှမ်းပြည်နယ်အတွင်းက မူဆယ်မြို့အနီး ကားလမ်းတခုကိုတွေ့ရစဉ် (ဇန်နဝါရီ ၁၂၊ ၂၀၁၉)

တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးဟာ ဒီနှစ်ဘဏ္ဍာနှစ် ပထမ ၃ လပတ်မှာ အမေရိကန်ဒေါ်လာ ၁၂၇ သန်းကျော် ကျဆင်းသွားကြောင်း တရားဝင်ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေက ဖော်ပြပါတယ်။ ပြီးခဲ့တဲ့ဘဏ္ဍာနှစ်က ကုန်သွယ်မှုပမာဏ ၄၀၇ သန်းကျော် ရှိခဲ့ရာက၊ ဒီနှစ်မှာ သန်း ၂၈၀ ကျော်သာ ရှိခဲ့ကြောင်း စစ်ကောင်စီ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ကိန်းဂဏန်းတွေကို ကိုးကားပြီး နိုင်ငံပိုင်သတင်းတွေမှာ ဖော်ပြခဲ့တာပါ။

တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးစခန်းတွေထဲက အဓိကစခန်းတွေဖြစ်တဲ့ မူဆယ်၊ လွယ်ဂျယ်နဲ့ ချင်းရွှေဟော်ကို မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့ ဖြစ်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ သိမ်းပိုက်ပြီး စစ်ကောင်စီဘက်က နှစ်နိုင်ငံ ကုန်သွယ်ရေးအခြေအနေ ထုတ်ပြန်တာ ဖြစ်ပါတယ်။

နှစ်နိုင်ငံနယ်ခြားမှာ မူဆယ်၊ လွယ်ဂျယ်၊ ကံပိုင်တည်၊ ချင်းရွှေဟော်၊ ကျိုင်းတုံ စတဲ့ နယ်စပ်ဂိတ်တွေကနေ ကုန်စည်တွေ အဓိက ဖြတ်သန်းနေပြီး ပြီးခဲ့တဲ့ လပိုင်းတွေကစလို့ ကုန်သွယ်ရေး ဂိတ်တွေကို ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နဲ့ ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့က ထိန်းချုပ်လာခဲ့ပါတယ်။

တရုတ်ရဲ့ စေ့စပ်ပေးမှုနဲ့ အပစ်အခတ်ရပ်စဲပြီး နယ်စပ်ဂိတ်တချို့ကို ပြန်ဖွင့်ခဲ့ပေမဲ့ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းတွေလည်း အပြည့်အ၀ ပြန်လည် လည်ပတ်နိုင်တာမျိုး မရှိသေးတဲ့အကြောင်း နယ်စပ် စီးပွားရေးလုပ်ငန်းရှင်တွေက VOA ကို ပြောပါတယ်။ တရုတ်အစိုးရဘက်ကတော့ အထူးသဖြင့် ယူနန်ပြည်နယ်နဲ့ ဆက်စပ်နေတဲ့ နယ်စပ်ဂိတ်တွေ ပုံမှန် ပြန်ဖွင့်နိုင်ရေးနဲ့ နယ်စပ် တည်ငြိမ်ရေးအတွက် စစ်ကောင်စီနဲ့ တိုင်းရင်းသားအဖွဲ့တွေကို ဖိအားပေး ပြောဆိုနေပါတယ်။

ဒီအတောအတွင်း ပြီးခဲ့တဲ့ မေလ ၁၄ ရက်နဲ့ ၁၅ ရက်တို့မှာ မြန်မာစစ်ကောင်စီနဲ့ တိုင်းရင်းသား လက်နက်ကိုင် မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့တို့ တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ တွေ့ဆုံခဲ့ကြပေမဲ့ ရလဒ် တစုံတရာမထွက်ဘဲ ပြီးဆုံးသွားတယ်လို့ နီးစပ်သူတွေက ဗွီအိုအေကို ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG